backup og meta

ချစ်သူများနေ့ နဲ့ ချောကလက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်သူများနေ့ နဲ့ ချောကလက်

    ချစ်သူများနေ့ နဲ့ ချောကလက်

    ဘာလိုလိုနဲ့ Valentine’s day ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ ဒီနေ့ရက်လေးဟာ ကိုယ့်ရဲ့ ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ နေ့တစ်နေ့ပါပဲ။

    ချစ်သူများနေ့ ဆိုတာ ချစ်သူရှိတဲ့သူတွေအတွက်ပဲလား။

    ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ချစ်သူများနေ့ ဆိုတာ သမီးရည်းစားတွေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မေတ္တာတွေ ဝေမျှပေးလို့ရတဲ့ နေ့တစ်နေ့ပါ။ အဲ့တော့ ရည်းစားမရှိသေးလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ ချစ်သူများနေ့ ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင်ကို ပျော်စရာကောင်းနေပါပြီ။

    ချစ်သူများနေ့ မှာ ဘာလို့ ချောကလက် ကျွေးကြတာလဲ။

    ချောကလက်ကို ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊ စိတ်ခံစားချက်တွေရဲ့ သင်္ကေတလို့ ဆိုစမှတ်ပြုကြပါတယ်။ ချောကလက် တစ်ကိုက် ကိုက်လိုက်ရတဲ့အခိုက်အတန့်လေးဟာ ကိုယ့်ချစ်သူရဲ့ နွေးထွေးတဲ့မေတ္တာကို ကိုယ်တိုင်အရသာခံစား မြည်းစမ်းလိုက်ရသလိုပါပဲ။ ဒါကြောင့် ချစ်သူများနေ့ မှာ ချောကလက်ကို လက်ဆောင်ပေးတာတွေ အရမ်းများလာကြတာပါ။

    ကိုယ်ချစ်တဲ့သူအတွက် ဘယ်လိုချောကလက်မျိုးကို ရွေးချယ်သင့်လဲ။

    လူကြိုက်များတဲ့ ချောကလက်တွေထဲမှာမှ ချောကလက်အနက် (Dark Chocolate) ဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါပဲ။ ကိုကိုးမှုန့် (Cocoa) အများဆုံးပါဝင်ပြီး သကြားပမာဏ အနည်းဆုံးထည့်သွင်းထားတာဖြစ်လို့ ချောင်းဆိုးချွဲကျပ်မှာလည်း စိတ်မပူရဘူး။ ဒါ့အပြင် ခါးသက်သက်အရသာက အချိုထက်ကို ချစ်ခြင်းမေတ္တာရဲ့ အငွေ့အသက်ကို ခံစားရစေနိုင်ပါတယ် (ဒါကြောင့်လည်း အချစ်ကြီးတဲ့သူတွေဟာ ကော်ဖီခါးခါးကိုမှ စွဲစွဲလမ်းလမ်း သောက်တတ်ကြတယ်လို့ ဆိုထားကြတာပါ) ။ ဒါ့အပြင် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။

    ချောကလက်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ

    တန်ဆေး၊ လွန်ဘေး သင့်တော်တဲ့ ပမာဏအလိုက် ချောကလက်ကို နေ့တိုင်းစားပေးမယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက

    • နှလုံးကျန်းမာစေပြီး ပုံမှန်အလုပ်လုပ်စေတယ်။

    မှတ်ဉာဏ်ကို ကောင်းစေတယ်။

    • နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးအောင် ကာကွယ်ပေးနိုင်တယ်။

    စိတ်ခံစားချက်ကို ကောင်းစေတယ်။

    • အင်ဒိုဖင်ဟော်မုန်း (Endorphins) ကို မြင့်တက်စေလို့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှု ခံစားချက်ကို ပေးစွမ်းနိုင်တယ်။

    • သွေးတွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တယ်။

    • လန်းဆန်းတက်ကြွစေတယ်။

    သွေးတိုးကျစေတယ်။

    • အကောင်းမြင်စိတ်စွမ်းအားတိုးစေပြီး စိတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ်။

    • အစားအစာ အလွန်အကျွံစားချင်စိတ်ကို ထိန်းညှိပေးတယ်။

    ချောင်းဆိုး၊ ချွဲကျပ်တာမျိုး မဖြစ်စေဘူး။

    • သွေးလည်ပတ်မှုနှုန်း ကောင်းစေတယ်။

    • ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။

    ဒါဆို ဘေးထွက်ဆိုးကျိုးမရှိတော့ဘူးလား။

    အပေါ်မှာ ပြောထားတဲ့အထဲမှာ တန်ဆေး၊ လွန်ဘေးဆိုတဲ့အချက် ပါတာကို သတိထားမိမှာပါ။ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာဖြစ်နေပါစေ၊ သတ်မှတ်ထားတဲ့ ပမာဏထက် အလွန်အကျွံစားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တာ သဘာဝပါပဲ။ ချောကလက်သည်လည်း ဒီအတိုင်းပါပဲ။ တစ်နေ့ကို ချောကလက် တစ်တုံးလောက်စားတာ ပြဿနာမဟုတ်ပေမဲ့ တစ်ထုပ်လုံးကုန်အောင် စားရင်တော့ အဆင်မပြေဘူးနော်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့

    • ရနိုင်တဲ့ ကောင်းကျိုးတွေက ပြောင်းပြန်ဖြစ်သွားပြီး လူကို ဘေးဒုက္ခဖြစ်စေတယ်။

    • ကျောက်ကပ်မကောင်းတဲ့ သူတွေဆိုရင် ချောကလက်မှာပါတဲ့ ပိုတက်စီယမ်ဓာတ်တွေကြောင့် ရုတ်တရက်နှလုံးရပ်တာ၊ နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်နိုင်တယ်။

    ညအိပ်မပျော်ခြင်း ဖြစ်စေတယ်။

    • ဆီးခဏခဏ သွားချင်လာမယ်။

    • အစာခြေအက်စစ်တွေ များလာလို့ ရင်ပူတာ၊ ပျို့တက်တာ၊ လေချဉ်တက်တာ ဖြစ်နိုင်တယ်။

    • သွေးတိုးနိုင်တယ်။

    • စိတ်မတည်မငြိမ်ဖြစ်နိုင်တယ်။

    ခေါင်းမူးတာ၊ ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။

    အဲ့တော့ ဘေးကင်းစိတ်ချရအောင် ချောကလက်ကို ဘယ်လိုစားကြမလဲ။

    ၁။ တစ်နေ့ကို ချောကလက်အပိုင်း တစ်ပိုင်းပဲ စားပါ။ နေ့တိုင်းလည်း မစားပါနဲ့။ တစ်ရက်ခြား တစ်ကြိမ်လောက်ပဲ စားပေးပါ။ ရည်းစားမရှိလို့ အထီးကျန်တယ်၊ ချစ်ချစ်ကျွေးတဲ့ ချောကလက်မို့ အပျော်လွန်ပြီး အများကြီးစားရင် ကိုယ့်ကျန်းမာရေးအတွက် မကောင်းဘူးနော်။

    ၂။ အချိုများတဲ့ ချောကလက်ထက် အခါးဓာတ်ပိုကဲတဲ့ ချောကလက် အနက် (Dark Chocolate) တွေကိုပဲ စားပေးပါ။

    ၃။ ချောကလက်စားပြီးတာနဲ့ ရေများများသောက်ပါ။

    ၄။ စားပြီးရင် ပါးစပ်ထဲမှာ အနံ့ကျန်နိုင်တဲ့အတွက် သွားတိုက်ပါ။ သို့မဟုတ် ပလုတ်ကျင်းပါ။

    ၅။ ညအိပ်ခါနီးမှာ ချောကလက်မစားပါနဲ့။ သွားတိုက်ပြီးမှ ချောကလက်မစားပါနဲ့။

    ချစ်သူများနေ့လည်း တဖြည်းဖြည်းနဲ့ နီးလာပြီဆိုတော့ ကိုယ်ချစ်ရတဲ့သူကို ချစ်သက်လက်ဆောင်အနေနဲ့ ချောကလက်လေးပေးပြီး ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ အမြန်စီစဉ်လိုက်တော့နော်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement