ရှားစောင်းလက်ပပ်ထဲမှာ ပါတဲ့ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာရောဂါအချို့နဲ့ နှလုံးရောဂါကို အတိုင်းအတာတစ်ခုထိ တားဆီးပေးနိုင်ပြီး ကိုယ်တွင်းရောင်ရမ်းမှုကိုအနည်းငယ်သက်သာ အောင်လုပ်ပေးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ ပိုးမွှားတချို့ မပွားလာအောင်လည်း ရှားစောင်းလက်ပပ်က တားဆီးပေးနိုင်ပါသေးတယ်။
၂။ သွေးတွင်း သကြားဓာတ် ကျစေတယ်
တစ်ရက်ကို ရှားစောင်းလက်ပပ် အရည် စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက် သောက်ပေးရင် အမျိုးအစား (၂) ဆီးချိုဖြစ်နေသူတွေမှာ သွေးတွင်းအချိုဓာတ်ကျသွားအောင် လုပ်ပေးနိုင်စွမ်းရှိတာကို လေ့လာတွေ့ရှိထား ပါတယ်။ ဒါ့ကြောင့် အနာဂတ်ဆီးချိုရောဂါကုသဖို့ ဆေးတွေထုတ်လုပ်ရာမှာ ရှားစောင်းလက်ပပ်က အရေးပါတဲ့နေရာက ပါဝင်လာမယ်လို့ ယူဆကြပါတယ်။ တစ်ခုရှိတာက ရောဂါမရှိတဲ့သူတွေစားသုံးမိရင်တော့ သွေးတွင်းအချိုဓာတ်အရမ်းကျဆင်းသွားပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကို သတိပြုရပါမယ်။
၃။ အရေပြားအတွက်လည်း သုံးနိုင်တယ်
ဒါကတော့ လူအတော်များများ သိပြီးသားအချက်ဖြစ်မှာပါ၊ အခုခေတ်ထုတ်လုပ်တဲ့ အလှကုန်တွေမှာလည်း ရှားစောင်းလက်ပပ်ကို ထည့်သွင်းထုတ်လုပ်လာကြတာ တွေ့ရပါတယ်။ ရှားစောင်းလက်ပပ်အပင်မှာ ရေဓာတ်အများကြီးသိုလှောင်ထားသလို အစိုဓာတ်ကိုထိန်းပေးနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ရှားစောင်းလက်ပပ်ပင်ကို သဘာ၀ အစိုဓါတ်ထိန်းပစ္စည်းလို့ဆိုရင် လွန်မယ်မထင်ပါဘူး။ နောက်ပြီး ရှားစောင်းလက်ပပ်ကို အရေပြားပေါ် မှန်မှန်လိမ်းပေးရင် collagen (ကော်လာဂျင်) ပိုထွက်ရှိအောင် အားပေးတာကြောင့် အရေပြားပေါ်က အရေးအကြောင်းတွေကို လျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုအတည်ပြုဖို့ ကျယ်ကျယ်ပြန်ပြန့် သုတေသနပြုလုပ်မှုတွေ လိုအပ်ပါသေးတယ်။
၄။ မီးလောင်ဒဏ်ရာတွေကို သက်သာစေတယ်
ဒါလည်း ရိုးရာဆေးကုသနည်းတစ်မျိုးပါ။ ရှားစောင်းလက်ပပ်ကို မစားသုံးဘဲ အရေပြားပေါ်ပွတ်လိုက်ခြင်းက အသားအရေလှပစေတဲ့အပြင် နေလောင်ဒဏ်၊ မီးလောင်ဒဏ်ရာ၊ နဲ့အရေပြား အနာတချို့ကိုပါ သက်သာ စေတာကြောင့် ဟိုးအရင်ကတည်းက အာရှတိုက်နိုင်ငံတချို့နဲ့ အီဂျစ်နိုင်ငံမှာ ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့တဲ့ သက်သေတွေရှိပါတယ်။
၅။ သွားပြဿနာတွေကိုလည်း သက်သာစေတယ်
အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွားပိုးစားခြင်းနဲ့ သွားဖုံးပြဿနာတချို့ကို ရှားစောင်းလက်ပပ်က လျှော့ချပေးနိုင်ပါတယ်။ သွားအပေါ်လွှာမှာ ဖြစ်လာတဲ့ bacterial biofilm တွေကနေ သွားနဲ့သွားဖုံးပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ရှားစောင်းလက်ပပ်အရည်နဲ့ မှန်မှန်ပလုပ်ကျင်းပေးရင် bacterial biofilm တွေဖြစ်ပေါ်စေတဲ့ Streptococcus mutans နဲ့ Candida albicans ပိုးတွေကိုသေစေတာကြောင့် သွားကျန်းမာ ရေးအတွက် အကျိုးရှိစေမှာပါ။
ဒါတွေက ရှားစောင်းလက်ပပ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတချို့ဖြစ်ပါတယ်။ သုတေသနတွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်နေသေးပေမဲ့ ရှားစောင်းလက်ပပ်မှာ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေလည်းရှိသေးတာကိုတွေ့ရှိရပါတယ်။ အရေပြားနဲ့အလှအပဆိုင်ရာ အတွက်ရှားစောင်းလက်ပပ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး နောက်မကြာခင်အချိန်မှာလည်း တခြားရောဂါတွေအတွက် ရှားစောင်းလက်ပပ်ကထုတ်တဲ့ ဆေးဝါးတွေထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။
ဘေးထွက်ဆိုးကျိုးများ
ရှားစောင်းလက်ပပ်က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ရှားစောင်းလက်ပပ်ကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။
သတိပြုရန် အချက်များ
- နို့စို့ကလေးတွေ နဲ့ ကလေးငယ်လေးတွေကို မကျွေးသင့်ပါဘူး။ ဆီးချိုရောဂါရှိတာကြောင့် ဆေးသောက်နေရသူတွေလည်း ဆေးသောက်ချိန်နဲ့ နီးနီး အသုံးမပြုသင့်ပါဘူး။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။
ရေးသားသူ – Dr. Htoo Tint
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။