ခွေးကိုက်ခံရရင် လူတွေအစိုးရိမ်ဆုံးက ခွေးရူးရောဂါပါ။ ဘာလို့လဲဆိုတော့ ခွေးရူးရောဂါက လူ၁၀၀ဖြစ်ရင် ၉၉ယောက်က သေနိုင်လို့ပါ။ ဒါကြောင့် ခွေးကိုက်ခံရ ပြီးရင်ဘာလုပ်ကြမလဲ။ ခွေးရူးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။ ခွေးကိုက်ခံရ တယ်ဆိုပေမယ့် ကြောင်ကုတ်တာကနေလည်း ခွေးရူးပြန်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ခွေးရူးရောဂါမဖြစ်အောင် လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါမယ်။
ခွေးကိုက်ခံရရင် ဘာဆက်လုပ်ကြမလဲ။
ခွေးကိုက်ခံရရင် ကိုက်ခံရ ပြီးတာနဲ့ လုပ်စရာ ၃ ခုရှိပါတယ်။
- အနာကို သန့်ရှင်းရေးလုပ်တာ
- ခွေးကိုစောင့်ကြည့်တာ
- ကာကွယ်ဆေးထိုးတာ စတာတွေပါ။
အနာသန့်ရှင်းရေးလုပ်တာ
ခွေးကိုက်ခံရပြီးပြီးချင်း အရင်ဆုံးလုပ်ရမှာ အနာကို သန့်ရှင်းရေးလုပ်ရမှာပါ။ အနာကို ဒီအတိုင်းပစ်ထားရင် ခွေးရူးမပြန်ရင်တောင် ပိုးဝင်ပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်
- ကိုက်ခံရတဲ့ နေရာကို ရေနဲ့ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
- သွေးတိတ်သွားအောင် အဝတ်သန့်သန့်နဲ့ ဖိထားပါ။
- ပြီးရင် ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ စည်းပြီး နီးစပ်ရာဆေးခန်းကိုသွားပါ။
- အနာကြီးရင်ကြီးသလို ချုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။
- လိုအပ်ရင် ပိုးသတ်ဆေးလိမ်းတာ၊ သောက်တာလုပ်ရမှာပါ။
- ပြီးတော့ မေးခိုင်ကာကွယ်ဆေးလည်းထိုးရပါမယ်။
- ခွေးရူးသည်ဖြစ်စေ မရူးသည်ဖြစ်စေ မေးခိုင်ကာကွယ်ဆေးက ထိုးကို ထိုးရမှာပါ။ ခွေးရူးပြန်တာကပဲ သေနိုင်တာမဟုတ်ပါဘူး။ မေးခိုင်ပိုးဝင်ရင်လည်း သေတတ်ပါတယ်။
ခွေးကိုစောင့်ကြည့်တာ
မြန်မာနိုင်ငံမှာတော့ လမ်းဘေးခွေးကိုက်တာများတယ်။ ကိုက်ပြီးရင်လည်း ထွက်ပြေးသွားတဲ့အတွက် စောင့်ကြည့်ဖို့ မလွယ်ပါဘူး။ အိမ်မွေးခွေးကိုက်ခံရရင်တောင် ဒီခွေးက ကာကွယ်ဆေးထိုးထားလား။ ထိုးထားရင်တောင် ကိုယ့်အလစ်မှာ အပြင်တိရစ္ဆာန်နဲ့ ထိတွေ့မှုရှိနေရင် စိတ်မချရပါဘူး။ ဒါကြောင့် ကိုယ့်ဘက်ကစိတ်ချရအောင် ကာကွယ်ဆေးသွားထိုးသင့်ပါတယ်။
ကာကွယ်ဆေးထိုးတာ
ဒီနေရာမှာလည်း နှစ်ပိုင်းကွဲသွားပါတယ်။ အရင်က ခွေးရူးကာကွယ်ဆေးထိုးဖူးတဲ့သူကို ကာကွယ်ဆေးထိုးပေးတာနဲ့ တစ်ခါမှမထိုးဖူးတဲ့သူကိုကာကွယ်ဆေးထိုးပေးတာပါ။
ဒီမှာတော့ လုံးဝမထိုးဖူးတဲ့သူတွေများပါတယ်။ အဲ့တော့ သူတို့ကို ထိုးမယ်ဆိုရင် နှစ်မျိုးထိုးရပါတယ်။ ကာကွယ်ဆေးရယ်၊ immunoglobulinလို့ခေါ်တဲ့ အဆိပ်ဖြေဆေးရယ်ပါ။ သူကတော့ post exposure prophylaxisပါ။ ရောဂါပိုးနဲ့ ထိတွေ့ခံရတယ်လို့ ယူဆပြီး ထိုးတာပါ။ ကာကွယ်ဆေးက ၃ခါထိုး၊ ၄ခါထိုး၊ ၅ခါထိုးဆိုပြီးရှိပါတယ်။ အသုံးများတာ ၅ခါထိုးပါ။ ၀-၃-၇-၁၄-၂၈ဆိုပြီး ဖြစ်ဖြစ်ချင်း၊ ၃ရက်အကြာ၊ ၇ရက်အကြာ၊ ၁၄ရက်အကြာ၊၂၈ရက်အကြာမှာ ထိုးတာပါ။ နောက်အကျဆုံး ၄၈ကနာရီအတွင်း ထိုးရပါတယ်။ အသားဆေးပါ။ လက်မောင်း ဒါမှမဟုတ် ပေါင်မှာထိုးပါတယ်။ Immunoglobulinကတော့ ကိုက်ခံရတဲ့ အနာပတ်ပတ်လည် အရေပြားအောက်ကို ထိုးပါတယ်။ ပိုရင် အသားဆေးအနေနဲ့ ထိုးပါတယ်။ ဟိုအရင်ကလို ချက်ပတ်လည်ကို အလုံး၂၀ထိုးစရာမလိုတော့ပါဘူး။
အရင်ကကာကွယ်ဆေးထိုးဖူးတယ်ဆိုရင်တော့ Immunoglobulinထိုးစရာ မလိုတော့ပါဘူး။ ကာကွယ်ဆေးကိုပဲ ဖြစ်ဖြစ်ချင်းတစ်ကြိမ်၊ ၃ရက်နေရင်တစ်ကြိမ် ၂ကြိမ်ပဲထိုးရတော့မှာပါ။
ဒီလိုကာကွယ်မှုတွေလုပ်ထားပြီးရင်တော့ ခွေးရူးရောဂါဖြစ်နိုင်ချေတော်တော်နည်းသွားပါပြီ။ ဒီနေရာမှာ ပြောချင်တာက ခွေးရူးတာမသေချာလည်း ကာကွယ်ဆေးထိုးလို့ရပါတယ်။ ခွေးရူးရောဂါမရှိတာကို ကာကွယ်ဆေးထိုးမိလို့ ဘာမှမဖြစ်ပါဘူး။ မထိုးမိလို့ နောင်အခါမှာ ခွေးရူးပြန်လာရင် အသက်အန္တရာယ်ရှိပါတယ်။
ခွေးကိုက်ခံရရင် ခွေးရူးရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။
ခွေးရူးရောဂါ မဖြစ်အောင် သင့်အိမ်မွေးတိရစ္ဆာန်ကိုရော သင်ကိုယ်တိုင်ရော ကာကွယ်လို့ရပါတယ်။
အိမ်မွေးတိရစ္ဆာန်ကို ကာကွယ်နည်း
- တိရစ္ဆာန်ဆရာဝန်ဆီခေါ်သွားပြီး ကာကွယ်ဆေးထိုးပါ။
- တခြား အပြင်တိရစ္ဆာန်တွေနဲ့ မထိတွေ့ပါစေနဲ့။
- မိမိပတ်ဝန်းကျင်မှာ ခွေးရူးရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။
ကိုယ်ကိုယ်တိုင်ကာကွယ်နည်း
- တခြားကာကွယ်ဆေးတွေလိုပဲ ခွေးရူးကာကွယ်ဆေးက ထိုးထားရင် မမှားပါဘူး။ ထိုးကိုထိုးရမယ့်လူတွေကတော့ ခွေးရူးရောဂါပိုးနဲ့ မကြာခဏထိတွေ့နေရတဲ့ ဓာတ်ခွဲခန်းကလူတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ ခွေးတွေ ကြောင်တွေနဲ့ အထိအတွေ့များတဲ့သူတွေပဲဖြစ်ပါတယ်။ ထိုးရမယ့်ပုံစံက အသားဆေးကို ၀-၇-၂၁ ဒါမှမဟုတ် ၂၈ ဆိုပြီး ၃ကြိမ်ထိုးရမှာပါ။
- လမ်းဘေးခွေးတွေ၊ ကာကွယ်ဆေးထိုးမထားတဲ့ခွေးတွေကို သွားမကိုင်ပါနဲ့။
- မတော်တဆ ခွေးကိုက်ခံရရင် လည်း ဆေးရုံဆေးခန်းသွားပြီး ကာကွယ်ဆေးသွားထိုးပါ။
[embed-health-tool-bmi]