အိမ်မွေးတိရစ္ဆာန်တွေက သခင်တွေကို အားပေးနှစ်သိမ့်ပေးနိုင်ပါတယ်။British Psychological Society ရဲ့သုတေသနတွေအရခွေးတွေဟာအထူးသဖြင့် ရောဂါကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်၊ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ပိုရှိလာစေတယ်လို့ဖော်ပြထားပါတယ်။ စိတ်ကျဝေဒနာခံစားနေရတဲ့ သခင်ဖြစ်သူကို မကောင်းတဲ့အတွေးတွေတွေးမယ့်အစား တစ်ခုခုကို အာရုံစိုက်လာအောင် လုပ်ပေးနိုင်ပါတယ်။ သူတို့က သခင်ကိုဂရုစိုက်နေချိန်ဆို အမြဲရင်းရင်းနှီးနှီး ချစ်ခင်ပေးတတ်ကြပါတယ်။
နာတာရှည်ခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တယ်
အိမ်ထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေတာက နာတာရှည်ခံစားနေရတဲ့ဝေဒနာတွေကနေ အာရုံအပြောင်းအလဲလေးဖြစ်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ ပွတ်သပ်ထွေးပွေ့တာ၊ ကစားတာတွေ လုပ်တဲ့အချိန်တိုင်း ခန္ဓါကိုယ်ထဲမှာ နာကျင်မှုကိုသက်သာစေတဲ့endorphinsဟော်မုန်းတွေထွက်ရှိစေနိုင်ပါတယ်။ဆေးရုံတက်နေရတဲ့လူနာတွေဆီကို သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေခေါ်လာတွေ့ဆုံစေတဲ့အခါ နာကျင်မှုဝေဒနာသက်သာစေတာကိုတွေ့ရတာ ဒီအချက်ကြောင့်ပါပဲ။Loyola University ချီကာဂို သုတေသီတွေက အရိုးအဆစ် အစားထိုးခွဲစိတ်ကုသမှုအတွင်းpet therapy ကိုခံယူခဲ့ရင် နာကျင်မှုသက်သာတာတွေ့ရတယ်လို့ ဆိုပါတယ်။
အိမ်မွေးတိရစ္ဆာန်ကြောင့် ပေါင်းသင်းဆက်ဆံရေးပိုကောင်းစေနိုင်တယ်
အိမ်မွေးတိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေထိုင်လေ့ရှိတဲ့လူငယ်တွေဟာ ချစ်ခင်သူတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံရေးပိုကောင်းပြီး ပိုရင်းရင်းနှီးနှီးနေတတ်ကြတယ်လို့ မကြာသေးခင်က စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ သူတို့က ဦးဆောင်မှုတာဝန် ပိုလုပ်ဆောင်နိုင်ကြပြီး ယုံကြည်မှုပိုရှိတဲ့အပြင် ကိုယ်ချင်းစာနာစိတ်လည်းပိုများတယ်လို့Journal of Applied Developmental Science မှာဖော်ပြထားပါတယ်။
ကိုယ့်ရဲ့ကျန်းမာရေးပြောင်းလဲမှုတွေကို အိမ်မွေးတိရစ္ဆာန်က သတိထားစောင့်ကြည့်ပေးနိုင်တယ်
အိမ်မွေးတိရစ္ဆာန်တွေက သခင်ရဲ့အပြုအမူတွေကို အသေးစိတ် သတိထားမိကြပါတယ်။ ဒီအချက်ကြောင့်ပဲ ဆီးချိုဝေဒနာသည်တွေအတွက် အကူအညီဖြစ်စေနိုင်တာဖြစ်ပါတယ်။ တချို့တိရစ္ဆာန်တွေက သခင်တွေမှာသွေးတွင်းသကြားဓါတ်မြင့်တက်နေရင် သခင့်ထက်အရင် အာရုံခံသိရှိနိုင်စွမ်းရှိနိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာသွေးတွင်းသကြားဓါတ်ကျဆင်းနေပြီဆိုရင်ketoacidosis ရပြီး ခံတွင်းနံ့ပြောင်းလဲတတ်တာကြောင့်လေ့ကျင့်ထားတဲ့ခွေးတွေက ဒီအနံ့ပြောင်းလဲမှုကို သိနိုင်ပါတယ်။ခွေးတိုင်းဒီလိုလုပ်နိုင်စွမ်းရှိတာမဟုတ်ပေမယ့်လေ့ကျင့်ပေးလို့ရတာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြှင့်တင်နိုင်တယ်
အိမ်မွေးတိရစ္ဆာန်တွေက ဘာမှတွက်ချက်စဉ်းစားနေတာမရှိ၊ အစီအစဉ်မရှိ၊ မျက်နှာမလိုက်တတ်၊ သခင်ကဘယ်လိုပုံဖြစ်နေပါစေ၊ဘယ်လိုပြုမူနေထိုင်ပါစေ ဂရုမစိုက်တတ်ကြဘဲ သခင်ကိုအကြွင်းမဲ့ချစ်ခင်တွယ်တာတတ်တာကြောင့် သခင်ရဲ့စိတ်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်၊ယုံကြည်စိတ် တိုးလာစေနိုင်ပါတယ်။ ဘာတွေပဲဖြစ်နေပါစေ ခွေးလေး၊ကြောင်လေးတွေက သခင်ကိုအရမ်းချစ်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေနိုင်တာဖြစ်ပါတယ်။
မိသားစုဝင်အချင်းချင်း ပိုရင်းနှီးစေပါတယ်
သင့်ရဲ့သားသမီးတွေကိုခွေးနဲ့လမ်းလျှောက်ထွက်ခိုင်းတာ ဒါမှမဟုတ်ကြောင်ကိုအစာကျွေးဖို့ သင်ကအမြဲတာဝန်ယူထားတာမျိုးဆိုရင် အိမ်မွေးတိရစ္ဆာန်ဟာ မိသားစုဝင်တွေကြားမှာပေါင်းကူးလုပ်ပေးနေတာဖြစ်ပါတယ်။ တခါတလေမြေးတွေက အဖိုးအဖွားတွေနဲ့ စကားသိပ်မပြောဖြစ်တဲ့အခါမျိုးမှာကြောင်လေး၊ခွေးလေးတွေကြောင့်ပဲ စကားပြောစရာ အတူလုပ်စရာပေါ်လာစေတာကြောင့် ရင်းနှီးမှုပိုလာစေပါတယ်။ အိမ်မွေးတိရစ္ဆာန်ချစ်တတ်တဲ့ကလေးတွေဟာ တခြားသူတွေကို ကြင်နာသနားတတ်၊ ဂရုစိုက်တတ်လာပြီး တာဝန်ယူစိတ်ရှိလာနိုင်ပါတယ်။
ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်မွေးတော့မယ်ဆိုရင် သတိထားလုပ်ဆောင်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါမှသာ အိမ်မွေးတိရစ္ဆာန်မှာရော ကိုယ့်မိသားစုမှာပါဘေးကင်းကျန်းမာစေနိုင်မှာဖြစ်ပါတယ်။
အိမ်မွေးတိရစ္ဆာန်ဆီကနေရောဂါကူးစက်မှုမဖြစ်ရအောင် –
•မွေးဖို့ခေါ်လာပြီဆိုတာနဲ့ အိမ်မွေးတိရစ္ဆာန်အသစ်တွေကို ဆရာဝန်ပြသ စစ်ဆေးပါ။
• သူတို့ကို ပုံမှန်ကျန်းမာရေးစစ်ဆေးပေးပါ၊ ကာကွယ်ဆေးထိုးပါ၊ သန်ချပါ။
• ကြောင်တွေ၊ခွေးတွေရဲ့ မစင်ကို ကျုံးရပြီဆိုရင် ထိတွေ့ပြီးတာနဲ့ အမြဲလက်ဆေးပါ
• ကိုယ်ဝန်ဆောင်တွေအနေနဲ့ တိရစ္ဆာန်မစင်ကို နေ့စဉ်နဲ့အမျှမထိတွေ့သင့်ပါ
•ကြောင်တွေ၊ခွေးတွေ မစင်စွန့်တဲ့နေရာမှာ ကလေးတွေကိုပေးမကစားပါနဲ့။
•ခွေးတွေ၊ကြောင်လေးတွေကို ဘယ်အရာမှအစိမ်းမကျွေးပါနဲ့၊ အိမ်သာထဲကရေတွေမသောက်ပါစေနဲ့။
•မွေးကင်းစအရွယ်လေးတွေကို နေမကောင်းဖြစ်နေတဲ့ ခွေးပေါက်စ၊ကြောင်ပေါက်စတွေနဲ့ နီးနီးမထားပါနဲ့။
ဒီလိုမျိုး ကျန်းမာရေးအသိနဲ့ စနစ်တကျမွေးမြူစောင့်ရှောက်ထားမယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်ကြောင့်ရောဂါကူးစက်ခံရနိုင်ဖို့ အကြောင်းမရှိသလောက်ဖြစ်စေမှာပါ။ အဓိကက ရောဂါကင်းရှင်းမှုနဲ့ သန့်ရှင်းမှုပါပဲ။