တီဗီမထတမ်းကြည့်နေခြင်းက ဉာဏ်ထိုင်းစေနိုင်


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တီဗီမထတမ်းကြည့်နေခြင်းက ဉာဏ်ထိုင်းစေနိုင်

    တီဗီမထတမ်းကြည့်တာ ပုံမှန်လိုဖြစ်နေရင် ဉာဏ်ထိုင်းစေတယ်လို့ သုတေသနတစ်ခုကပြောပါတယ်။ ဇာတ်လမ်းတွဲကြိုက်သူတွေအတွက် စိုးရိမ်စရာပါနော်။ ကြိုက်ပြီဆို အစအဆုံးအခွေဝယ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မပြီးမချင်း ဇွဲကောင်းကောင်းနဲ့ကြည့်ကြတာလေ။ ရုပ်သံလိုင်းပေါင်းစုံ အိမ်မှာတပ်ထားရင် ပိုဆိုး၊ အားတာနဲ့ တီဗီရှေ့ထိုင်တတ်တဲ့ အိမ်ကလူတွေတော့ ဒုက္ခပါပဲ။

    သုံးနာရီခွဲထက်ကျော်ပြီး တီဗီမထတမ်းကြည့်တာ ပုံမှန်အကျင့်ဖြစ်နေသူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဘာသာစကားနဲ့ မှတ်ဉာဏ်ပိုင်းမှာ စွမ်းရည်ကျဆင်းလာနိုင်တယ်လို့ သုတေသနက ဆိုပါတယ်။ တီဗီဘယ်လောက်ကြိုက်ကြိုက် ကိုယ့်ဦးနှောက်ကိုထိခိုက်မယ်ဆိုရင်တော့ပြန်စဉ်းစားဖို့၊ ဆင်ခြင်ဖို့လိုပါတယ်နော်။

    ဗြိတိန်ရဲ့University College London မှ ပါမောက္ခDaisy Fancourt ဦးဆောင်တဲ့ ဒီသုတေသနအကြောင်းကိုScientific Reports ဂျာနယ်မှာဖော်ပြခဲ့တာပါ။ ဒီသုတေသနမှာ အသက် ၅၀ နဲ့အထက်အရွယ် ၃၆၆၂ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလေ့လာဆန်းစစ်ခဲ့ကြတာပါ။ သူတို့တွေရဲ့ တစ်နေ့တာမှာ တီဗီဘယ်လောက်ကြည့်သလဲဆိုတာ မှတ်တမ်းတင်ပြီး သူတို့ရဲ့ စဉ်းစားတွေးတောနိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေကို ဆန်းစစ်ခဲ့ပါတယ်။

    သူတို့တွေရဲ့ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေအတွင်း ကြည့်ရှုမှုမှတ်တမ်းတွေရယ်၊ နောက် ၆ နှစ်အကြာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်း မှတ်ဉာဏ်နဲ့ ဘာသာစကားစွမ်းရည်တွေကို တိုင်းတာစစ်ဆေးမှုတွေရယ် အခြေခံလေ့လာခဲ့ပါတယ်။

    ခြောက်နှစ်တာအတွင်းမှာ တစ်နေ့ကို ၃ နာရီခွဲ တီဗီကြည့်တဲ့သူတွေဟာ ဘာသာစကားနဲ့ပတ်သက်တဲ့မှတ်ဉာဏ်ေတွ အကြီးအကျယ် ကျဆင်းတာကိုတွေ့ရပါတယ်။

    “တစ်နေ့ကို တီဗီကြည့်ချိန် ၃ နာရီခွဲအောက်ရှိတဲ့ အရွယ်ရောက်ပြီးသူတွေဟာနောက် ၆ နှစ်အကြာမှာ ဘာသာစကားမှတ်ဉာဏ်မှာ ပျမ်းမျှအားဖြင့် ၄/၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်၊ ၃ နာရီခွဲထက်ကျော်တဲ့သူတွေက ၈/၁၀ ရာခိုင်နှုန်း ဉာဏ်ရည်ကျဆင်းတယ်လို့တွေ့ရတယ်။”လို့Fancourt ကပြောပါတယ်။

    ဘာကြောင့်လဲ

    ဒီလိုဖြစ်ရတာဟာ ဦးနှောက်က သတင်းအချက်အလက်တွေလက်ခံမှတ်သားနေချိန်အတွင်း ဦးနှောက်ထဲထည့်သွင်းနေတဲ့ ရုပ်ပုံတွေ၊အသံတွေ၊ လှုပ်ရှားမှုတွေမှာမြန်ဆန်တဲ့ပြောင်းလဲမှုတွေဖြစ်နေတာနဲ့ဆိုင်မယ်လို့Fancourt ကဆိုပါတယ်။

    တီဗီကြည့်တဲ့အခါ ဦးနှောက်ကို ပိုနိုးကြားစေပေမယ့် အာရုံစိုက်မှုနည်းစေတယ်လို့ ဓါတ်ခွဲခန်းလေ့လာမှုတွေက ညွှန်ပြပါတယ်။ တခါတလေ တီဗီကြည့်ရင်း စိတ်ဖိစီးမှုများစေတာတွေရှိတဲ့အတွက် ဦးနှောက်ကိုထိခိုက်မှုရှိစေနိုင်တဲ့ဆက်နွှယ်မှုရှိနိင်တယ်လို့ သိရပါတယ်။

    အငြိမ်သားကြီး တီဗီဆက်တိုက်ကြည့်တာနဲ့စာရင် စိန်ခေါ်မှုရှိတဲ့ဂိမ်းကစားတာ၊ ပဟေဠိဖွက်တာ ဒါမှမဟုတ် တစ်ခုခုကိုသင်ယူလေ့လာတာလိုမျိုး ဦးနှောက်အသုံးပြုလှုပ်ရှားရတဲ့အရာတွေနဲ့ အချိန်ထိန်းညှိတာပိုကောင်းပါမယ်လို့ သုတေသီတွေက အကြံပြုပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement