backup og meta

အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလား။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


25/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလား။

    အမျိုးသားတွေကပဲ သူတို့ရဲ့ လိင်တံနဲ့ ပတ်သက်ပြီး မူမမှန်ဘူးလို့ ထင်ကြတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကလည်း သူတို့ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး ကိုယ့်ဟာက ပုံမှန်ဟုတ်ရဲ့လားလို့ စိတ်ပူတတ်ကြပါတယ်။ ပိုဆိုးတာက ရှေးခေတ်လူပျိုအချင်းချင်း မျှဝေကြတဲ့ စာအုပ်တွေမှာ ဘယ်လို မိန်းမအင်္ဂါပုံစံများ ကတော့ ဘယ်လိုလိင်စိတ်ရှိတယ်။ အမျိုးသမီးတွေရဲ့ အမူအကျင့်တွေကို လွှမ်းမိုးနေတယ်ဆိုတဲ့ ဂျင်းတွေကြောင့်ပါပဲ။ အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

    ဘာကြောင့် အမျိုးသမီးအင်္ဂါပုံစံတွေက မတူကြတာလဲ။

    အမျိုးသမီးတွေ တစ်ယောက်နဲ့ တစ်ယောက် ပုံပန်းသွင်ပြင်ကွာတာ၊ အသားအရောင် မတူတာလိုမျိုးပဲ မိန်းမအင်္ဂါပုံစံများ ကလည်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူနိုင်ပါဘူး။ ဒါတွေအပြင် အမျိုးသမီးတွေမှာ မျိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ စတာတွေကလည်း လွှမ်းမိုးထားနိုင်တာကြောင့် မတူတာက ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

    ဘယ်လောက်တောင် မတူသလဲဆိုရင် Instagramမှာ The Vulva Gallery ဆိုပြီး ရှိပါတယ်။ အဲ့ဒီမှာ အမျိုးသမီးအင်္ဂါပုံစံပေါင်း ၅၅၀လောက်ကို ပုံကြမ်းဆွဲပြထားပါတယ်။  Hilde Atalanta ဆိုတဲ့ အမျိုးသမီးက မိန်းမအများစုက မိမိရဲ့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေတဲ့အတွက် မတူညီမှုတွေ ရှိတတ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

    အမျိုးသမီးအင်္ဂါတွေမှာ ဘာတွေ ပါဝင်လဲ။

    မတူညီမှုတွေကို မပြောခင်မှာ အရင်ဆုံး အမျိုးသမီးအင်္ဂါတွေရဲ့ ဖွဲ့စည်းပုံနဲ့ ဘယ်လိုခေါ်သလဲဆိုတာကို ပြောပြပေးပါ့မယ်။ ဒါကို နားလည်ထားမှ တူတာ၊ မတူတာတွေကို ဆက်ပြောလို့ရမှာပါ။

    • မိန်းမကိုယ်– မိန်းမကိုယ်ဆိုတာက အပြင်က မြင်နေရတဲ့ အစိတ်အပိုင်းတွေကို ခေါ်တာပါ။ မိန်းမကိုယ်နှုတ်ခမ်း၊ ဆီးသွားတဲ့အပေါက်၊ ရာသီလာတဲ့အပေါက်၊ မိန်းမကိုယ်အစေ့ စတာတွေပါဝင်ပါတယ်။
    • ဆီးခုံ- ဆီးခုံမွေးပေါက်တဲ့နေရာက ဆီးခုံပါပဲ။ သူက အဆီများပါတယ်။ ဒါကြောင့် တချို့အမျိုးသမီးတွေမှာ ဖောင်းနေတတ်ပါတယ်။
    • မိန်းမကိုယ်နှုတ်ခမ်းကြီး- မိန်းမကိုယ်မှာ ဆီးခုံမွေးပေါက်နေတဲ့ နေရာက နှုတ်ခမ်းကကြီးပါ။ သူက အဆီများပါတယ်။
    • မိန်းမကိုယ်နှုတ်ခမ်းလေး- မိန်းမကိုယ်နှုတ်ခမ်းကြီးရဲ့ အထဲက တံခါးရွက်လို နှစ်ခုက မိန်းမကိုယ် နှုတ်ခမ်းလေးပဲ ဖြစ်ပါတယ်။
    • မိန်းမကိုယ်အစေ့– မိန်းမကိုယ်အစေ့က အာရုံကြောတွေ စုဆုံတဲ့နေရာဖြစ်တာကြောင့် လိင်ခံစားမှုအတွက် အရေးကြီးပါတယ်။ ဆီးပေါက်တဲ့နေရာရဲ့ အပေါ်နားမှာ ရှိပါတယ်။ တချို့က မြုပ်နေလို့ မမြင်ရတာမျိုး ရှိသလို တချို့မှာတော့ အစေ့ကို ဒီတိုင်းတွေ့ရနိုင်ပါတယ်။
    • မိန်းမကိုယ်အစေ့အမြှေးပါး- မိန်းမကိုယ်အစေ့ကို အပေါ်က ဖုံးထားတာဖြစ်ပါတယ်။
    • ဆီးသွားတဲ့အပေါက်- အမျိုးသားတွေနဲ့ မတူဘဲ အမျိုးသမီးတွေမှာ ဆီးသွားတဲ့အပေါက်၊ ရာသီလာတဲ့အပေါက်၊ စအို စတဲ့ ၃ခုက စီတန်းပြီး ရှိနေပါတယ်။ ရှေ့ဆုံးမှာ ရှိနေတာ ဆီးသွားတဲ့အပေါက်ပါ။
    • မိန်းမကိုယ်အဝ- မွေးလမ်းကြောင်းအဝလို့လည်း ခေါ်ပါတယ်။ ရာသီလာတာ၊ အဖြူဆင်းတာ၊ ကလေးမွေးတာ၊ လိင်ဆက်ဆံတာ အကုန်လုံးက ဒီနေရာနဲ့ သက်ဆိုင်ပါတယ်။ မိန်းမကိုယ်နှုတ်ခမ်းနှစ်ခုကြား ဆီးပေါက်တဲ့နေရာရဲ့ အနောက်ဘက်မှာ ရှိပါတယ်။

    ဘယ်လို အမျိုးသမီးအင်္ဂါပုံစံတွေ ရှိတတ်လဲ

    အမျိုးသမီးအင်္ဂါပုံစံတွေက လူတစ်ယောက်ရဲ့ မျက်နှာလိုပဲ တစ်ယောက်ချင်းစီမှာ သီးသန့်ရှိနေနိုင်ပါတယ်။ များလွန်းလို့ အပြည့်အစုံပြောပြဖို့ ခက်ပါတယ်။ ဒီတော့ အတွေ့ရများတဲ့ အမျိုးသမီးအင်္ဂါပုံစံတွေကိုပဲ ပြောပြပါမယ်။

    များသောအားဖြင့် အမျိုးသမီးအင်္ဂါပုံစံတွေက မတူဘူးဆိုတာက မိန်းမကိုယ်နှုတ်ခမ်းရဲ့ ပုံစံတွေ ကွဲသွားတာကြောင့်ပါ။

    • မိန်းမကိုယ်နှုတ်ခမ်းလေးတွေ မညီတာ

    နှုတ်ခမ်းလေး တစ်ဖက်က ထူပြီး ရှည်နေတာ၊ နောက်တစ်ဖက်ကျ တိုပြီး တုတ်နေတာ ဒီလိုဖြစ်နေတော့ နှစ်ဖက်မညီဘူးပေါ့။ ဒါကဖြစ်တတ်ပါတယ်။ အများစုက သတိမထားမိလို့သာပါ။

    • မိန်းမကိုယ်နှုတ်ခမ်းကြီးက အတွင်းထဲကို ကွေးနေတာ

    မြင်ယောင်အောင် ပြောရရင် မြင်းခွာကို ဇောက်ထိုးထားထားသလိုပါပဲ။ အတွင်းထဲကို ကွေးနေတဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းငယ်လေးကို အပြင်ဘက်ကို ညှစ်ထုတ်ထားသလို ဖြစ်နေတတ်ပါတယ်။

    • မိန်းမကိုယ်နှုတ်ခမ်းငယ်က သိသာနေတာ

    တစ်ခါတလေကျရင် မိန်းမကိုယ်နှုတ်ခမ်းငယ်က ထူပြီး ရှည်နေတဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းကြီးရဲ့ အပြင်ဘက်ကို ထွက်နေတာမျိုး ရှိနိုင်ပါတယ်။ မိန်းမကိုယ်နှုတ်ခမ်းတွေရဲ့ အတိုအရှည်ကတော့ တစ်ယောက် တစ်မျိုးစီပါပဲ။ ဒါပေမယ့် မိန်းမကိုယ်နှုတ်ခမ်းငယ်က ကြီးနေရင် အပြင်ကို သိသိသာသာ ထွက်နေနိုင်ပါတယ်။

    • မိန်းမကိုယ်နှုတ်ခမ်းကြီးက သိသာနေတာ

    ဒါကတော့ အပေါ်က အခြေအနေနဲ့ ပြောင်းပြန်ပါ။ မိန်းမကိုယ်နှုတ်ခမ်းကြီးမှာ အဆီတွေ ရှိတယ်လို့ ပြောဖူးပါတယ်။ အဆီတွေများတဲ့အခါ နှုတ်ခမ်းသား ထူပြီး ဖောင်းနေတတ်ပါတယ်။ ဒီတော့ မိန်းမကိုယ်နှုတ်ခမ်းကြီးက သိသိသာသာ ကြီးနေသလို ဖြစ်တတ်ပါတယ်။

    • တွဲလောင်းကျနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းငယ်

    ဒါကလည်း မိန်းမကိုယ်နှုတ်ခမ်းငယ်ကို သိသိသာသာ ဖြစ်နေရတဲ့ အကြောင်းရင်းပါပဲ။ မိန်းမကိုယ်နှုတ်ခမ်းကြီးကို ကျော်လွန်ပြီး အောက်ကို တစ်လက်မသာသာလောက် တွဲလောင်း ဖြစ်နေတတ်ပါတယ်။ အတွင်းခံဝတ်ရင် သွားသွားထိနေတတ်ပါတယ်။

  • တွဲလောင်းကျနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းကြီး
  • အသားအရေလျော့တွဲကျနေတာနဲ့ တူပါတယ်။ တွဲလောင်းကျနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းက အတွင်းခံဝတ်တဲ့အခါ အတွင်းခံတခြား မိန်းမကိုယ်တခြား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ပဲ မိန်းမကိုယ်နှုတ်ခမ်းငယ်နဲ့ အတွင်းခံနဲ့ သွားသွားထိနေတတ်ပါတယ်။

    • ပြားပြီး သေးနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းကြီး

    နှုတ်ခမ်းကြီး ဆိုပေမယ့် ပြားပြီး သေးနေတာကြောင့် ဆီးခုံရိုးမှာ ကပ်နေနိုင်ပါတယ်။ သေးနေတဲ့အတွက် နှုတ်ခမ်းနှစ်ခုက ဟပြီး မိန်းမကိုယ်နှုတ်ခမ်းငယ်ကို မြင်နေရမှာပါ။

    • သေးပြီး စိနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းကြီး

    ဒါကတော့ အပေါ်ကလိုမျိုး မဟုတ်ဘဲ စိနေတာကြောင့် မိန်းမကိုယ်နှုတ်ခမ်းငယ်ကိုပါ အုပ်ထားသလို ဖြစ်နေတတ်ပါတယ်။ အပြာရုပ်ရှင်တွေမှာ တွေ့ရတတ်တာမျိုးပေါ့။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ ဒီအမျိုးအစားက သိပ်တွေ့ရလေ့ မရှိပါဘူး။

    • မိန်းမကိုယ်နှုတ်ခမ်းငယ်ကို မြင်နေရတာ

    အများအားဖြင့်တော့ မိန်းမကိုယ်နှုတ်ခမ်းကြီးက နာမည်အတိုင်း ပိုကြီးနေတာကြောင့် မိန်းမကိုယ်နှုတ်ခမ်းငယ်ကို ဒီတိုင်းမတွေ့ရတတ်ပါဘူး။ တွဲလောင်းကျနေတယ်ဆိုရင်တောင် နှုတ်ခမ်းကြီးက ကွယ်ထားသလို ဖြစ်နေတတ်ပါတယ်။ ဒီနှစ်ခုက ဆိုဒ်တူသွားရင်တော့ မြင်ရနိုင်ပါတယ်။ နှုတ်ခမ်းကြီးရဲ့ ထိပ် ဒါမှမဟုတ် ဟိုးအဆုံးနားမှာ မိန်းမကိုယ်နှုတ်ခမ်းငယ်ကို တွေ့ရတတ်ပါတယ်။

    ခုပြောခဲ့တာတောင် ၁၀မျိုးလောက် ရှိနေပါပြီ။ ဒီထဲမှာ မပါတဲ့ အမျိုးအစားတွေလည်း ရှိပါသေးတယ်။ မိန်းမအင်္ဂါပုံစံများ က နှုတ်ခမ်းတွေတင် မတူတာ မဟုတ်ပါဘူး။ မိန်းမကိုယ်အရောင်တွေ၊ မိန်းမကိုယ်အစေ့တွေ၊ ဆီးခုံ၊ ဆီးခုံမွေး စတာတွေလည်း မတူတာမျိုး ရှိတတ်ပါတယ်။

    တခြားဘယ်နေရာတွေ မတူညီတာမျိုး ရှိသေးလဲ။

    ဥပမာ မိန်းမကိုယ် အရောင်ဆိုရင် အမည်းရောင်၊ အညိုရောင်၊ ပန်းရောင် စသဖြင့် အမျိုးမျိုးရှိပါတယ်။ အသားအရောင်တွေလိုပါပဲ။ များသောအားဖြင့်တော့ မိန်းမကိုယ်နေရာတဝိုက်က မယ်လနင်ရှိတာကြောင့် အရောင်ရင့်တတ်ပါတယ်။

    မိန်းမကိုယ်အစေ့ဆိုရင်လည်း ဒီလိုပါပဲ။ အစေ့သေးတာ၊ အစေ့ကြီးတာအပြင် စမ်းရခက်တာ၊ သိသိသာသာ ထွက်နေတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

    ဆီးခုံဆိုရင်လည်း အဆီနည်းတာ၊ များတာ၊ အရိုးဖွဲ့စည်းပုံပေါ် မူတည်ပြီး ဆီးခုံမောက်တာ၊ ဖောင်းတာ၊ ပြားချပ်နေတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးခုံမွေးဆိုရင်လည်း ကျဲတာ၊ ထူတာ၊ တချို့ဆို အမွေးက အရောင်လေးတွေ ကွဲတာလေးတွေ ရှိတတ်ပါတယ်။

    အမျိုးသမီးအင်္ဂါပုံစံတွေက လိင်မှုကိစ္စမှာ အဓိပ္ပာယ်တစ်ခုခု ရှိနေသလား။

    မိန်းမအင်္ဂါပုံစံများက ထူးခြားတဲ့ အဓိပ္ပာယ်မရှိတာကြောင့် ဒါတွေနဲ့ အမျိုးသမီးတွေကို တံဆိပ်မကပ်သင့်ပါဘူး။ အရင်တုန်းကဆိုရင် မိန်းမကိုယ်အစေ့ကြီးတဲ့ အမျိုးသမီးတွေက လိင်စိတ်ပြင်းပြတယ်။ မိန်းမကိုယ်နှုတ်ခမ်းသားတွေ အရောင်ရင့်နေတာ အာသာဖြေတာများလို့။ မိန်းမကိုယ်နှုတ်ခမ်းသား တွဲလောင်းကျနေတဲ့သူတွေက ယောက်ျားစိတ်ပေါက်နေတာ။ ဒါကြောင့် လိင်တံလို ရှည်ထွက်လာတာ။  မိန်းမကိုယ်လှန်နေတာက ကလေးမွေးထားလို့၊ အပျိုမစစ်လို့ စသဖြင့် သတ်မှတ်ကြပါတယ်။

    ဒါတွေက အခြေအမြစ်မရှိသလို နှာခေါင်းကြီးတဲ့သူ နှာဘူးလို့ ပြောနေသလိုပါပဲ။ မိန်းမကိုယ်ပုံစံတွေက သီးသန့်ဖြစ်တာကြောင့် ဘာအဓိပ္ပာယ်မှလည်း မရှိပါဘူး။ လိင်မှုကိစ္စမှာလည်း ထူးခြားချက်မရှိပါဘူး။

    ကိုယ်လိုချင်တဲ့ မိန်းမအင်္ဂါပုံစံများ ရအောင် ပြုပြင်သင့်သလား။

    ဒါတွေက အပြာရုပ်ရှင်နဲ့ အဖော်အချွတ်ရုပ်ရှင်တွေကနေ စတာပါ။ သူတို့က သရုပ်ဆောင်ရွေးသလို မိန်းမကိုယ်ကိုလည်း ဆွဲဆောင်မှုရှိတဲ့ပုံစံတွေကို ရွေးချယ်ထားတာပါ။ ဒါကြောင့် ပန်းရောင်မိန်းမကိုယ်တွေ၊ စိနေတဲ့ မိန်းမကိုယ်တွေ ဖြစ်နေတာပါ။ စိနေတဲ့ မိန်းမကိုယ်က အပြင်မှာ တွေ့ရခဲတယ်လို့ အပေါ်မှာ ပြောပြီးပါပြီ။

    ဒါတွေက စံသတ်မှတ်ချက်တွေ မဟုတ်ပါဘူး။ ဆိုလိုတာက မိန်းမကိုယ်အင်္ဂါပုံစံများက ဒီလိုမှ၊ အရောင်ဖြစ်မှ လှတယ်လို့ ပြောလို့မရပါဘူး။ အသားဖြူမှ လှတယ်လို့ သတ်မှတ်လို့ မရသလိုပါပဲ။

    အခုအပြင်မှာ မိန်းမကိုယ်အရောင်သွင်းတာတွေ၊ သေးအောင် ခွဲစိတ်တာတွေ ရှိနေတာပဲ။ အလှအပရေးရာ သက်သက်ကြောင့်နဲ့တော့ မခွဲစိတ်သင့်ပါဘူး။ ဒါပေမယ့် ကိုယ်က သက်သောင့်သက်သာ မဖြစ်လို့ဆိုရင်တော့ တစ်မျိုးပေါ့။ ဥပမာ မိန်းမကိုယ်နှုတ်ခမ်းက ကြီးနေတာကြောင့် အတွင်းခံနဲ့ တိုက်မိပြီး ခဏခဏပွန်းတယ်ဆိုရင်ပေါ့။

    ဘယ်လိုအခါမျိုးဆို သတိထားသင့်သလဲ။

    အမျိုးသမီးအင်္ဂါပုံစံတွေက ပုံစံအမျိုးမျိုးရှိတာကြောင့် ဘယ်ဟာက ပုံမှန်ပါဆိုပြီး စံသတ်မှတ်ဖို့ ခက်ပါတယ်။ ကျန်းမာနေရင်၊ ကိုယ်လည်း သက်သောင့်သက်သာဖြစ်တယ်ဆိုရင်၊ ပြဿနာမရှိပါဘူး။ ဒီလိုမဟုတ်ဘဲ

    • မိန်းမကိုယ်မှာ အလုံးအကျိတ်တွေ စမ်းမိရင်
    • ရုတ်တရက် မိန်းမကိုယ်က အရောင်ပြောင်းလာရင်
    • မိန်းမကိုယ်တဝိုက်မှာ နာကျင်ရင်
    • အတူနေတိုင်း နာနေရင်
    • ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေ၊ အဖြူဆင်းတာတွေ ရှိလာရင်တော့ စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    25/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement