backup og meta

ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ

    အခုခေတ်မှာတော့ ဆီးချိုသွေးချို ဆိုရင် မသိတဲ့သူမရှိသလောက်ပဲ။ လူကြီးလူငယ်တွေမကျန် အဖြစ်များကြတဲ့ရောဂါတစ်ခုကိုဖြစ်နေတော့ ဆီးချိုရှိတယ်ဆိုလည်း သိပ်မဆန်းတော့သလို ခပ်ပေါ့ပေါ့သဘောထားသူတွေတောင်ရှိပါတယ်။ အမှန်တော့ သူတို့က အစားမှမရှောင်ချင်တာ။

    ဆီးချိုကို ရောဂါဆိုးကြီးတစ်ခုလိုကြောက်နေစရာမလိုပေမယ့် ဂရုတစိုက်တော့ ဆင်ခြင်နေထိုင်ပေးဖို့ လိုအပ်တဲ့ရောဂါဖြစ်ပါတယ်နော်။ ပုံမှန်ဆို ကျွန်မတို့ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်ပေမယ့် ဆီးချိုရှိရင်တော့ ဒီလိုမလုပ်နိုင်တော့ပါဘူး။ ခန္ဓာကိုယ်က လုပ်မပေးတော့ ကိုယ့်ဘာသာ အစားကိုတွက်ချက် ဆင်ခြင်ရ၊ ဆေးသောက်ရ၊ အင်ဆူလင်ထိုးရတဲ့နည်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းရပါတယ်။

    အမျိုးအစား ၁ နဲ့ ၂ ဆိုပြီးရှိတဲ့ ဆီးချိုရောဂါနှစ်မျိုးရှိပေမယ့် သတိထားရမယ့် အချက်တွေ၊ အန္တရာယ်ရှိနိုင်တဲ့အချက်ကတော့ တူတူပါပဲ။ ရုတ်တရက် သွေးတွင်းသကြားဓာတ် ထိုးတက်သွားတာရယ်၊ ထိုးကျသွားတာရယ် သိပ်အန္တရာယ်ကြီးပါတယ်။ ဒီလိုရုတ်တရက်ရှော့ခ်ဖြစ်တဲ့အခြေအနေမှာ အရေးပေါ်ပြုစုဂရုစိုက်ဖို့၊ လိုအပ်လာရင်ဆေးရုံအမြန်ပို့ဖို့ အရေးကြီးပါတယ်။

    အရေးပေါ်အခြေအနေဆိုတာ ဘယ်လိုသိနိုင်မလဲ

    သွေးချိုရုတ်တရက်တက်တာ၊ ကျသွားတာ တွေဖြစ်နေတာ သတိမထားမိတဲ့အခါ မလိုအပ်ဘဲ အချိန်လွန်ရတတ်ပါတယ်။ ဒါ့ကြောင့် ဒီလက္ခဏာတွေကို ကြည့်ပြီး သွေးချိုတအားတက်နေလား၊ ကျနေလား သတိထားပါ –

    ဆီးချိုသွေးချိုတက်နေရင် (hyperglycaemia)

    ဘာလုပ်ရမလဲ

    Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –

    • အစာမစားခင် သွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း(Fasting hyperglycemia)

    အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

    • အစာစားပြီး သွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း(After-meal hyperglycemia)

    အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

    သွေးတွင်းသကြားဓာတ် မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။

    အမျိုးအစား၂ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ် ဖြစ်နိုင်တဲ့အလားအလာရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မစီမံမဖြေရှင်းနိုင်တော့တဲ့ အန္တရာယ်အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ဒါကို hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေ နောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီး ရေဓာတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။

    ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ်ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ်ရှေးဦးသူနာပြုနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။

    • လက္ခဏာပြင်းထန်ရင် ဆေးရုံဆေးခန်းအမြန်ပို့ပါ။ လက္ခဏာမပြပေမယ့် သွေးတွင်းသကြားဓာတ်တက်လွန်းရင်လည်း ဆေးရုံသွားသင့်ပါတယ်။
    • ဆေးရုံ၊ဆေးခန်းမရောက်ခင်မှာ လူနာရဲ့အသက်ရှူနှုန်း၊ သွေးခုန်နှုန်းနဲ့ တုံ့ပြန်နိုင်စွမ်းတွေကို စစ်ဆေးနေပေးပါ။ သတိမလစ်စေဖို့ ဘေးကနေ စကားပြောပေးပါ။
    • သတိလစ်သွားခဲ့တယ်ဆိုရင် အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့မှုမရှိအောင် ဖွင့်ထားပေးပါ၊ အသက်ရှူမှန်လားစစ်ဆေးပါ၊ အရေးပေါ်အသက်ကယ်နည်း (CPR) သုံးသင့်သုံးပါ။

    ဒါ့ပြင်

    အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း –ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပြီး သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။

    ဓာတ်ဆားဖြည့်တင်းခြင်း –ဓာတ်ဆား(electrolytes)တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက်မှန်ကန်စေဖို့ လိုအပ်တဲ့သွေးတွင်းသတ္တုဓာတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါသွေးထဲက ဓာတ်ဆားပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတဆင့်electrolytesတွေကို သွင်းရပါတယ်။

    အင်ဆူလင်ကုထုံး အင်ဆူလင်က သွေးထဲမှာ ketonesတွေ များပြားစုပုံစေတဲ့ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်း သွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။

    ဆီးချိုသွေးချိုကျနေရင် (hypoglycaemia)

    • ပြုမူလှုပ်ရှားပုံတွေပုံမှန်နဲ့မတူဖြစ်နေမယ်
    • စိတ်ဆတ်မယ်
    • ခေါင်းမူးနေမယ်၊ခေါင်းမကြည်
    • ဖျော့တော့နေမယ်၊အေးစက်နေမယ်၊
    • တုန်တုန်ရီရီဖြစ်နေမယ်၊
    • ချွေးတွေထွက်နေမယ်
    • အသက်ရှူမြန်၊သွေးခုန်နှုန်းမြန်နေမယ်
    • အားမရှိသလို၊ နုံးချိနေမယ်
    • ဆာလောင်နေမယ်
    • တက်တာ၊ သတိလစ်တာဖြစ်နိုင်တယ်
    • တခုခုဆို တုံ့ပြန်မှု မကောင်းတော့ဘူး( စကားလှမ်းပြောရင်ပြန်တုံ့ပြန်မှုနောက်ကျနေတာ၊ တခုခုလှုပ်ရှားရင် အလွဲလွဲ ကမောက်ကမဖြစ်နေတာ)
    • သွေးတွင်းသကြားဓာတ် 70mg/dl အောက်  ဖြစ်နေတာ

    ဘာလုပ်ရမလဲ

    • အရင်ဆုံး လူနာကိုထိုင်ခိုင်းပါ။ အမြန်ဆုံး အချိုဓာတ်ပါတဲ့ သကြားလုံး သို့မဟုတ် အချိုရည်သောက်လိုက်ပါ။ ဒါမှမဟုတ် သကြားတစ်ဇွန်းလောက် စားလိုက်ပါ။
    • ၁၀ မိနစ်အတွင်း မသက်သာရင် ဆေးရုံဆေးခန်းအမြန်ပြပါ။
    • ဆေးရုံဆေးခန်းမရောက်ခင်မှာ လူနာရဲ့အသက်ရှူနှုန်း၊သွေးခုန်နှုန်းနဲ့ တုံ့ပြန်နိုင်စွမ်းတွေကို စစ်ဆေးနေပေးပါ။
    • ထမင်းစားနောက်ကျရင်သွေးချိုကျတတ်တာမို့ ဘီစကစ်ဖြစ်ဖြစ် အစာတစ်ခုခုအမြန်စားလိုက်ပါ။
    • အသက်ပုံမှန်မရှူတော့ရင် အရေးပေါ်အသက်ကယ်နည်း (CPR) သုံးပါ။
    • သတိလစ်နေတဲ့အချိန်မှာ ဘာမှမစားခိုင်း၊ မသောက်ခိုင်းပါနဲ့။ သွေးချိုကျနေချိန်မှာ အင်ဆူလင်ထိုးခြင်းက ပိုကျစေနိုင်ပြီး အသက်ပါဆုံးရှုံးရနိုင်ပါတယ်။
    • အနားယူပါစေ။
    • ခဏခဏ ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအသောက်၊ ဆေးဝါးတွေကို ပြန်လည်ထိန်းညှိပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement