backup og meta

သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု

    သွေးတိုး ပြီ ဆိုရင်လေ သိပ်ပြီး အိပ်လို့ကောင်းတာနော်။ ခေါင်းထိုးမယ်၊ မူးပြီး အိပ်ပျော်သွားတယ်၊ မျက်နှာတွေ မို့အစ်နေမယ်။ ဒီလောက်နဲ့ ပြီးသွားပြီ ထင်ပါသလား။

    သွေးတိုးပြင်းရင် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်၊ သွေးတိုး ဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပဲ သိထားတာ များတယ်။

    သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု

    ဒါပေမယ့် ကြောက်စရာကောင်းတဲ့ တခြားထိခိုက်မှုတွေ၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်သေးတယ်ဆိုတာ သိထားစေချင်ပါတယ်နော်…

    (၁) သွေးကြော ထိခိုက်ပျက်စီးခြင်း

    သွေးကြော တွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ် နဲ့ နှလုံး ဆီကနေ ကိုယ်တွင်းအင်္ဂါတွေ နဲ့ တခြားတစ်ရှူးတွေ ဆီကို သွေးလည်ပတ်ရ လွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေ ပြည့်စုံနေသင့်ပါတယ်။

    သွေးတိုး ကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေ ဖြစ်စေပြီး အဆီချေးတွေ ပိုပြီး ကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်း မာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။

    (၂) သွေးကြောဖောင်းခြင်း

    သွေးကြောနံရံ တစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလို ဖြစ်လာတတ်ပါတယ်။ သွေးကြောသာ ပေါက်ပြီး ခန္ဓာကိုယ်ထဲ သွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက ဘယ်သွေးကြောမှာမဆို ဖြစ်နိုင်ပေမယ့် ပင်မသွေးလွှတ်ကြောထဲမှာ အဖြစ်များဆုံးပါ။

    သွေးလွှတ်ကြော တစ်ခုမှာ ထိခိုက်ထားတယ်ဆိုရင် သွေးတိုးရောဂါ မရှိရင်တောင် သွေးကြောဖောင်းခြင်းပြဿနာ ဖြစ်လာနိုင်ပါတယ်။

    (၃) ရုတ်တရက် နှလုံးအမောဖောက်ခြင်း

    နှလုံးဆီကို ပို့တဲ့သွေးလွှတ်ကြောတစ်ခုကို ပိတ်ဆို့စေလောက်တဲ့အထိ အဆီချေးတွေ စုနေခဲ့ရင် ရုတ်တရက် နှလုံးဖောက်ခြင်း(heart attack) ဖြစ်လာနိုင်ပါတယ်။ ဒီလိုပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေ ဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ မရနိုင်တော့ပါဘူး။

    ဒီလိုဖြစ်လာရင် ရင်ဘတ်အောင့်တာ၊ မွန်းကျပ်တာ ခံစားရလေ့ရှိပေမယ့် တစ်ခါတလေ လက်မောင်း၊ လည်ပင်း သို့မဟုတ် မေးရိုးထဲမှာ လည်း နာကျင်မှုခံစားရနိုင်ပါတယ်။

    လူက အသက်ရှူလို့လည်းခက်မယ်၊ ခေါင်းမူးမယ်၊ မအီမသာဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးပြသင့်ပါတယ်။

    (၄) နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း

    သွေးတိုး ကြောင့် နှလုံးသွေးကြောတွေကို ကျဉ်းစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးရဲ့လုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာနိုင်ပါတယ်။

    နောက်ဆုံးမှာ ခန္ဓာကိုယ်အနှံ့ကို သွေး အလုံအလောက် မပို့လွှတ်နိုင်တော့တဲ့အထိ အားနည်းလာပါလိမ့်မယ်။

    (၅) နှလုံးကြီးခြင်း

    သွေးလည်ပတ်စေဖို့ အတွက် လုပ်ဆောင်ရခက်ခဲနေတဲ့အခါ နှလုံးကြွက်သားတွေ ထူလာပါတယ်။ ရလဒ် အနေနဲ့တော့ နှလုံးတစ်ခုလုံး ပိုကြီးလာပါတယ်။

    နှလုံးက ကြီးလာလေ သူ့ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေ အတွက် စွမ်းဆောင်ရည် ကျဆင်းလာလေ ပါပဲ။

    (၆) လေဖြတ်ခြင်း

    သွေးတိုးက လေဖြတ်ခြင်း ရဲ့ အဓိက အကြောင်းရင်း ပါပဲ။ လေဖြတ်ခြင်း နှစ်မျိုး ရှိပါတယ် –

    • Hemorrhagic – အားနည်းနေတဲ့ ဦးနှောက်သွေးကြောပေါက်ခြင်း
    • Ischemic – ဦးနှောက်ဆဲလ် တွေဆီ သွေးမရောက်အောင် သွေးခဲ ပိတ်ဆို့ခြင်း

    (၇) မှတ်ဉာဏ် ချို့ယွင်းခြင်း

    သွေးတိုး ကြောင့် ဦးနှောက်ကို သွေးပို့လွှတ်တဲ့ သွေးကြောတွေ ထဲမှာ အဆီချေးတွေ ပိတ်ဆို့တဲ့ အခါ သွေးလည်ပတ်မှု ကို နှေးစေနိုင်ပါတယ်။

    ဦးနှောက် ရဲ့လုပ်ဆောင်ချက် ပြောင်းလဲကုန်တဲ့အခါ “vascular dementia” လို့ခေါ်တဲ့ အခြေအနေ ဖြစ်စေနိုင်ပါတယ်။

    ဒီလိုဖြစ်လာရင် တွေးပုံ၊ ပြောပုံ၊ မြင်တွေ့ပုံ၊ မှတ်မိပုံတွေ အပြင် ကိုယ့်ရဲ့လှုပ်ရှားပုံတွေ မှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အချိန်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။

    (၈) ကျောက်ကပ် ပျက်စီးခြင်း

    သွေးတိုးက ကျောက်ကပ်ပျက်စီးစေတဲ့ ဒုတိယမြောက်အဖြစ်များဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ဖယ်ရှားရာမှာ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းပြီး မာကျောစေနိုင်ပါတယ်။

    အဲဒီမှာ nephrons လို့ခေါ်တဲ့ အထူးစစ်ထုတ်မှုအစိတ်အပိုင်းတွေကို သွေးနဲ့အာဟာရ အလုံအလောက် မရစေနိုင်တော့ပါဘူး။ နောက်ဆုံးမှာ ကျောက်ကပ်ကို ပျက်စီးစေတာဖြစ်ပါတယ်။

    (၉) မျက်စိ ပြဿနာ

    သွေးတိုး ဖြစ်တာ အချိန်ကြာလာတဲ့အခါ မြင်လွှာဆီကို သွေးပို့လွှတ်မှုနှေးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ကို သတင်းပို့ပေးတဲ့ အမြင်အာရုံကြောဆီကို သွေးပို့လွှတ်မှုလည်းနှေးစေနိုင်ပါတယ်။

    သွေးတိုးကြောင့် မြင်လွှာအောက်မှာ အရည်တွေစုလာစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

    (၁၀) လိင်မှုရေးရာ ပြဿနာ

    သွေးတိုးခြင်းက ခန္ဓာကိုယ်အနှံ့မှာ သွေးလည်ပတ်မှုနှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေမှာ သွေးလည်ပတ်မှုမကောင်းတဲ့အခါ လိင်တံထောင်မတ်မှုပြဿနာဖြစ်လာနိုင်ပါတယ်။

    (၁၁) အရိုးအားနည်းခြင်း

    သွေးတိုးရှိတဲ့သူတွေရဲ့ ဆီးထဲမှာ ကယ်လ်စီယမ်တွေပါသွားတာ များတတ်ပါတယ်။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဒီဓာတ်ကို ခန္ဓာကိုယ်ကစွန့်ထုတ်တာများတဲ့အခါ အရိုးကျိုးအက်တာတွေ ဖြစ်လွယ်လာနိုင်ပါတယ်။

    ဒါ့ကြောင့် အငန်တွေ လျှော့စားကြပါ၊ အဆီတွေ လျှော့စားပါ၊ ပြုပြင်ထားတဲ့ အစားအစာတွေ ကို ကန့်သတ်စားပါ၊ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။ သွေးတိုး အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောမထားကြပါနဲ့လို့ သတိပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement