backup og meta

မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

    မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    အိပ်မပျော်ခြင်း၊ စားသောက်မှု မမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်ကြီးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းတို့သည် မောပန်းနွမ်းနယ်ခြင်း၏ အဓိက အကြောင်းရင်းများဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် ရောဂါပေါင်းများစွာ၏ အရင်းခံ လက္ခဏာတစ်ခု ဖြစ်သည်။

    မောပန်းနွမ်းနယ်ခြင်း သည် ဆိုးရွားသော ရလဒ်များ မဖြစ်စေလျှင်ပင် စွမ်းအင်မြန်စွာ ကုန်ခြင်း၊ နေ့စဉ် လှုပ်ရှားမှုများကို အနှောင့်အယှက် ပေးခြင်းတို့ ဖြစ်နိုင်သည်။ မောပန်းနွမ်းနယ်ခြင်း အကြောင်းကို နားလည်ပြီး ထိရောက်စွာ ထိန်းချုပ်နိုင်ပါက သင့်စွမ်းအင်ကို ပြန်လည် သိမ်းဆည်းနိုင်ပြီး ဘဝနေထိုင်မှု ပိုကောင်းလာမည် ဖြစ်သည်။

    မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

    မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ ကတော့

    ၁။ မကြာခဏ စားပါ။

    အချို့ ဆရာဝန်များက မကြာခဏ စားသောက်ခြင်းသည် ပင်ပန်းခြင်းကို သက်သာစေသည်ဟု ဆိုသည်။ တစ်နေ့တာလုံး ပမာဏ နည်းနည်းနှင့် ပုံမှန်စားခြင်းသည် အကြိမ်ရေနည်းနည်းနှင့် ပမာဏ များများစားခြင်းထက် ပိုကောင်းသည်ဟု ဆိုသည်။ အာဟာရပြည့်ဝအောင် စားခြင်းသည် တစ်နေ့တာ လှုပ်ရှားမှုများအတွက် စွမ်းအင်ကို မြင့်တင်ပေးသည်။

    ၂။ ရေများများသောက်ပါ။

    ရေဓာတ် ခမ်းခြောက်ခြင်းသည် စွမ်းအင်ကို နည်းစေပြီး ခန္ဓာကိုယ်အား ပုံမှန် အလုပ်လုပ်ရန် ခက်ခဲစေသည်။ ထို့ ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းသည် အလွယ်တကူ မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အလုပ်ကြမ်းလုပ်ရသူများ သို့မဟုတ် လေ့ကျင့်ခန်းလုပ်သူများတွင် ဖြစ်သည်။

    ရေဓာတ်ခမ်းခြောက်ခြင်းသည် အာရုံစိုက်နိုင်မှုနှင့် နိုးကြားမှုကို လျော့ကျစေသည်။ တစ်နေ့ ရေ နှစ်လီတာ သောက်ခြင်းသည် မောပန်းနွမ်းနယ်ခြင်းကို လျော့ချပေးပြီး စွမ်းအင်ကို ပြန်လည် သိမ်းဆည်းစေသည်။

    ၃။ အိပ်ရာ စောစောဝင်ပါ။

    အိပ်ရေးပျက်ခြင်းသည် အထူးသဖြင့် အသက်ကြီးသူများ တွင် မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ လူတိုင်းသည် နောက်တစ်ရက်တွင် ကောင်းစွာ အလုပ်လုပ်နိုင်ရန် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီ အိပ်ရန် လိုသည်။

    ဆရာဝန်များက သင့်အား ညတွင် အပြည့်အိပ်နိုင်ရန် အိပ်ရာစောစောဝင်ရန် အကြံပြု ထောက်ခံသည်။ ထို့အပြင် နေ့အချိန်တွင် တမှေးမှေးခြင်းသည် သွက်လက်ဖျတ်လတ်စေပြီး ဆောင်ရွက်မှုများကို ပိုကောင်းစေသည်။ တစ်မှေးမှေးခြင်းသည် မိနစ် ၃၀ ထက် မပိုရန် အရေးကြီးသည်။ ပိုပါက ညဘက်တွင် အိပ်ခြင်းကို ခက်ခဲစေနိုင်သည်။

    ၄။ စွမ်းအင်ရရှိရန် ကိုယ်အလေးချိန် ချပါ။

    သင်ပိုဝလေ လှုပ်ရှားမှုအတွက် စွမ်းအင်ပိုသုံးရလေ ဖြစ် သည်။ ကိုယ်အလေးချိန်သည် နှလုံးကို အပိုဖိအား ဖြစ်စေပြီး မောပန်းစေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျော့ချ ပြီး ကျန်းမာသော ခန္ဓာကိုယ်ကို ထိန်းသိမ်းခြင်းသည် ပို၍ လှုပ် ရှားတက်ကြွစေသည်။

    ကိုယ်အလေးချိန်ကျစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် စားခြင်း၊ တက်ကြွစွာ နေခြင်း၊ လေ့ကျင့်ခန်းများများလုပ်ခြင်းတို့ ပြုလုပ်ပါ။

    ၅။ အရက်၊ ကဖင်းနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

    ထိုအရာများသည် သင်၏ အလုံးစုံ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်မှု ရှိသည်။ အရက်၊ ကဖင်းနှင့် စီးကရက်သည် မောပန်းခြင်းကို လျင်မြန်စွာ ဖြစ်စေပြီး ခေါင်းကိုက်ခြင်း သို့မဟုတ် နေ့စဉ် စွမ်းအင်ကုန်ခမ်းသော ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများကို ဖြစ်စေ သည်။

    အရက်၊ ကဖင်းနှင့် ဆေးလိပ်သောက်ခြင်းကို အထူးသဖြင့် အစာမစားမီနှင့် အိပ်ရာမဝင်မီတွင် ဖြတ်တောက်သင့်သည်။ ရလဒ်အနေဖြင့် သင်သည် မောပန်းမှု နည်းလာပြီး အာရုံစူးစိုက်နိုင်မှု ပို၍မြင့်စေသည်။

    ၆။ စွမ်းအင် မြင့်စေရန် စိတ်ဖိစီးမှုများကို လျော့ပါ။

    စိတ်ဖိစီးမှုသည် သင့်တစ်နေ့တာ၏ စွမ်းအင်အများစုကို ကုန်ဆုံးစေပါသည်။ စိတ်ဖိစီးမှု လျော့ကျရန် စိတ်ဖြေလျော့မှုနှင့် အသက်ရှူကုသမှုတို့ကို စတင်ပြုလုပ်ပါ။ ယောဂ ကျင့်စဉ်ကျင့်ခြင်း၊ အားကစားရုံ၌ လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း စသည်တို့ ပြုလုပ်ပါ။

    စိတ်ဖိစီးမှု များပြီး စွမ်းအင်ကုန်စေသော အဖြစ်အပျက်များကို ရှောင်ကြဉ်ပါ။

    ၇။ ကုထုံး ယူပါ။

    ဆွေးနွေးလမ်းညွှန်ခြင်း သို့မဟုတ် အပြုအမှု သိမြင်ခြင်း ကုထုံး စသော ကုထုံးအချို့ရှိသည်။ ၎င်းတို့သည် မောပန်း နွမ်းနယ်ခြင်းကို ထိရောက်စွာ သက်သာစေသည်။ မောပန်း နွမ်းနယ်ခြင်းသည် သင်၏ နေ့စဉ်ဘဝကို ဆိုးရွားစွာ နှောင့်ယှက်ပါက အကောင်းဆုံးကုသမှုရရန် ဆေးဖက်ဆိုင်ရာ အကူအညီရှာဖွေသင့်သည်။

    ၈။ ပို၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ။

    ငါးကြီးဆီတွင် omega-3 များစွာပါပြီး နိုးကြားမှုကို မြင့်တက်စေသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် ဗီတာမင်များစွာ ပါဝင်ပြီး သင့်ခန္ဓာကိုယ်အတွက် စွမ်းအင် ပေးသည်။ ပို၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားခြင်းသည် အာဟာရများစွာ ရပြီး မောပန်းခြင်းကြောင့် ကုန်ဆုံးသွားသော စွမ်းအင်ကို ပြန်လည်ရရှိစေသည်။ ထို့ကြောင့် မောပန်းနွမ်းနယ်ခြင်းကို လျော့ကျစေသည်။

    ရေးသားသူ- Dr Zin Wai Yan Lin

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement