backup og meta

အရက် သောက်မယ်ဆိုရင်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက် သောက်မယ်ဆိုရင်

    အခုနောက်ပိုင်း မှာ အရက် ကို လူကြီး၊ လူငယ်မရွေး သောက်လာကြတာကို ပိုပြီးတွေ့ရပါတယ်။ လူငယ်တွေမှာဆိုရင် ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေပါမကျန်  နောက်ပိုင်းမှာ အရက်ကို ဘား၊ ကလပ်တွေသွားပြီး ခေတ်မီအောင်ဆိုပြီး သောက်ကြတာ၊ အသည်းကွဲလို့သောက်တာ၊ စိတ်ညစ်လို့ သောက်တာ၊ ကြိုက်လို့သောက်တာ၊ သူငယ်ချင်းတွေ ခေါ်လို့ သောက်တာ စတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ သောက်လာကြပါတယ်။

    စာရေးသူကလည်း အရက်သောက်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာ အသက်အန္တရာယ်နဲ့ လူငယ်တွေရဲ့ ဘဝကိုပါ ပျက်စီးစေတဲ့အထိဖြစ်စေနိုင်တဲ့အတွက် အရက် သောက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုတွေ ဖြစ်တတ်တယ် ဆိုတာလေးတွေကို သိထားပြီး အလွန်အကျွံမဖြစ်စေဖို့နဲ့ ကျန်းမာရေးမထိခိုက်မိစေဖို့အတွက် အရက်သောက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

    အရက် သောက်မယ်ဆိုရင်

    အရက် သောက်မယ်ဆိုရင် ဒါတွေ ဖြစ်တတ်တယ်ဆိုတာ သိပြီးပြီလား……

    ၁။ ဦးနှောက်ထိခိုက်မယ်။

    အရက်သောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာတင် အရက်က ဦးနှောက်ဆီကို တိုက်ရိုက်ရောက်သွားနိုင်ပါတယ်။ သင့်ရဲ့ ဦးနှောက်ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှေးကွေးစေနိုင်ပြီး သင့်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေပါတယ်။ အဲဒီအခါမှာ ရီဝေ၀ေဖြစ်လာပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ သေသေချာချာ မတွေးခေါ်နိုင်တော့ဘူးပေါ့။ ဒါ့ကြောင့် လူငယ်တွေမှာ ခိုက်ရန်ဖြစ်ပွားတာတွေ၊ မူးယစ်ဆေးနဲ့ အခြားပြသနာတွေပိုပြီး ဖြစ်လာတာကို တွေ့ရပါတယ်။

    လုံး၀ မသိတော့အောင် သောက်မိတဲ့အခါမှာ အသက်ဆုံးရှုံးတဲ့အထိ၊ ဘဝပျက်သွားတဲ့အထိ ဖြစ်ခဲ့တာတွေလည်း အများကြီးရှိတဲ့အတွက် သတိထားပြီးသောက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် အရက်ကို အများကြီး၊ အကြာကြီးသောက်တဲ့သူတွေမှာ ဆိုရင် ဦးနှောက်က ကျုံ့သွားတဲ့အတွက် သင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်တဲ့ စွမ်းရည်တွေ လျော့ကျသွားစေနိုင်ပါတယ်။

    ၂။ အရေပြားတွေနီမြန်းလာမယ်၊ ခန္ဓာကိုယ်အပူချိန် ပြောင်းလဲလာမယ်။

    အရက်သောက်လိုက်ရင် သင့်ရဲ့ သွေးကြောလေးတွေက ပိုကျယ်လာပြီး သင့်ရဲ့ အရေပြားဆီကို သွေးတွေ အများကြီးရောက်အောင် ပို့ပေးလိုက်တဲ့အတွက် မျက်နှာ၊ လက်စတဲ့ နေရာတွေမှာ နီမြန်းလာပြီး တစ်ကိုယ်လုံး ပူလာသလို ခံစားချက်တွေ ဖြစ်လာစေမှာပါ။ သွေးကြောလေးတွေအပေါ် သက်ရောက်မှုရှိစေတဲ့အတွက် ကြာတဲ့အခါမှာ သွေးတိုးခြင်း၊ နှလုံးထိခိုက်ခြင်း စတဲ့ ကျန်းမာရေးနောက်ဆက်တွဲတွေ လည်း ဖြစ်စေပါတယ်။

    ၃။ အစာအိမ်ထိခိုက်မယ်။

    အရက်သောက်တဲ့အခါမှာ အစာအိမ်ထဲမှာ အက်ဆစ်ဓါတ်တွေ ပိုများလာနိုင်ပြီး ပျို့အန်ခြင်း ၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း စတာတွေကို ဖြစ်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို သွားပြီး လှုံ့ဆော်နိုင်တဲ့အတွက် အချို့သူတွေမှာ ဝမ်းလျှောတတ်ပါတယ်။ ကြာရှည်သောက်တဲ့ သူတွေမှာဆိုရင် အစာအိမ်မှာ အနာတွေ ဖြစ်စေနိုင်တဲ့ အထိ ဆိုးရွားစေပါတယ်။

    ၄။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းမရနိုင်ဘူး။

    လူငယ်တစ်ချို့က အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်တယ်၊ တစ်ခုခုကို စဉ်းစားနေမိတယ်ဆိုရင် မြန်မြန် အိပ်ပျော်သွားအောင် အရက်သောက်လိုက်မယ်ဆိုပြီး စဉ်းစားလေ့ရှိကြပါတယ်။ အရက်ဟာ သင့်ရဲ့ ဦးနှောက်ဆဲလ်လေးတွေအပေါ် သက်ရောက်မှုရှိစေတဲ့ အတွက် သင့်ကို အိပ်ငိုက်စေပြီး အမြန်အိပ်ပျော်စေကောင်း အိပ်ပျော်စေနိုင်မှာပါ။

    ဒါပေမယ့် ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးကို ရစေမှာ မဟုတ်ဘဲ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ အိပ်မက်ဆိုးတွေ၊ မရေမရာ အိပ်မက်တွေပိုပြီး မက်စေနိုင်ပါတယ်။ သင့်ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အားအင်ဖြစ်စေနိုင်တဲ့ ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးမရတဲ့အတွက် နောက်တစ်နေ့မှာလည်း ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပါတယ်။

    ၅။ နောက်တစ်နေ့နိုးထလာတဲ့အခါ မအီမသာ ဖြစ်နေမယ်။

    အရက် သောက်မယ်ဆိုရင် ကောင်းကောင်း အိပ်မရရုံနဲ့ မပြီးတဲ့အပြင် နောက်တစ်နေ့မှာ hangover effect လည်းရစေနိုင်ပါသေးတယ်။ မနေ့က အရက်သောက်ထားတဲ့ အရှိန်ကြောင့် သင့်ရဲ့ ဦးနှောက်သွေးကြောလေးတွေ ကျယ်နေမယ်၊ ရေဓာတ်ခမ်းခြောက်နေမယ်။ အဲဒီအချက်တွေက ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ အစာအိမ်ကလည်း အဆိပ်အတောက်တွေနဲ့ များလာတဲ့ အက်ဆစ်တွေကို ဖယ်ထုတ်ပစ်ချင်တဲ့အတွက် ပျို့အန်မယ်။

    အဲ့ဒီအပြင် အချိုဓာတ်လည်း အလုံအလောက် မထုတ်ပေးနိုင်တဲ့အတွက် အားနည်းတာ၊ နုံးချိနေတာတွေ ဖြစ်လာပါမယ်။ အရက်သောက်ခြင်းဟာ ကိုယ်ခံအားစနစ်ကိုလည်း လျော့နည်းစေတဲ့အတွက် အရက်သောက်ပြီး နောက်တစ်နေ့မှာ နေမကောင်းပိုဖြစ်နိုင်ပါတယ်။

    အသည်းကွဲလို့သောက်တယ်၊ စိတ်ညစ်လို့သောက်တယ်ဆိုတဲ့ သူတွေအတွက် အရက်သောက်ပြီးတဲ့အခါ နောက်နေ့မှာ စိတ်ညစ်စရာတွေ၊ ပြသနာတွေက မပြီးသွားတဲ့အပြင် ခေါင်းကိုက်၊ ဖျားနာ၊ ပျို့အန်၊ ရင်ပူတဲ့ ပြသနာတွေပါ ပိုးတိုးလာစေမှာပါ။

    ၆။ အရိုးကို ထိခိုက်မယ်။

    အရက်ကို အများကြီး အကြာကြီးသောက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲနဲ့ ကယ်ဆီယမ်ဓါတ်တွေ ဆုံးရှုံးတာကြောင့် အရိုးတွေက ပါးလာပြီး osteoporosis လို့ခေါ်တဲ့ အရိုးပွရောဂါကို ဖြစ်လာစေပါတယ်။

    ၇။ အသည်းကို ထိခိုက်မယ်။

    နောက်ထပ် အရက်ကိုစွဲပြီးသောက်သုံးခြင်းဟာ အဓိက အရက်ရဲ့ အဆိပ်အတောက်တွေကို ဖျက်ဆီးပေးရဲ့ တဲ့ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးဖြစ်တဲ့ အသည်းမှာ အဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း တွေလည်း ဖြစ်စေနိုင်ပါတယ်။

    အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို သိပြီး အများကြီး၊ မကြာခဏ အလွန်အကျွံ မသောက်မိစေဖို့ သတိပေးချင်ပါတယ်။ ကျန်းမာကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement