backup og meta

ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။

    လေ့ကျင့်ခန်း တစ်ခုတည်းနဲ့တော့ နည်းမှန်လမ်းမှန် ထိထိရောက်ရောက်နဲ့ ဝိတ်ချနိုင်မှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းနဲ့အတူ မှန်ကန်တဲ့ စားသောက်မှုပုံစံတစ်ခုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ် အစားအသောက်ကိုလည်း စနစ်တကျစားမယ်ဆိုရင် အောင်မြင်ဖို့ ၈၀ရာခိုင်နှုန်းတောင်ရှိတာကြောင့် ဝိတ်ချနေတဲ့သင့်ကို ခုပြောပြမယ် အချက်တွေက ကူညီနိုင်မှာပါ ။ ။

    ( ၁ ) အစားမစားခင် ရေသောက်ပါ။

    ရေသောက်ခြင်းဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တစ်နာရီအတွင်း၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်စေတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ အစားမစားခင် နာရီဝက်လောက်အလိုမှာ ရေဖန်ခွက် တစ်ဝက်လောက်သောက်ပေးရင် အစားစားချင်စိတ်ေလျာ့သွားပြီး ကယ်လိုရီတွေ အများကြီးလည်း မစားဖြစ်တော့ပါဘူး။

    ( ၂ ) ကြက်ဥကို မနက်စာအဖြစ်စားပါ။

    မနက်ပိုင်းကို ထမင်းတို့ ဂျုံတို့လို ကောက်ပဲသီးနှံအခြေခံတဲ့ အစားအသောက်တွေ စားခြင်းထက် ကြက်ဥ စားပေးတာက ဝိတ်ချနေတဲ့သူတွေ အတွက် ပိုပြီး အကျိုးရှိစေမှာပါ။ ကြက်ဥက ကယ်လိုရီနည်းတဲ့အပြင် ပရိုတင်းဓာတ်လည်း ကြွယ်ဝတာကြော့င် တစ်ချက်လည်းခုတ် နှစ်ချက်ပြတ်ပေါ့။

    ( ၃ ) ကော်ဖီသောက်ပါ။ ( ဘလက်ကော်ဖီဆိုပိုကောင်းပါတယ်။)

    ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ၁၁ ရာခိုင်နှုန်းလောက်အထိမြင့်တက်စေပြီး အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို ၃၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်စေပါတယ်။ အရေးကြီးတာက ကော်ဖီထဲ သကြားတွေအများကြီးထည့်မသောက်ဖို့နဲ့ ခရင်မ်တွေ ထည့်မသောက်ဖို့ပဲ ဖြစ်ပါတယ်။

    ( ၄ ) လက်ဖက်စိမ်း ( greem tea ) သောက်ပေးပါ။

    ကော်ဖီလိုပဲ လက်ဖက်စိမ်းရည်မှာလည်း ကဖင်းဓာတ်ကြွယ်ဝလို့ အဆီလောင်ကျွမ်းတာနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အားပေးမယ့် အပြင် လက်ဖက်စိမ်းရဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေဦးမှာပါ။

    ( ၅ ) အချိန်ပိုင်းအစာငတ်ခံခြင်း ( Intermittent fasting )နည်းကို စမ်းကြည့်ပါ။

    ခုနောက်ပိုင်း diet လုပ်နေတဲ့သူတွေကြားထဲမှာ အစားတွေ အများကြီး ရှောင်စရာမလိုဘဲ စားချင်တာတွေစားပြီး အချိန်ပိုင်း အစာငတ်တဲ့ နည်းလမ်းက popular ဖြစ်နေပါတယ်။ ၁၆:၈ အချိုးအစားက နာမည်အကြီးဆုံးပါ။ ၂၄ နာရီအတွင်း ၈နာရီလောက်ကို စားပြီး ကျန်တဲ့ ၁၆ နာရီကို ဘာမှ မစားတဲ့နည်းပါ။

    ( ၆ ) သကြားကိုဖြတ်ပါ။ ကစီဓာတ်လျှော့စားပါ။

    အချိုကဲတဲ့အစားအသောက်တွေနဲ့ ကစီဓာတ်များတဲ့ အစားအသောက်တွေက ကိုယ်အလေးချိန်လျှော့ချနေတဲ့သူအားလုံးရဲ့ ရန်သူပါ။ ဒါကြောင့် ဆီကြော်မုန့်တွေ၊ ကိတ်မုန့်၊ ပေါင်မုန့်တွေကို လျှော့စားပါ။

    ( ၇ ) အစားကို နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။

    တစ်လုံးတစ်ခဲတည်း အပြည့်အဝစားတာထက်စာရင် အစားကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။ နောက်တစ်ခု အရေးကြီးတာက ကိုယ်စားလိုက်တဲ့ ကယ်လိုရီနဲ့ ပြန်လောင်ကျွမ်းတဲ့ ကယ်လိုရီကို ချိန်စားဖို့တော့လိုပါတယ်။

    (၈ ) အစားကိုဖြည်းဖြည်းချင်းဝါးစားပါ။

    ဗိုက်ပြည့်ပြီဆိုတဲ့ အချက်ပြစနစ် အစာအိမ်ကနေ ဦးနှောက်ကို ရောက်ဖို့ မိနစ် ၂၀ လောက်ကြာတာကြောင့် ဖြည်းဖြည်းချင်း ဝါးစားပါ။ ဒါမှ ဗိုက်ပြည့်တဲ့အချိန်ကျရင် ကိုယ်က အများကြီး စားမထားမိတော့မှာပါ။

    ( ၉ ) အိပ်ရေးပျက်မခံပါနဲ့။

    ညဘက်နောက်ကျမှ အိပ်တဲ့အခါ မအိပ်ခင် ဗိုက်ဆာဖူးကြမှာပါ။ နောက်ကျတဲ့အခါ အိပ်ရင်အနားယူရမယ့် ကိုယ်တွင်းကလီစာတွေက အလုပ်လုပ်နေရတာကတစ်ကြောင်း၊ အင်ဆူလင်ပမာဏလျော့ကျသွားလို့ ဆာလောင်မှုမြင့်တက်လာက တစ်ကြောင်းနဲ့ နောက်ကျမှ အိပ်လေလေ ပိုစားမိလေလေဖြစ်တတ်ပါတယ်။

    ( ၁၀ ) Diet အတင်းမလုပ်ပါနဲ့။

    Diet လုပ်တိုင်း ကောင်းတာ မဟုတ်ပါဘူး။ Diet အတင်းအကြပ်လုပ်လေလေ စားချင်စိတ်ပိုများများလေလေနဲ့ ကြားထဲ စိတ်ဖိစီးမှုတွေများနေပါလိမ့်မယ်။ ဒါ့ကြောင့် တစ်နပ်စာ အငတ်ခံတာ တစ်နေ့လုံးနေမှ တစ်နပ်ပဲ စားတာမျိုးတွေ မလုပ်ပါနဲ့။ စားတာကစားပါ။ သင့်တင့်တဲ့ ပမာဏနဲ့ ချင့်ချိန်စားပါ ။

    ဒါတွေကတော့ ဝိတ်ကျအောင် ကြိုးစားနေတဲ့သူတိုင်းကို ကူညီပေးမယ့် အရာတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ် ဒါလေးတွေလည်း လိုက်နာမယ်ဆိုရင် အချိန်တိုအတွင်း ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဝိတ်ကျမှာနော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement