backup og meta

ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား!

အခုနောက်ပိုင်း အွန်လိုင်းမှာတွေ့ရများတာက ရေခဲရေထဲ စိမ်တာမျိုးပါ။ ဇလုံ ဒါမှမဟုတ် လူတစ်ကိုယ်စာ ကောင်းကောင်း ထိုင်လို့ရတဲ့ ပုံးကြီးကြီးထဲမှာ ရေခဲနဲ့ ရေတွေ အပြည့်ထည့်ပြီး ဝင်ထိုင်လို့ စိမ်တာမျိုးပါ။ ဒီလိုမျိုး ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

ရေခဲထဲမှာ စိမ်ပြီး ရေချိုးတာကို ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရတဲ့သူတွေ၊ Gym ပြင်းပြင်းထန်ထန် ဆော့သူတွေနဲ့ ကိုယ်ခံပညာရပ်နဲ့ ပတ်သက်တဲ့ အားကစားသမားတွေ အသုံးပြုတာ များပါတယ်။ ဒီလို ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ ယူဆတာကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက အသုံးပြုခဲ့ကြတာပါ။ ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။

ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား!

ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတဲ့ မေးခွန်းရဲ့ အဖြေလေးကတော့ – 

အရောင်ကျစေနိုင်တယ်

ရေခဲနဲ့ ရေချိုးလိုက်တဲ့အခါ အေးမြတဲ့ အခြေအနေက သွေးကြောလေးတွေကို ကျဉ်းမြောင်းစေပြီး ကြွက်သားတွေ ဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေနိုင်တာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကိုယ်လက် လေ့ကျင့်ခန်းတွေကို လုပ်ပြီးချိန်မှာ ရောင်ရမ်းတာ ကြွက်သားတွေ နာကျင်တာတွေကို သက်သာစေဖို့ ရေခဲဝတ် ကပ်ပေးလို့ ရသလို ပိုထိရောက်ချင်တယ်ဆိုရင်တော့ ရေခဲရေနဲ့ စိမ်ပြီး ချိုးပေးလို့ ရပါတယ်။ 

ကြွက်သားနာတာကို သက်သာစေတယ်

ရေခဲရေနဲ့ စိမ်ပြီး ရေချိုးတာက ကြွက်သားနာတာကို သက်သာစေနိုင်သလို လေ့ကျင့်ခန်း လုပ်ပြီးတာကြောင့် ကြွက်သားနာတာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ကြွက်သားတွေဆီ အာရုံကြောတွေရဲ့ အချက်ပြမှု နှေးစေတာကြောင့်ပါ။ 

ရေခဲရေနဲ့ စိမ်ပြီး ချိုးတာက ကြွက်သားနာတာကိုရော နာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်သလို နာတာရှည် နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒဏ်ကြေစေတယ်

ရေခဲရေနဲ့ စိမ်ပြီး ချိုးတာက လေ့ကျင့်ခန်း လုပ်လို့ ရလာတဲ့ ဒဏ်တွေကို သက်သာစေတယ်။ ရေခဲရေထဲ စိမ်ပြီး ချိုးနေစဉ်မှာ သွေးကြောလေးတွေ ကျဉ်းသွားစေနိုင်ပေမယ့် ရေချိုးပြီး တက်လာချိန်မှာတော့ သွေးကြောတွေထဲမှာ အောက်ဆီဂျင်နဲ့ အာဟာရတွေကြွယ်ဝနေတဲ့ သွေးတွေကို စီးဆင်းရောက်ရှိစေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ 

ခန္ဓာကိုယ် အပူချိန်ကို လျှော့ချပေးနိုင်တယ်

ရေခဲရေနဲ့ စိမ်ပြီး ချိုးပေးတာက ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ရေခဲရေထဲမှာ ၁၀ မိနစ်လောက် စိမ်ပေးတာက လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ မြင့်တက်နေတဲ့ ကိုယ်အပူချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန် အပူရှိန်မြင့်ပြီး ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပါတယ်။ 

ကိုယ်ခံအား ကောင်းစေနိုင်တယ်

လေ့လာမှု ရလဒ်အချို့အရ ရေခဲရေနဲ့ စိမ်ပြီးချိုးပေးတာက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ဘက်တီးရီးယား ကူးစက်နိုင်ခြေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မှာပါ။ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ရေခဲရေ စိမ်နေချိန်မှာ ဝင်လေထွက်လေမှတ်ဖို့ အသက်ပြင်းပြင်းရှူဖို့လည်း မမေ့ဖို့ လိုပါမယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်

ရေခဲရေနဲ့ စိမ်ပြီး ရေချိုးတာက စိတ်ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ လေ့လာမှုရလဒ် တစ်ခုအရ တစ်ပတ်မှာ ၄ ကြိမ်လောက် ရေခဲရေနဲ့ စိမ်ပြီး ရေချိုးပေးတာက စိတ်ဖိစီးမှု နည်းစေသလို စိုးရိမ်စိတ် များတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

နောက်ပြီး ခန္ဓာကိုယ်ကို အေးမြစေတဲ့ အထိအတွေ့က အာရုံကြောတွေကို လန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်သလို စိတ်ခံစားမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဘယ်သူတွေနဲ့ မသင့်တော်ဘူးလဲ!

ရေခဲရေနဲ့ စိမ်ပြီး ရေချိုးတာက ကျန်းမာရေး ကောင်းကျိုးများတယ် ဆိုပေမယ့် အခုပြောပြမယ့် သူတွေအတွက် တော့ မသင့်တော်ပါဘူး။ 

  • သွေးတိုးရောဂါ ရှိသူတွေ
  • နှလုံးရောဂါ ရှိသူတွေ
  • သွေးလည်ပတ်မှု ဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေသူတွေ (သွေးကြောကျဉ်းတာ၊ ကျယ်တာမျိုးတွေပါ)
  • အအေးဒဏ် မခံနိုင်သူတွေ
  • အနာပေါက် ပွင့်တဲ့ အနာရှိနေသူတွေပါ။ 

# အမှာစကား

ရေခဲထဲမှာ စိမ်ပြီး ရေချိုးတဲ့အခါ ရေခဲရေရဲ့ အပူချိန်က ၅၀ ဒီဂရီ ဖာရင်ဟိုက် ကနေ ၅၉ ဒီဂရီ ဖာရင်ဟိုက်သာ ရှိသင့်ပါတယ်။ ဒါမှ ကိုယ်ခံနိုင်လောက်တဲ့ အပူချိန်ပဲ ဖြစ်သင့်ပါတယ်။ နောက်ပြီး ၅ မိနစ် ကနေ ၁၀ မိနစ်လောက် အထိပဲ စိမ်ပေးသင့်ပါတယ်။ 
ရေခဲရေထဲစိမ်တဲ့အခါ တီရှပ်၊ ဘောင်းဘီတိုလိုမျိုး သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။ ရေခဲရေ စိမ်ပြီးလို့ ထွက်လာချိန်မှာ ရေတွေကို သေချာလေး ခြောက်သွေ့အောင် သုတ်ပေးပါ။ 
ရေခဲရေ စိမ်တော့မယ်ဆိုရင် ခြေထောက်ကနေစပြီး ဖြည်းဖြည်းချင်း စိမ်ပေးပါ။ ဒါမှာ ကိုယ်အပူချိန် ရုတ်တရက်ပြောင်းလဲပြီး ထိခိုက်တာမျိုး  ကင်းမှာပါ။ 
လေ့ကျင့်ခန်း လုပ်ပြီး နာကျင်မှုတွေကို သက်သာစေချင်ရင်တော့ လေ့ကျင့်ခန်း လုပ်ပြီးချိန် ၂၄ နာရီအတွင်းမှာ စိမ်ပေးတာက အထိရောက်ဆုံးပါ။
ရေခဲရေထဲမှာ အကြာကြီး စိမ်တာက ကိုယ်အပူချိန်ကို ကျဆင်းစေနိုင်တာကြောင့် အကြာကြီး စိမ်တာမျိုး မလုပ်သင့်ပါဘူး။ 
အရေပြားက အရောင်ပြောင်းလာတာမျိုး ဖြစ်မယ်ဆိုရင် ချက်ချင်း ရပ်လိုက်ဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Possible Health Benefits of Cold Water Therapy https://www.everydayhealth.com/wellness/possible-health-benefits-to-cold-water-therapy/ Accessed Date 1 November 2023

6 Health Benefits of Ice Baths https://www.goodrx.com/well-being/alternative-treatments/6-ice-bath-benefits Accessed Date 1 November 2023

Take The Plunge—Into An Ice Bath? https://thewell.northwell.edu/healthy-living-fitness/benefits-of-ice-baths Accessed Date 1 November 2023

Can Ice Baths Ease My Sore Muscles? https://health.clevelandclinic.org/can-ice-baths-ease-my-sore-muscles/ Accessed Date 1 November 2023

Ice Bath https://www.livhospital.com/en/liv-health-guide/benefits-of-ice-bath Accessed Date 1 November 2023

ယခုပုံစံ

21/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေချိုးနေစဉ် ဆီးသွားသင့်လား

Gymဆော့ အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးများနှင့် ရေချိုးဖို့အချိန်မရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အချက်များ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement