backup og meta

ဘီယာဗိုက် မြန်မြန်ကျဖို့ လမ်းလျှောက်မလား၊ ပြေးမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘီယာဗိုက် မြန်မြန်ကျဖို့ လမ်းလျှောက်မလား၊ ပြေးမလား

    အသက်ကြီးကြီး ဗိုက်ပူပူနဲ့ အမျိုးသားတွေကို ဘီယာဗိုက် ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ အဓိကကတော့ ဗိုက်နဲ့ ခါးမှာ အဆီတွေစုမိပြီး ဗိုက်ပူပြီး ဖောရောင်သလို ဖြစ်နေတာပါ။

    ဘီယာဗိုက် ဆိုတဲ့ နာမည်ပြောင်လိုပါပဲ၊ ဘီယာ၊ အရက်သောက်တာ များတာကြောင့်လည်း ဖြစ်နိုင်သလို အဆီစားတာ များသူတွေ၊ အစာအာဟာရ မမျှတသူတွေ၊ အထိုင်များပြီး လှုပ်ရှားမှု နည်းသူတွေ၊ အဝလွန်သူတွေ၊ လေ့ကျင့်ခန်း မလုပ်တဲ့သူတွေမှာ ဗိုက်အဆီဖုံးနိုင်ပါတယ်။ ဝတဲ့သူတွေသာမက ပိန်တဲ့သူတွေမှာလည်း ဘီယာဗိုက် ဖြစ်နိုင်ပါတယ်။

    သွေးထဲမှာ မလိုအပ်တဲ့ ကိုလက်စထရော၊ ကယ်လိုရီနဲ့ အဆီတွေ စုမိပြီး ကြာလာတဲ့အခါ အဝလွန်ရောဂါနဲ့ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်အဆီဖုံးတာအပြင် ကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်ကနေပြီး ဗိုက်အဆီ မြန်မြန်ကျစေဖို့ ဘယ်လို လေ့ကျင့်ခန်းက သင့်လျော်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဗိုက်အဆီ ကျစေဖို့ ပြုပြင်သင့်တဲ့ အရာတွေ

    မဖြစ်မနေ ပြင်သင့်တာကတော့ နေ့စဉ် စားသောက်နေထိုင်တဲ့ ပုံစံပါပဲ။ ဝမ်းဗိုက်မှာ အဆီစုနေတာဟာ အလွန်ကြည့်ရဆိုးစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဒုက္ခများစွာ ဖြစ်စေနိုင်ပါတယ်။

    ပုံမှန်လူတစ်ယောက်ဟာ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ြခင်း သို့မဟုတ် ၁၅ မိနစ်ခန့် ပြေးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပေးလို့ ရပေမယ့် ဝမ်းဗိုက်မှာ အဆီစုနေတဲ့သူတွေကတော့ အဆီကျစေဖို့ အချိန်ယူရမှာ ဖြစ်တဲ့အပြင် ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုအပ်ပါတယ်။

    ဝမ်းဗိုက်အဆီ အမြန်ကျဖို့ ပြေးမလား၊ လမ်းလျှောက်မလား။

    လမ်းကြာကြာလျှောက်ခြင်းထက် ပြေးလိုက်တဲ့အခါ အားအင် ပိုမိုစိုက်ထုတ်ရတဲ့အတွက် ခန္ဓါကိုယ်က ကယ်လိုရီနဲ့ အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်တာကြောင့် ဝမ်းဗိုက်အဆီဖုံးနေသူတွေအတွက် အသင့်လျော်ဆုံး လေ့ကျင့်ခန်းပါပဲ။

    ကိုယ်က အလုပ်ခွင်မှာ အထိုင်များတယ်ဆိုရင် မကြာခဏ ထသွား ထလာ လုပ်ပေးပါ။ မနက်ခင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အပြေးလေ့ကျင့်ပါ။ ပြေးနေစဉ်မှာ သွေးထဲမှာ ရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေတဲ့ ဟော်မုန်းတွေ အများအပြား ထွက်ရှိလာပါတယ်။ ဒီအခါမှာ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုဟာ ပိုမိုကောင်းမွန်လာပြီး အစာကြေစေတယ်၊ အဆီကျစေတယ်၊ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်၊ နှလုံးခုန်နှုန်းကိုလည်း မြန်စေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။

    ပြေးတာအပြင် တခြားဘာလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုမလဲ။

    ကိုယ်က အချိန်သိပ်မပေးနိုင်တဲ့သူဆိုရင်တော့ မနက်ခင်း စောစောထပြီး ပုံမှန် အပြေးေလ့ကျင့်ပါ။ မပြေးခင်မှာ ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။ ပြီးမှ စတင်ပြေးပါ။ ပြေးတဲ့အခါမှာလည်း အသက်ကို ပုံမှန်ရှူရှိုက်ဖို့ အရေးကြီးပါတယ်။ အမောခံနိုင်ဖို့နဲ့ သက်လုံကောင်းစေဖို့၊ အဆီပိုတွေ အမြန်ကျစေဖို့ အနည်းငယ် အရှိန်ထည့်ပြီး ပြေးကြည့်ပါ။ အစပိုင်းမှာတော့ မောနေမှာဖြစ်ပေမယ့် နောက်ပိုင်း ကျင့်သားရသွားတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။

    အချိန်ပိုပေးနိုင်မယ်ဆိုရင်တော့ ကြွက်သားကို အားစိုက်ထုတ်ရတဲ့ ရေကူးလေ့ကျင့်တာ၊ အားကစားလုပ်တာ၊ Gym မှာ စနစ်တကျ အလေးမတာ၊ ဝမ်းဗိုက်လေ့ကျင့်ခန်း လုပ်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ထိုင်ထ လုပ်တာ၊ အိပ်ထမတင် လုပ်တာ၊ ဒိုက်ထိုးတာ ပုံမှန် လုပ်ပေးနိုင်ရင်လည်း ကိုယ်တွင်း အဆီပိုတွေကို လျင်မြန်စွာ ကျစေပြီး ကြွက်သားထုကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။

    ဝမ်းဗိုက်အဆီချဖို့ ဘာတွေ သိထားဖို့ လိုမလဲ။

    အဆီနဲ့ ကယ်လိုရီတွေ အများအပြား စုနေတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ နေ့စဉ် ပုံမှန်လုပ်သွားဖို့နဲ့ စိတ်ရှည်ဖို့ အရေးကြီးပါတယ်။ မောတယ်ဆိုပြီး နောက်နေ့တွေမှာ နားလိုက်တာမျိုး၊ ဖြည်းဖြည်းလေးပဲ ပြေးတာမျိုး လုပ်တာဟာ ထိရောက်မှု အလွန်နည်းပါတယ်။

    လေ့ကျင့်ခန်းကိုလည်း လုပ်ပါ။ အစားကိုလည်း ဆင်ခြင်ပါ။ အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ပရိုတင်းဓါတ်တွေ ပါဝင်တဲ့ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ထွက်ပစ္စည်းတွေ စားပေးပါ။ အစားအစာချက်ပြုတ်ရာမှာ ဆီ၊ ဆား၊ သကြား လျှော့ထည့်ပါ။ သကြားပါဝင်မှု များတဲ့ အအေးတွေ၊ မုန့်ပဲသရေစာတွေအစား သစ်သီးဝလံတွေကိုသာ စားသုံးပေးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement