backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Watermelon (ဖရဲသီး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Watermelon (ဖရဲသီး)

နွေပူပူမှာ စားလေ့ရှိတဲ့ Watermelon (ဖရဲသီး) လေး အကြောင်း ပြောပြပေးချင်ပါတယ်။

ဖရဲသီး (Watermelon)

တောင်အာဖရိကမျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်က အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း နဲ့ တရုတ်နိုင်ငံတွေမှာ စတင်စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဖရဲသီးကို ကမ္ဘာတလွှားမှာစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ဖရဲသီးက အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပါတယ်။ အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုးပါ။ နွားနို့၊သကြားတို့နဲ့လည်းဖျော်သောက်လို့ရပါတယ်။ ဖရဲသီးက မှည့်လာလေလေ Beta-carotene နဲ့ lycopene တို့ပါဝင်မှုများလေလေပါ။

ဖရဲသီးက ဘယ်လိုအာဟာရတွေရရှိနိုင်လဲ

ဖရဲသီးမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ၊သတ္တုဓါတ်တွေနဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဖရဲသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓါတ်၊ ပရိုတင်း နဲ့ ပိုတက်ဆီယမ်တု့ိပါဝင်နေပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ ဗီတာမင် A၊ ဗီတာမင် B6၊ နီကာဆင်၊ သီရာမင်းနဲ့ ကာရိုတီးနွိုက်တို့လည်းပါဝင်နေပါတယ်။

ဖရဲသီးကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

ဖရဲသီးက အချိုတည်းဖို့သက်သက်ပဲအသုံးဝင်တာမဟုတ်ဘဲ ခန္ဓါကိုယ်ကျန်းမာဖို့အတွက်လည်းတော်တော်လေးအသုံးဝင်ပါတယ်။ ဖရဲသီးစားရင် ခန္ဓါကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလဲဆိုတာကိုတော့အောက်မှာဆက်ကြည့်လိုက်ရအောင်ပါ။

ကျောက်ကပ်ဝေဒနာကို သက်သာစေနိုင်ပါတယ်

ဖရဲသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပေးပါတယ်။ သွေးထဲမှာ ယူရစ်အက်ဆစ်ပါဝင်မှုကိုလျှော့ချပေးနိုင်တာကြောင့်ကျောက်ကပ် ပျက်စီးနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးက ဆီးရွှင်စေနိုင်တာကြောင့်ကျောက်ကပ်ထဲကအဆိပ်အတောက်တွေကိုဆီးကနေတဆင့် ခန္ဓါကိုယ်ပြင်ပကိုစွန့်ထုတ်ပေးပါတယ်။ ဖရဲသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့်ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။

အပူလျှပ်ခြင်း

ဖရဲသီးက ခန္ဓါကိုယ်အပူချိန်ကို ကျဆင်းစေနိုင်သလိုသွေးပေါင်ချိန်ကိုလည်းကျဆင်းစေနိုင်ပါတယ်။ အပူပိုင်းဒေသတွေမှာဆိုရင်နွေရာသီလိုပူပြင်းတဲ့နေခင်းဘက်တွေမှာ အပူလျှပ်တာမျိုးမဖြစ်စေဖို့ ဖရဲသီးကိုစားသုံးကြပါတယ်။ ဖရဲသီးမှာရေဓါတ်များစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုလည်းရေဓါတ်ပြည့်ဝနေစေမှာပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

ဖရဲသီးမှာ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေအပေါ်မှာ သက်ရောက်နေတဲ့ တင်းအားတွေကိုလျော့ပါးသက်သာစေနိုင်ပြီးသွေးတွေစီးဆင်းအောင်လှုံ့ဆော်ပေးနိုင်တာကြောင့် နှလုံးသွေးကြောစနစ်ပေါ်သက်ရောက်တဲ့ ဖိအားတွေကိုလျော့ပါးသက်သာစေပါတယ်။ ဖရဲသီးမှာပါတဲ့ ကာရိုတီးနွိုက်ကသွေးကြောနံရံတွေတောင့်တင်းတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်သလိုသွေးတိုးတာနဲ့သွေးခဲတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

ဖရဲသီးမှာ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ lycopene နဲ့ carotenoid phytonutrientsဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ lycopene က ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။

ဆီးချိုကို ထိန်းညှိပေးနိုင်တယ်

အချိုဓါတ်၊ကစီဓါတ်တို့နဲ့မတည့်တဲ့ ဆီးချိုသမားတွေအနေနဲ့ ဖရဲသီးစားသုံးပေးနိုင်ပါတယ်။ ဖရဲသီးက ချိုပေမယ့် ကယ်လိုရီပါဝင်မှုကတော်တော်လေးနည်းပါတယ်။ ဖရဲသီးမှာ အဓိကပါဝင်ဖွဲ့စည်းထားတာကရေဓါတ်ဖြစ်တာကြောင့် ဆီးချိုသမားတွေစားသုံးဖို့ သင့်တော်တဲ့အစားအသောက်ပါ။ ဒါ့အပြင် ဖရဲသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ် တို့လိုမျိုး ဗီတာမင်တွေ သတ္တုဓါတ်တွေက အင်ဆူလင်ကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပေးပါတယ်။

နှလုံးကျန်းမာစေတယ်

ဖရဲသီးမှာပါတဲ့ lypocene က နှလုံးလုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့အရွယ်မတိုင်ခင်အိုမင်းတာကို တိုက်ဖျက်ပေးနိုင်တဲ့ Beta-carotene က ငယ်ရွယ်တဲ့အရွယ်မှာ နှလုံးကျန်းမာစေနိုင်သလို အသက်အရွယ်ရလာတာကြောင့်ဖြစ်လာတဲ့ နှလုံးပြဿနာတွေကိုလည်းလျော့ပါးသက်သာစေ နိုင်ပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် C၊ ကာရိုတီးနွိုက် နဲ့ ပိုတက်ဆီယမ်တို့ကသွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီး ရုတ်တရက် နှလုံးဖောက်တာတွေမဖြစ်အောင်ကာကွယ်ပေးပါသေးတယ်။

အမြင်အာရုံပျက်စီးမှုကို ကာကွယ်ပေးတယ်

ဖရဲသီးစားပေးရင် မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံထိခိုက်မှာကို စိုးရိမ်စရာသိပ်မလိုတော့ပါဘူး။ ဖရဲသီးမှာပါတဲ့ beta-carotene၊ ဗီတာမင် C၊ lutein နဲ့ zeaxanthin တို့ကမျက်လုံးနဲ့အမြင်အာရုံထိခိုက်ပျက်စီးတာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံထိခိုက်ပျက်စီးတာနဲ့ မျက်လုံးရေတိမ်ဖြစ်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ရောင်ရမ်းတာတွေကိုလျော့ပါးသက်သာစေပြီးOxidative Stressတွေကိုလျော့ကျစေပါတယ်

ရောင်ရမ်းမှုတွေက နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပါ။ ဖရဲသီးက နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပြီးoxidative damageဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။

ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်

ဖရဲသီးမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ Citrulline က ကြွက်သားနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

အားကစားသမားတွေအနေနဲ့လည်း ဖရဲသီးဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် ကြွက်သားနာကျင်တာကိုသက်သာစေနိုင်မှာဖြစ်သလို နှလုံးခုန်မြန်တာကိုလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

အသားအရေနဲ့ဆံသားကိုကောင်းမွန်စေပါတယ်

ဖရဲသီးမှာပါတဲ့ ဗီတာမင်တွေဖြစ်ကြတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ကအရေပြားနဲ့ဆံသားကျန်းမာရေးအတွက် အရေးပါပါတယ်။ ဗီတာမင် C ကခန္ဓါကိုယ်ကကော်လာဂျင်တွေထွက်လာအောင်လုပ်ဆောင်ပေးပြီး အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ ဖရဲသီးမှာပါတဲ့ ဗီတာမင် A က အသားအရေခြောက်သွေ့တာတွေ အဖတ်လန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။နေလောင်ဒဏ်ကြောင့်အရေပြားပျက်စီးတာကိုလည်း သက်သာစေနိုင်ပါတယ်။

အစာကြေစေနိုင်တယ်

ဖရဲသီးမှာရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓါတ်လည်းပါဝင်နေပါတယ်။ ဒီဓါတ်နှစ်ခုစလုံးက ကျန်းမာတဲ့ အစာချေစနစ်ဖြစ်ဖို့အတွက် အရေးပါတဲ့ ဓါတ်တွေပါ။ အမျှင်ဓါတ်က ဝမ်းပျော့ပျော့သွားစေနိုင်သလို အစာချေလမ်းကြောင်း လှုပ်ရှားမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

ခန္ဓါကိုယ်အဆီကိုလျော့ကျစေနိုင်ပါတယ်

ဖရဲသီးမှာပါတဲ့citrulline ကခန္ဓါကိုယ်ရဲ့ အဆီဆဲလ်တွေထဲမှာ အဆီတွေစုပုံနေမှုကိုလျှော့ချပေးနိုင်ပါတယ်။citrulline က အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီးကျောက်ကပ်တွေကိုလည်း ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကပါဘူးcitrulline ကခန္ဓါကိုယ်ရဲ့ အဆီဆဲလ်တွေကို အဆီထုတ်လုပ်မှုနည်းသွားအောင်လုပ်ဆောင်ပေးပြီး ကိုယ်တွင်းမှာအဆီစုပုံတာတွေမဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

သတိထားရမယ့်အချက်တွေ

ဖရဲသီးက ကျန်းမာရေးအတွက်တော်တော်လေးကောင်းတယ်ဆိုပေမယ့် အများကြီးစားရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ အချို့သောဗီတာမင်တွေအရမ်းများလာတဲ့အခါနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဗီတာမင် C ကိုအများကြီးစားသုံးမိမယ်ဆိုရင် ဝမ်းလျှောတာ၊ အစာအိမ်အူလမ်းကြောင်းမှာ မအီမသာဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။

ဖရဲသီးကိုနေ့တိုင်းအများကြီးစားမယ်ဆိုရင် ခန္ဓါကိုယ်ထဲမှာ ပိုက်ဆီယမ် နဲ့ lycopene အရမ်းများပြီး မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ၊ အစာမကြေတာနဲ့လေပွတာတွေဖြစ်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement