backup og meta

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

    အိမ်မှာပဲ အလုပ်လုပ်တယ်ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေ များလွန်းတဲ့အိမ်တွေမှာဆိုရင် အလုပ်လုပ်ရတာ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ကလေးတွေကိုယ်တိုင်ကလည်း အပြင်ထွက် ဆော့ကစားလို့မရတဲ့အခါ အိမ်ထဲမှာပဲ ပြေးလွှားဆော့ကစားကြရတယ်။ ပစ္စည်းတစ်ခုခု ပြုတ်ကျအောင် လုပ်မိတာမျိုး၊ သွေးထွက်သံယို မတော်တဆ တစ်ခုခု ဖြစ်တာ၊ အသံအကျယ်ကြီး အော်တာ၊ ရုပ်ရှင်၊ ကာတွန်းကားဖွင့်ကြည့်တာမျိုး လုပ်နေတဲ့အခါ ကိုယ့်ရဲ့ အလုပ်လုပ်ချင်စိတ်ကို သွားပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါဆို ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ။

    ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

    ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ဆိုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေကိုပဲ ဂရုစိုက်ဖို့ လိုပါမယ်။

    ဒီအချက်တွေက ကလေးရှိတဲ့ မိသားစုတွေအတွက်သာမက တစ်ယောက်တည်း နေထိုင်သူတွေအတွက်ပါ အသုံးဝင်တဲ့ နည်းလမ်းတွေပါ။ ရုံးမှာလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ စိတ်လွတ်လက်လွတ် လုပ်လို့ရတဲ့အချက်ကြောင့်လည်း ဒီနည်းလမ်းတွေဟာ သင့်အတွက် အဆင်ပြေစေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

    ၁။ အလုပ်ချိန်ကို သတ်မှတ်ပါ။

    တစ်ပတ်ကို ဘယ်နှစ်ရက် အလုပ်လုပ်မယ်၊ တစ်ရက်ကို ဘယ်နှစ်နာရီအလုပ်လုပ်မယ်၊ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အလုပ်လုပ်မယ် စသဖြင့် မိသားစုအားလုံးနဲ့ တိုင်ပင်ထားဖို့ လိုပါတယ်။

    အဓိက ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာ ဆူညံသံတွေ နည်းနိုင်သလောက် နည်းဖို့ အရေးကြီးပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်တွင်းမှာ ကလေးတွေအနေနဲ့ အွန်လိုင်းကနေ စာသင်ကြားတာ သို့မဟုတ် မိခင်ဖြစ်သူနဲ့အတူ စာလုပ်တာ၊ ရုပ်ရှင်ကို အသံတိုးတိုးနဲ့သာ ကြည့်တာမျိုး လုပ်ပေးနိုင်ပါတယ်။

    ၂။ အလုပ်လုပ်ချိန်ကို လျှော့ချပါ။

    သင့်ရဲ့ အလုပ်ကသူဌေးကတော့ ဒီနည်းလမ်းကို နည်းနည်းမှ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဝန်ထမ်းတိုင်းလိုလို အိမ်ကနေ အလုပ်လုပ်ရတဲ့အတွက် အခက်အခဲတွေက ရှိနေနိုင်ပါတယ်။

    ဒါကြောင့် အလုပ်လုပ်ချိန်ကို လျှော့ချပြီး ကျန်တဲ့အချိန်တွေကို မိသားစုအတွက်၊ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပြန်ပေးပါ။ အလုပ်လုပ်ချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ အလုပ်ပမာဏအတိုင်း ပြီးမြောက်အောင် ကြိုးစားလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

    ဒါမှမဟုတ် အလုပ်ချိန်ကို ပြောင်းလဲလို့ ရပါတယ်။ ဥပမာ ကိုယ့်ရဲ့ အလုပ်ချိန်ကို ကလေးတွေ အိပ်နေတုန်းဖြစ်တဲ့ မနက်အစောပိုင်းမှာ စလုပ်တာမျိုး ဒါမှမဟုတ် ညဉ့်နက်တဲ့အထိ လုပ်တာမျိုးပါ။ အများနဲ့ လုပ်ရတဲ့ အလုပ်မှာ သူများလုပ်တဲ့အချိန် လုပ်နိုင်ရင် ကောင်းပေမယ့် မလုပ်နိုင်ရင်တော့ ဒီနည်းလမ်းက မဆိုးလှပါဘူး။

    ၃။ အိပ်ခန်းထဲမှာ အလုပ်လုပ်ပါ။

    ပုံမှန်အားဖြင့်တော့ ကိုယ့်အိမ်မှာ အလုပ်ခွင်နေရာသတ်မှတ်တဲ့အခါ လေကောင်းလေသန့်နဲ့ သဘာဝအလင်းရောင် ကောင်းစွာရနိုင်တဲ့ အိမ်ရှေ့ခန်းကျယ်မှာ အလုပ်လုပ်တာ ပိုများပါတယ်။

    ဒါပေမယ့် အိမ်ထဲမှာ ကလေးတွေ ပြည့်နေတဲ့အခါ အိမ်ရှေ့ခန်းမှာ အလုပ်လုပ်ရင် ကိုယ့်အတွက် အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် အသံလုံတဲ့ ကိုယ့်ရဲ့ အိပ်ခန်းမှာပဲ မီးအလင်းရောင်ကောင်းကောင်းနဲ့ အလုပ်လုပ်တာ ပိုအဆင်ပြေမှာပါ။

    ၄။ ညကိုစောစောအိပ်ပြီး မနက်ကိုစောစောထပါ။

    ကလေးတွေက မနက်ဆိုရင် နောက်ကျမှ ထတတ်တာဆိုတော့ မနက်အစောပိုင်းမှာ ကိုယ်ရယ် တခြားလူကြီးတွေရယ်ပဲ နိုးနေမှာဖြစ်တဲ့အတွက် အလုပ်လုပ်ရတာ အာရုံစူးစိုက်လို့ ပိုကောင်းမှာပါ။ ကလေးတွေ မနိုးခင်အချိန်ထိကို တတ်နိုင်သလောက် အလုပ်များများပြီးအောင် လုပ်ထားပါ။ နေ့လယ်ဘက်တွေမှာ တရေးမအိပ်ပါနဲ့၊ ညဘက်မှာသာ စောစောအိပ်နိုင်အောင် ကြိုးစားပါ။

    ၅။ ကလေးတွေနဲ့အတူ အားလပ်ချိန်မှာ ဆော့ကစားပေးပါ။

    စောစောကပြောခဲ့တဲ့ ကိုယ့်ရဲ့တစ်နေ့တာအလုပ်ချိန်ကို မိသားစုနဲ့အတူ ညှိနှိုင်းတိုင်ပင်ပြီး၊ သတ်မှတ်ပြီးသွားပြီဆိုရင် ကျန်တဲ့အချိန်တွေမှာ ကိုယ့်ရဲ့ မိသားစုတွေအတွက် အချိန်ပြန်ပေးပါ။ ကလေးတွေနဲ့အတူ ဆော့ကစားပေးတာ၊ အိမ်အလုပ်တွေကို ကူလုပ်ပေးတာ၊ ကိုယ့်ရဲ့ အိပ်ခန်း၊ အဝတ်ဘီဒိုကို ရှင်းလင်းပေးတာမျိုး လုပ်ပေးပါ။ ပြီးသွားမှ အနားယူရင်း ကိုယ့်ကိုယ်ကိုယ် အချိန်ပြန်ပေးပါ။

    အိမ်ကနေ အလုပ်လုပ်ရတဲ့ ကိစ္စက ကုမ္ပဏီဝန်ထမ်းတွေအတွက် ရှောင်လွယ်လို့မရတဲ့ New Normal အခြေအနေဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကိုယ့်အတွက် အဆင်အပြေနိုင်ဆုံးဖြစ်အောင် ညှိနှိုင်းလုပ်ယူနိုင်ရင်တော့ တော်တော်လေးကို သက်သောင့်သက်သာဖြစ်စေနိုင်မှာပါ။

    Hello ဆရာဝန် ပရိတ်သတ်များလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement