backup og meta

ကာဗိုဟိုက်ဒရိတ်၏ လုပ်ငန်းတာဝန်များ


Dr. Thant Zin မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာဗိုဟိုက်ဒရိတ်၏ လုပ်ငန်းတာဝန်များ

    ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အက်တမ်တွေ ပေါင်းစပ်ထားတဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ အာဟာရပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အငြင်းအပွားဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားရမယ်ဆိုတဲ့ နည်လမ်းတွေကို လုပ်ဆောင်လာကြသလို တချို့ကလည်း ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာတွေ စားသုံးရမယ်လို့ ဆိုကြပါတယ်။

    ဘယ်လိုပဲ ငြင်းခုန်နေကြသည်ဖြစ်ပါစေ ကာဗိုဟိုက်ဒရိတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အခန်းက ပါဝင်တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ အခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာများကတော့ ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်များအကြောင်း ဖြစ်ပါတယ်။

    ၁။ ကိုယ်ခန္ဓာအတွက် စွမ်းအင်ထောက်ပံ့ပေးခြင်း

    ကာဗိုဟိုက်ဒရိတ်ရဲ့ လုပ်ငန်းတာဝန်တခုကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာကနေရရှိတဲ့ ကာဗိုဟိုက်ဒရိတ်ကို ချေဖျက်ပြီး ဂလူးကို့စ်အဖြစ် ဖြိုခွဲပါတယ်။ ဂလူးကို့စ်ဟာ ဆဲလ်များအတွင်း ရောက်ရှိတဲ့အခါ ATP လို့ခေါ်တဲ့ လောင်စာမော်လီကျူးကို ထုတ်လုပ်ပေးပြီး ဇီဝဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးပါတယ်။

    ၂။ စွမ်းအင်သိုလှောင်ပေးခြင်း

    သင့်ခန္ဓာကိုယ်ကနေ လတ်တလောလိုအပ်ချက်အတွက် ဂလူးကို့စ်လုံလောက်နေပြီဆိုရင် ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို နောင်တချိန်မှာ အသုံးပြုနိုင်အောင် သိုလှောင်ထားနိုင်ပါတယ်။ ဂလိုင်ကိုဂျင်အနေနဲ့ သိုလှောင်ထားပြီး အသည်းနဲ့ကြွက်သားတွေဆီမှာ အဓိက သိုလှောင်ထားပါတယ်။

    အသည်းထဲမှာ ဂလိုက်ကိုဂျင် ၁၀၀ ဂရမ်ထိ သိုလှောင်ထားနိုင်ပါတယ်။ အဆိုပါ သိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကို အစာအစားချိန်တချိန်နဲ့တချိန်ကြားမှာ သွေးထဲကိုထုတ်လွှတ်ပေးပြီး သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးပါတယ်။

    ကြွက်သားထဲမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ကိုတော့ ကြွက်သားတွေကပဲ အသုံးပြုပါတယ်။ အားစိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေအတွက် အသုံးချပါတယ်။ ကြွက်သားများမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ပမာဏဟာ တဦးနဲ့တဦးမတူပေမယ့် အများဆုံး ၅၀၀ ဂရမ်ခန့် ပါဝင်ပါတယ်။

    သင့်ခန္ဓာကိုယ်က အသုံးချတဲ့ ဂလူးကို့စ်နဲ့ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ပမာဏ ပြည့်ဝသွားမယ်ဆိုရင်တော့ ပိုလျှံနေတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အဆီဓာတ်အနေနဲ့ ပြောင်းလဲသိုလှောင်ပေးပါတယ်။

    ၃။ ကြွက်သားများကို ထိန်းသိမ်းပေးခြင်း

    ဂလူးကို့စ်ကို အသုံးချပြီးချိန် ပိုလျှံနေရင်တော့ ဂလိုင်ကိုဂျင်အနေနဲ့ သိုလှောင်ထားပါတယ်။ ကာဘိုဟိုက်ဒရိတ်က ရရှိတဲ့ ဂလူးကို့စ်မရှိတော့ရင် ကြွက်သားများဟာ အမိုင်နိုအက်ဆစ်၊ ဂလူးကို့စ်နဲ့ စွမ်းအင်အဖြစ်သုံးနိုင်တဲ့ အခြားဒြပ်ပေါင်းတွေအဖြစ် ဖြိုခွဲပါတယ်။ အစာနဲ့ဝေးလာချိန်မှာ ကြွက်သားများကိုဖြိုခွဲပြီး ဦးနှောက်စွမ်းအင်အတွက် လိုအပ်တဲ့ ဂလူးကို့စ်တွေ ထောက်ပံ့ပေးတာကြောင့် ကြွက်သားများထုတည်လျော့ကျကာ ပိန်လှီလာရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ကို ပုံမှန်ရရှိနေခြင်းဟာ ကြွက်သားများကို ထိန်းသိမ်းပေးခြင်း မည်ပါတယ်။

    ၄။ အစာခြေစနစ်ကို ကူညီပေးခြင်း

    ကာဗိုဟိုက်ဒရိတ်မှာ အမျှင်ဓာတ်နှစ်မျိုးရှိပြီး ပျော်ဝင်နိုင်တဲ့ အမျိုးအစားနဲ့ မပျော်ဝင်နိုင်တဲ့ အမျိုးအစားဆိုပြီး ရှိပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျိုးအစားကို အုတ်ဂျုံ၊ ပဲအမျိုးမျိုးနဲ့ အသီးအနှံများရဲ့ အတွင်းပိုင်းကနေ ရရှိပါတယ်။ ကိုယ်ခန္ဓာထဲက ဖြတ်သန်းသွားတဲအခါ ရေကိုဆွဲယူသွားပြီး ဂျယ်လီကဲ့သို့ ဖြစ်သွားပါတယ်။ ဒီနည်းနဲ့ အူလမ်းကြောင်းတလျှောက် ချောမွေ့အောင် ကူညီပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ အူလမ်းကြောင်းလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များဟာလည်း အစာဟောင်းများကို ချောမွေ့လျင်မြန်စွာ ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။

    ၅။ စိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း

    ကာဗိုဟိုက်ဒရိတ်ဟာ စိတ်ကျန်းမာရေးအတွက် အရေးပါပါတယ်။ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနစာစောင်မှာ ဖော်ပြချက်အရ အဆီဓာတ်များပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ စားသောက်မှုပုံစံကို တစ်နှစ်ခန့် စားသောက်ခဲ့သူများဟာ အဆီနည်းပြီး ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို စားသုံးခဲ့သူတွေထက် စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ ဒေါသဖြစ်ခြင်း ပိုများကြောင်း သိရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ ကာဘိုဟိုက်ဒရိတ်ဟာ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ထုတ်လုပ်မှုကို ကူညီပေးပါတယ်။

    ဒါ့အပြင် မှတ်ဉာဏ်ပိုင်းဆိုင်ရာအတွက်လည်း အထောက်အကူပြုပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ သူတို့စားသုံးနေတဲ့ အစားအစာတွေကနေ ကာဘိုဟိုက်ဒရိတ်ကို လုံးဝဖယ်ထုတ်ခဲ့ပါတယ်။ တပတ်အကြာမှာ အမျိုးသမီးများရဲ့ မှတ်ဉာဏ်စွမ်းရည်ကို စမ်းသပ်ခဲ့ရာမှာ ကာဗိုဟိုက်ဒရိတ်ကို လုံးဝမစားသုံးခဲ့တဲ့ အမျိုးသမီးများမှာ ချို့ယွင်းမှုတွေ ရှိနေကြောင်း တွေ့ရှိရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement