backup og meta

ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ

    ကီတို Diet ဆိုတာ ကိုယ်အလေးချိန် ကျစေဖို့နဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးကောင်းစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ Diet တစ်မျိုးပါ။ အထူးသဖြင့် လူငယ် အမျိုးသမီးတွေ ကီတို Diet လုပ်တာ ပိုများပါတယ်။ ကာဗိုဟိုက်ဒြိတ်ကို နည်းနိုင်သမျှ နည်းအောင် စားသုံးပြီး ကျန်းမာရေး အကျိုးပြု အဆီဓာတ်နဲ့ အသားဓာတ်ကိုသာ အဓိက စားသုံးပေးရပါတယ်။

    ပုံမှန် အစာစားလိုက်တဲ့အခါ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်သည် ကစီဓာတ်လို့ ခေါ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို အရင်ဖြိုခွဲပေးရပါတယ်။ ပြီးတော့မှ အဆီဓာတ်နဲ့ ကယ်လိုရီတွေကို ဖြိုခွဲပါတယ်။ ကီတို Diet စတင်တဲ့အခါမှာ ကစီဓာတ် စားသုံးမှုနည်းသွားတဲ့အတွက် ကိုယ်ခန္ဓာက အဆီတွေကို တိုက်ရိုက်ဖြိုခွဲဖို့ ပိုလွယ်ကူသွားပါတယ်။ အဆီတွေကို ကီတုန်း (Ketone) အဖြစ်နဲ့ ဖြိုခွဲပြီးနောက် အသည်းထဲမှာ သိုလှောင်ကာ ဦးနှောက်အတွက် အားအင်အဖြစ် ပို့ဆောင်ပေးပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Ketosis လို့ ခေါ်ပြီး ကိုယ့်ရဲ့ ကီတို Diet လုပ်တာ အကျိုးအာနိသင်ရှိတယ်ဆိုတာကို ပြနေပါတယ်။

    ကိုယ်ခန္ဓာထဲမှာ Ketosis ဖြစ်နေတယ်ဆိုတာ အလွယ်တကူ သိနိုင်ဖို့ တချို့သော လက္ခဏာနဲ့ ပြောင်းလဲမှုတွေကို ကိုယ်ခန္ဓာကနေ လှုံ့ဆော်ပေးပါတယ်။ ဒီလှုံ့ဆော်မှုတွေကို ကြည့်ခြင်းဖြင့်လည်း ကိုယ်က ကီတို Diet စားသုံးမှု မှန်ကန်နေတယ်ဆိုတာကို သိနိုင်ပါတယ်။

    Ketosis ဖြစ်နေစဉ် ပြတတ်တဲ့ လက္ခဏာများ

    ၁။ ခံတွင်းအနံ့ဆိုး၊ ဆီး အနံ့ဆိုး ထွက်ခြင်း

    အတွေ့များတဲ့ လက္ခဏာတွေထဲမှာ ပါပါတယ်။ အနံ့ဆိုး ဆိုတာထက် စိမ်းရွှင်ရွှင် သစ်သီးအနံ့လိုမျိုးဆို ပိုမှန်ပါတယ်။ အသည်းထဲမှာ ကီတုန်း ပမာဏ များလာတဲ့အခါ ဒီလိုအနံ့အသက်မျိုး ဖြစ်လာပြီး ခံတွင်းအနံ့၊ ဆီးအနံ့ အဖြစ်နဲ့ အပြင်ဘက်ကို ပြန်ကန်ထွက်လာပါတယ်။ တစ်ဖက်လူ မခံမရပ်ဖြစ်ရလောက်အောင် ဆိုးရွားနေတာ မဟုတ်တဲ့တိုင်အောင် ကိုယ့်အတွက် အဆင်မပြေဘူးလို့ ယူဆရရင် မနက်တစ်ကြိမ် ညတစ်ကြိမ် သွားသေချာတိုက်တာ၊ ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းတာ၊ သကြားလုံးဝ မပါတဲ့ ပီကေဝါးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆီးအနံ့ အနေနဲ့ ရေကို တစ်နေ့ ၃လီတာခန့် အနည်းဆုံး သောက်ပေးခြင်း၊ မကြာခဏ ဆီးထသွားပေးခြင်းဖြင့် လျော့နည်းသွားစေနိုင်ပါတယ်။

    ၂။ ကိုယ်အလေးချိန် ကျဆင်းခြင်း

    ကီတို Diet လုပ်နေသူ အများစု ကိုယ်စားသောက်နေတဲ့ ပုံစံ မှန် မမှန်ကို ဒီအချက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ကစီဓာတ် စားသုံးမှုနည်းလေ၊ ကိုယ်ခန္ဓာက အဆီကို လျင်မြန်စွာ ဖြိုခွင်းနိုင်တာကြောင့် မလိုလားအပ်တဲ့ အဆီနဲ့ ကယ်လိုရီတွေ ခန္ဓာကိုယ်ထဲ စုပြုံမနေတော့ဘဲ လျင်မြန်စွာ လောင်ကျွမ်းသွားတာကြောင့် ကိုယ်အလေးချိန်ကို သိသိသာသာ ကျသွားတာကို တွေ့ရမှာပါ။

    ၃။ ဗိုက်မဆာဘဲ အစာစားချင်စိတ် နည်းသွားခြင်း

    လူတွေမှာ ဗိုက်မဆာဘဲနဲ့ တစ်ခုခုကို စားချင်နေတဲ့ စိတ် အနည်းနဲ့ အများ ရှိတတ်ပါတယ်။ ဒီအကျင့်ရှိသူ အများစုက ထမင်းစားပြီး ဗိုက်ပြည့်နေတဲ့တိုင်အောင် မျက်စိထဲ တွေ့ရာမြင်ရာ အာဟာရ မဖြစ်တဲ့ အစားအစာတွေကို ယူစားတတ်တဲ့အတွက် ကိုယ်အလေးချိန်က မလိုအပ်ဘဲ တက်နေရတာပါပဲ။ ကီတို Diet လုပ်သူတွေမှာ ကစီဓာတ် စားသုံးမှု နည်းသွားတဲ့အတွက် ခန္ဓာကိုယ်က မလိုအပ်ဘဲ အစာစားချင်တဲ့စိတ်ကို ထိန်းချုပ်ပြီးသားလည်း ဖြစ်သွားပါတယ်။

    ၄။ အားအင် ပြည့်ဝနေခြင်း

    ကီတို Diet စတင် လုပ်ကာစမှာ ခန္ဓာကိုယ်က ပြောင်းလဲမှုပုံစံ အသစ်ကို သဟဇာတဖြစ်အောင် ညှိယူနေရတဲ့အတွက် ပင်ပန်းတာ၊ အားမရှိသလို ဖြစ်တဲ့ လက္ခဏာ တွေ့ရတတ်ပါတယ်။ Ketosis အဆင့်ကို ရောက်သွားပြီဆိုရင်တော့ ခန္ဓာကိုယ်အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေအပြင် အသစ်တွေကို ပြန်ဖြည့်ပေးဖို့ ကီတုန်းကို အစားထိုး အသုံးပြုရတဲ့အတွက် အလုပ်ပင်ပန်းနေရင်တောင် လူက ပေါ့ပါးလန်းဆန်းနေပြီး အားအင်ပြည့်ဝနေတာကို ခံစားရမှာပါ။

    ၅။ အစပိုင်းမှာ စွမ်းဆောင်ရည် ကျဆင်းခြင်း

    နံပါတ် (၄) အချက်မှာ ပြောခဲ့သလိုမျိုးပါပဲ။ ကီတို Diet စတင်ကာစမှာ လူက ပင်ပန်းပြီး အားမရှိတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်သူတွေအနေနဲ့တော့ အားအင် ပိုမိုစိုက်ထုတ်ရတဲ့အတွက် စွမ်းဆောင်ရည်က အရင်ကထက် ကျဆင်းသွားတာကို တွေ့ရတတ်ပါတယ်။ အဓိကကတော့ အားအင်ကို ကစီဓာတ်က ဖြည့်တင်းပေးတဲ့အတွက် ကစီဓာတ် နည်းသွားတဲ့အခါ ကောင်းကောင်း အားမစိုက်ထုတ်နိုင်သလို ခံစားရတာပါ။ ဒီပြဿနာအတွက် ကိုယ်စားသောက်နေတဲ့ ကီတို Diet ကို ပုံစံပြောင်းလဲတာ၊ ဒါမှမဟုတ် ခါတိုင်းထက် ပိုစားပေးတာမျိုးဖြင့် ကုသနိုင်ပါတယ်။

    ၆။ ဝမ်းပြဿနာများ

    အဆီဓာတ်နဲ့ အသားဓာတ်ကိုပဲ များများ စားလိုက်တဲ့အခါမှာ အစာခြေစနစ်က အလုပ်လုပ်မှု နှေးကွေးသွားတဲ့အတွက် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ အစာမကြေတာတွေ ဖြစ်တတ်ပါတယ်။ စားသောက်ပုံပေါ် မူတည်ပြီး နောက်ပိုင်းမှာ သက်သာသွားသူတွေလည်း ရှိပါတယ်။ ဒီပြဿနာအတွက် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို ပမာဏ နည်းနည်း ပိုစားပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။

    ၇။ ညအိပ်မပျော်ခြင်း

    ခန္ဓာကိုယ်ရဲ့ စားသောက်မှုပုံစံဟာ သိသိသာသာ ပြောင်းလဲသွားသလိုပဲ ကိုယ်ခန္ဓာတွင်း လုပ်ဆောင်မှုတွေဟာလည်း အနည်းငယ် ကမောက်ကမ ဖြစ်သွားတတ်ပါတယ်။ အသိသာဆုံး လက္ခဏာတစ်ခုကတော့ ညအိပ်မပျော်တာပါပဲ။ ကောင်းတဲ့အချက်ကတော့ ကိုယ်က ကီတို diet ကို နေ့စဉ် သေချာစားသောက်ပေးမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီလက္ခဏာဟာလည်း ပျောက်ကင်းသက်သာသွားနိုင်လို့ အရမ်းတော့ စိတ်ပူစရာမလိုပါဘူးနော်။

    ဒီလက္ခဏာတွေဟာ စိတ်ပူစရာ မဟုတ်ပေမဲ့လည်း ကီတိုသမားတိုင်း သိထားသင့်တဲ့ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ့်အနေနဲ့ Diet လုပ်တော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ဇွဲမလျှော့ဘဲ သေချာကြိုးစားပြီး စားသောက်ဖို့၊ အခက်အခဲ ဖြစ်လာတဲ့အခါမှာလည်း အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည်ဖို့ကို ထပ်ပြီး မှာကြားချင်ပါတယ်ခင်ဗျ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement