brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး

လက်ဖက်ရည်ချိုလေး ဆိုလို့ ဘာကို ပြောတာလဲလို့များ စဉ်းစားနေပြီလား ……. လက်ဖက်ရည်ချိုလေး ဆိုတာက ပေါ့ဆိမ့်၊ ချိုဆိမ့်၊ ပေါ့ကျ၊ ကျဆိမ့်ဆိုပြီး စိတ်ကြိုက် အရသာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း သောက်လေ့ရှိတဲ့ ဝမ်းတီး၊ တူးတီးလေးတွေကို ပြောချင်တာပါနော်။

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး

လက်ဖက်ရည် ကြိုက်သူတွေက Morning Coffee ဆိုတာမျိုးနဲ့ အဆင်မပြေတတ်ဘဲ လက်ဖက်ရည်ချိုလေး တစ်ခွက် သောက်လိုက်မှ တစ်နေကုန် အဆင်ပြေတတ်ကြတာပါ။ ဒီတစ်ခေါက်တော့ မနက်ခင်း ကာကာ မသောက်ဘဲ တီးမှတီးပဲ ဆိုတဲ့ သူတွေအတွက် လက်ဖက်ရည်ချိုလေး သောက်ရင်း ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လက်ဖက်ရည်ချိုလေး ဆိုတာ

လက်ဖက်ရည်ချိုလေးဆိုတာက လက်ဖက်ရည် အကျရည်ကို နို့၊ နို့ဆီ၊ သကြားတို့နဲ့ ရောစပ်ပြီး ဖျော်ထားတာပါ။ အကောင်းဆုံးကတော့ နွားနို့၊ ဆိတ်နို့ စစ်စစ်နဲ့ ဖျော်ထားတာမျိုးပါ။ ဒီလို အချိုပေါ့ပေါ့ ဆိမ့်ဆိမ့်လေး ဖျော်ထားတဲ့ လက်ဖက်ရည်လေးကို လက်ဖက်ရည်ချိုလေးလို့ ဆိုလိုတာပါ။

ရေနွေးကြမ်း မဟုတ်တဲ့ လက်ဖက်ရည် ချိုချိုလေးပါ။

လက်ဖက်ရည်ချိုလေးမှာပါတဲ့ အာဟာရဓာတ်များ

သောက်ရတာ ခံတွင်းတွေ့လှတဲ့ လက်ဖက်ရည် ချိုချိုလေးမှာ

  • အဆီဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • ရေဓာတ်
  • ကဖင်းဓာတ်
  • Theobromine
  • သကြားဓာတ်
  • အမျှင်ဓာတ်
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • Phosphorus
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဇင့်
  • Copper
  • ဆီလီနီယမ်
  • Retinol
  • ကယ်လ်ရိုတင်း
  • ဗီတာမင် A
  • ဗီတာမင် D
  • ဗီတာမင် E
  • သီရာမင်း
  • Riboflavin
  • နီကာဆင်
  • ဗီတာမင် B6
  • ဖောလိတ်
  • ဗီတာမင် B12
  • Choline
  • Fatty acids တို့ ပါဝင်နေပါတယ်။

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး

လက်ဖက်ခြောက် အချိုခြောက်ကို ဆားနည်းနည်းလေး ထည့်နှပ်ပြီး ရလာတဲ့ အကျရည်ကို နွားနို့ စစ်စစ် နဲ့ သကြားစစ်စစ်လေး အနည်းငယ် ထည့်ပြီး ဖျော်ထားတဲ့ လက်ဖက်ရည်ချိုလေး သောက်ရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိမှာပါ။

ကိုယ်ခံအား ကောင်းစေတယ်

လက်ဖက်ခြောက်က ကျန်းမာစေတဲ့ သောက်စရာ တစ်မျိုးပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေပြီး ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွကြောင့် အစာခြေစနစ်ကို မထိခိုက်အောင် ကာကွယ်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို polyphenols ပါဝင်နေတာကြောင့် ကင်ဆာကို တိုက်ထုတ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။

အာဟာရပြည့်စေတယ်

နွားနို့ စစ်စစ်နဲ့ ဖျော်စပ်ထားတဲ့ နို့လက်ဖက်ရည်မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ ပရိုတင်း၊ ဗီတာမင် B12 နဲ့ ပိုတက်ဆီယမ်တို့ အပါအဝင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်တွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

အရေပြား ကျန်းမာစေတယ်

လက်ဖက်ရည်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်မှုကို ကာကွယ်ပေးပြီး အရေပြားကို ကျန်းမာစေနိုင်တဲ့ ဓာတ်တိုးပစ္စည်း ပါဝင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေ တင်းရင်းစေသလို အရေပြားပေါ်က အမည်းစက်တွေနဲ့ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

လက်ဖက်ရည်က ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်မြန်ဆန်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ လက်ဖက်ရည်ထဲကို သကြားတွေ ထပ်ထည့်သောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။

စိတ်ဖိစီးမှု လျော့ကျစေနိုင်တယ်

လက်ဖက်ရည် ချိုချိုလေးက စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းက ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ဖိစီးမှု ကင်းစေပါတယ်။ ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

နာတာရှည် ရောဂါတွေကို သက်သာစေနိုင်တယ်

လက်ဖက်ရည်မှာ catechins နဲ့ အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

နွားနို့စစ်စစ်နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ချိုလေးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေ သန်မာစေသလို အသက်အရွယ်ရလာတဲ့အခါ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘယ်သူတွေ မသောက်သင့်ဘူးလဲ

လက်ဖက်ရည်ချိုလေးက ကျန်းမာရေးအတွက် အကျိုးများပေမယ့်

  • ကိုယ်ဝန်ဆောင်တွေ
  • ကလေးငယ်တွေ
  • ရောဂါအခံရှိသူတွေကတော့ မသောက်သင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း ပမာဏအလွန်အကျွံသောက်တာကို ရှောင်သင့်ပါတယ်။

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက
  • ကိုယ်ခံအား ကောင်းစေတယ်
  • အာဟာရပြည့်စေတယ်
  • အရေပြား ကျန်းမာစေတယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်
  • စိတ်ဖိစီးမှု လျှော့ကျစေနိုင်တယ်
  • နာတာရှည် ရောဂါတွေကို သက်သာစေနိုင်တယ်
  • အရိုးတွေ သန်မာစေတယ်
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။