backup og meta

Plankလေ့ကျင့်ခန်း ကနေပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Plankလေ့ကျင့်ခန်း ကနေပေးတဲ့ ကျန်းမာရေး

    အခုနောက်ပိုင်း လူငယ်တော်တော်များများက ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး အချိုးကျလှပစေဖို့အတွက် လေ့ကျင့်ခန်းအမျိုးမျိုးကို လုပ်လာကြပါတယ်။ လေ့ကျင့်ခန်းတွေက ကိုယ်နေဟန်ထားကို မှန်ကန်စေသလို ခန္ဓာကိုယ်ကို သိသိသာသာကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်နေဟန်ထားမှန်ကန်စေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ Plankလေ့ကျင့်ခန်း လေးအကြောင်း နည်းနည်းလောက်ဆွေးနွေးရအောင်လား။

    Plank ထောက်တာကို ဘယ်လိုစလုပ်ရမလဲ…….

    Plankလေ့ကျင့်ခန်း လုပ်ဖို့အရင်ဆုံး တပြေးညီ ကြမ်းပြင်ကျယ်ကျယ်လေးရှိဖို့လိုပါမယ်။ ပြီးရင်တော့ ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက် နဲ့ ဒူးနှစ်ဖက်ကို ထောက်လိုက်ပါ။ လက်တွေကို ပခုံးနဲ့တစ်တန်းတည်းဖြစ်အောင်ထားပါ။ ခြေထောက်တွေကိုလည်း တင်ပါးအကျယ်အတိုင်းထားပါ။ ပြီးရင် ခြေထောက်တွေကိုဆန့်ထုတ်လို့ ခြေဖျားပေါ်မှာအားပြုပါ။ လက်ထောက်ချပြီး လက်သီးဆုပ်လို့ လက်ဖျံပေါ်မှာ အားပြုပါ။ ဝမ်းဗိုက်ကို ချပ်ထားပြီး ခါးကိုဆန့်တန်းထားပါ။ ခေါင်းငုံ့ထားပါ။ ခေါင်းကနေ ခြေဖျားအထိ တပြေးတည်းဖြစ်နေပါစေ။ စစချင်းမှာ ၁၅ စက္ကန့် ဒီလိုကနေမှ စက္ကန့် ၃၀ ၊ တစ်မိနစ်လောက်အထိတိုးလုပ်သွားပေးပါ။

    Plankလေ့ကျင့်ခန်း လုပ်တာကြောင့် ဘာတွေ ထူးလာမလဲ….

    နေ့စဉ်ပုံမှန် မနက်အိပ်ရာထတဲ့အချိန်၊ ရေမချိုးခင်တွေမှာ ပုံမှန် Plank ထောက်ပေးတာ အခုလို ကျန်းမာရေးအကျိုးကျးဇူးတွေကို ရစေနိုင်ပါတယ်။

    Plankထောက်တာက ဝမ်းဗိုက်ကြွက်သား၊ လက်ကြွက်သား၊ ခါးအောက်ပိုင်းကြွက်သားတွေအပါအဝင် တစ်ကိုယ်လုံးက ကြွက်သားတွေကို အသုံးပြုရတာဖြစ်တာကြောင့် ကြွက်သားတွေကို သန်မာလာစေမှာပါ။

    • ကျောရိုး နဲ့ ကြွက်သားတွေကို သန်မာစေနိုင်တယ်

    Plankလေ့ကျင့်ခန်း ရဲ့ အားသာချက်က အခြားလေ့ကျင့်ခန်းတွေလို ပင်ပင်ပန်းပန်းလုပ်ပြီး  ကြွက်သားတွေကို တည်ဆောက်ရတာ မဟုတ်တာကြောင့်  ကြွက်သားတွေ ဒဏ်ဖြစ်မှာ မစိုးရိမ်ရပါဘူး။ နောက်တစ်ခုကတော့ ပုံစံမှန်မှန်နဲ့ Plankထောက်ပေးတာက ခါးနာတာကိုတောင်သက်သာစေပြီး ကျောရိုးမှာ ဒဏ်ဖြစ်တာမျိုးမရှိသလို ကျောရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။

    Plankထောက်တာက အခြား ဝမ်းဗိုက်ကြွက်သားကျစ်လျစ်အောင်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေထက် ကယ်လ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။  အထိုင်များတဲ့ အလုပ်လုပ်နေရရင်တောင်မှ နေ့တိုင်း plankထောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာ အဆီပိုတွေမရှိအောင် အကောင်းဆုံးလောင်ကျွမ်းစေနိုင်ပြီး ကျန်းမာနေစေမှာ အသေအချာပါ။

    • ကိုယ်နေဟန်ထား အဆင်ပြေစေတယ်

    Plankလေ့ကျင့်ခန်း ပုံမှန်လုပ်တာက လက်ပြင်ကိုင်းတာအပါအဝင် ကိုယ်နေဟန်ထားမမှန်တာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရေရှည်လုပ်ပေးတဲ့အခါ ခန္ဓာကိုယ်က ပုံစံတကျလှပလာတာကို တွေ့ရမှာပါ။ အကြောင်းကတော့ plankထောက်တာက အရိုး၊ အဆစ်တွေ နဲ့ အရွတ်တွေကို ပုံစံတကျရှိစေပြီး ကြွက်သားတွေကိုလည်း သန်မာစေနိုင်ပါတယ်။ ကျန်းမာပြီး စမတ်ကျကျ ကိုယ်နေဟန်ထားလေးပိုင်ဆိုင်ချင်ရင်တော့ plank ထောက်ပါ။

    • ဟန်ချက်ညီစေတယ်

    ခြေထောက်တစ်ဖက်တည်းပေါ်မှာ ရပ်ဖို့ ကြိုးစားလိုက်တိုင်း မအောင်မြင်ဘူးဆိုတာက ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းကောင်းမထိန်းနိုင်သေးလို့ပါ။ ခန္ဓာကိုယ်ကို ဟန်ချက်အညီဆုံးဖြစ်အောင် ထိန်းချင်တယ်ဆိုရင်တော့ plankထောက်ပါ။ Plankထောက်တာက ဝမ်းဗိုက်ကြွက်သားတွေကိုတင် သန်စွမ်းစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

  • ခန္ဓာကိုယ်ကို ပျော့ပျောင်းလာစေမယ်
  • နေ့စဉ်ပုံမှန် plankထောက်ပေးတာက အကြောလျှော့ပေးသလိုပါပဲ။ Plankလေ့ကျင့်ခန်း က တစ်ကိုယ်လုံးက အကြောတွေကိုပြောလျော့စေပြီး အချိန်ကြာလာတဲ့အခါ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာပါ။ ခါးကိုကောင်းကောင်းကိုင်းလို့မရအောင် အကြောတင်းနေတယ်၊ ခြေထောက် မတ်မတ်ထောင်လို့မရအောင် အကြောတင်းနေတယ်ဆိုသူတွေ လုပ်ပေးကြည့်သင့်တဲ့ လေ့ကျင့်ခန်းတစ်ရပ်ပါ။

    Plank ကလည်း ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ဦးနှောက် အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပါတယ်။ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေတာက စိတ်ကူးဖန်တီးနိုင်စွမ်းကောင်းစေသလို စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာတွေမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement