backup og meta

မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ


Dr. Thant Zin မှ ရေးသားသည်။ · 18/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

    မာလကာသီးဟာ အပူပိုင်းသီးနှံတစ်မျိုးဖြစ်ပြီး အမေရိကအလယ်ပိုင်းမှာ စတင်ပေါက်ရောက်ခဲ့ပါတယ်။ မာလကာသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒေသတချို့မှာ မာလကာရွက်ကို အခြောက်ခံပြီး ရေနွေးအနေနဲ့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးကြပါတယ်။

    ယခုဆက်လက်ဖော်ပြမှကြတော့ မာလကာသီးနဲ့ မာလကာရွက်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ ဆိုတာပါပဲ။

    ၁။ သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း

    မာလကာရွက်မှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ အစာစားပြီး မာလကာရွက်ခြောက်ကို ရေနွေးနဲ့ပုံမှန်သောက်ပေးခြင်းဟာ သွေးတွင်းသကြားဓာတ် တက်မလာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ အခြားသုတေသနတစ်ခုရဲ့ အဆိုအရ မာလကာရွက်ခြောက် ရေနွေးကို သောက်သုံးပေးတဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာသည်တွေဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ ရာခိုင်နှုန်းကျော်ကျော် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

    ၂။ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း

    သုတေသီတွေရဲ့ အဆိုအရ မာလကာသီးနဲ့ မာလကာရွက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင်များဟာ ဖရီးရယ်ဒီကယ်များကြောင့် နှလုံးကို ထိခိုက်နိုင်တဲ့ အခြေအနေက ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကလည်း နှလုံးကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် မာလကာရွက်ကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ မကောင်းတဲ့ LDL ကိုလက်စထရေကို ကျစေပြီး အကျိုးပြု HDL ကိုလက်စထရောကို တက်စေပါတယ်။ ဒါကြောင့် သွေးတိုးကိုလည်း ကျဆင်းစေပါတယ်။

    ၃။ အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲသည့် ဝေဒနာများကို သက်သာစေခြင်း

    မာလကာရွက်ဟာ ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ အမျိုးသမီးများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ မာလကာရွက်မှ ထုတ်လုပ်ထားတဲ့ အဆီအနှစ်ဆေးဝါး ၆ မီလီဂရမ်ကို ဓမ္မတာရက်များမှာ နေ့စဉ်သောက်သုံးပေးရင် ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ သားအိမ်ကျုံ့ချိန်မှာ အောင့်တတ်တဲ့ဝေဒနာကိုလည်း သက်သာစေပါတယ်။

    ၄။ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း

    မာလကာသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ မာလကာသီးတစ်လုံးမှာ သင်တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ မာလကာရွက်ဟာလည်း အစာအိမ်အူလမ်းကြောင်းမှာ ရောဂါပိုးဝင်ပြီး ဝမ်းပျက်ခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။

    ၅။ ကိုယ်အလေးချိန်လျှော့ချရာတွင် ကူညီခြင်း

    မာလကာသီးတစ်လုံးမှာ ၃၇ ကယ်လိုရီခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်ပါဝင်မှု များပါတယ်။ စားသုံးပြီးရင် ဗိုက်ပြည့်တဲ့ ခံစားမှုကိုပေးပြီး ကယ်လိုရီများတဲ့ အစားအသောက်တွေ ထပ်မံမစားသောက်မိစေဖို့ ကာကွယ်ပေးပါတယ်။

    ၆။ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်ခြင်း

    မာလကာရွက်မှာ ကင်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ မာလကာရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဖြစ်ပါတယ်။

    ၇။ ကိုယ်ခံစွမ်းအားမြင့်စေခြင်း

    မာလကာသီးမှာ ဗီတာမင် C ကြွယ်ဝခြင်းကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ မာလကာသီးမှာ သင်တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C နှစ်ဆပါဝင်တယ်လို့ သိရပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

    ၈။ အသားအရေကို လှပစေခြင်း

    မာလကာသီးမှာ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များပြားစွာ ပါဝင်တာကြောင့် အသားအရေ လှပဖို့လည်း အထောက်အကူပြုပါတယ်။ မာလကာသီးမှာပါဝင်တဲ့ ဓာတ်တိုဆန့်ကျင်ပစ္စည်းများဟာ အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် မာလကာရွက်မှာ ဝက်ခြံများကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ



    Dr. Thant Zin မှ ရေးသားသည်။ · 18/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement