backup og meta

လိပ်ခေါင်းရောဂါ သံသရာကို ဘယ်လိုရှောင်လွှဲကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိပ်ခေါင်းရောဂါ သံသရာကို ဘယ်လိုရှောင်လွှဲကြမလဲ

    လိပ်ခေါင်းရောဂါ (Hemorrhoids) လို့ ဆိုလိုက်တာနဲ့ အလိုလို ရှက်တာလိုလို ဘာလိုလို ဖြစ်သွားတတ်ကြတယ်။ ဒီရောဂါကြီး မဖြစ်ချင်ပါဘူးလို့လည်း တချို့က ဆိုကြသေးရဲ့။ ရောဂါဖြစ်လို့ ကုတော့မယ်ဆိုတာနဲ့ စပြီး ကိုယ့်အရှက်သိက္ခာကို လှစ်ဟပြရမယ့် ရောဂါကိုး။ အရှက်အကြောက်ကြီးတဲ့ လူတွေအတွက်တော့ ရှက်စရာပေကိုး။

    တကယ်တော့ လိပ်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီရောဂါဖြစ်စေရတဲ့ အဓိကအချက်ကတော့ ဝမ်းသွားရာမှာ အားစိုက်ညှစ်တာကြောင့်ပါ။

    မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ခြေ ရှိပါတယ်။

    လိပ်ခေါင်းမှာ ယေဘုယျအားဖြင့် အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းဆိုပြီး ၂ မျိုးရှိပါတယ်။ အတွင်းလိပ်ခေါင်းက အူမကြီးအောက်ပိုင်းမှာဖြစ်တတ်ပြီး များသောအားဖြင့် နာကျင်မှု နည်းပါးပြီး သွေးထွက်နိုင်ပါတယ်။

    အပြင်လိပ်ခေါင်းကတော့ စအိုအပြင်ဘက်မှာ ဖြစ်တာပါ။ ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီးတော့ ကွဲအက်တာ၊ သွေးထွက်တာတွေဖြစ်လေ့ရှိပါတယ်။

    လိပ်ခေါင်းဖြစ်တာ ရှက်စရာလား

    လူအများစုက လိပ်ခေါင်းဝေဒနာခံစားရမှာကို စိုးထိတ်ကြပါတယ်။ ဖြစ်လာရင်လည်း တိုင်ပင်ဆွေးနွေးရမှာကို ရှက်ရွံ့တတ်ကြပါတယ်။

    လိပ်ခေါင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါမျိုး မဟုတ်ပါဘူး။ လူ့သဘာဝအရ ဖြစ်တတ်ပေမယ့် ကူးစက်နိုင်စွမ်းလည်း မရှိပါဘူး။ ဒီအတိုင်းကျန်းမာအောင်နေရင်း အလိုလိုတောင် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ ကုသနိုင်တဲ့ ဆေးဝါးတွေကလည်း အလွယ်တကူရရှိနေပါပြီ။

    ဒါကြောင့် လိပ်ခေါင်းဆိုတာနဲ့ မရှက်ပါနဲ့၊ မကြောက်ပါနဲ့။ ရှက်ခြင်းကြောက်ခြင်းဟာ ရောဂါကိုပိုဆိုးစေပြီး အဆိုးကျော့သံသရာ (Vicious Circle) ကိုပဲ ဖြစ်စေနိုင်တာပါ။

    လိပ်ခေါင်းဘာလို့ ဖြစ်တာလဲ

    အဓိကအားဖြင့် လိပ်ခေါင်းရောဂါကို ဖြစ်နိုင်စေတာက အိမ်သာအမျိုးအစား၊ ဝမ်းသွားပုံနဲ့ အသက်အရွယ်ကြောင့်ဖြစ်ပါတယ်။

    • အိမ်သာ – ဘိုထိုင်အိမ်သာတွေကို အသုံးပြုတာက လိပ်ခေါင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ မြန်မာပြည်မှာက ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာတွေကို အသုံးပြုတာများတာမို့ ဒီအချက်ဟာ လိပ်ခေါင်းဖြစ်နိုင်ခြေများတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
    • ဝမ်းသွားပုံ – ဝမ်းသွားစဉ်မှာ ညှစ်အားသုံးလွန်းတာကလည်း လိပ်ခေါင်းဖြစ်စေဖို့ တွန်းအားတစ်ရပ်ပါပဲ။
    • အသက်အရွယ် – အသက်ကြီးလာလေလေ လိပ်ခေါင်းဖြစ်နိုင်ခြေမြင့်မားလေလေပါပဲ။ အသက် ၅၀ ကျော် လူကြီးတွေရဲ့ ၅၀ရာခိုင်နှုန်း က လိပ်ခေါင်းဝေဒနာခံစားနေရတတ်တယ်လို့ လေ့လာချက်တွေကဆိုထားတယ်မဟုတ်လား။

    ဒါတွေအပြင် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေတဲ့တခြားသောအချက်တွေ အများကြီးရှိပါသေးတယ်။ ဒါတွေကတော့

    • အချိန်ကြာမြင့်စွာ ထိုင်တာ၊ မတ်တတ်ရပ်တာ
    • ရက်ရှည် ဝမ်းသွားတာ၊ ဝမ်းချုပ်တာ
    • ကိုယ်ဝန်ဆောင်ထားရချိန်မှာ
    • စအိုနဲ့ လိင်ဆက်ဆံလေ့ရှိတာ
    • အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေ အစားများတာ
    • အမျှင်ဓာတ်ပါရှိတဲ့ အစားအစာတွေ မှီဝဲမှုနည်းတာ စတာတွေပါပဲ။

    လိပ်ခေါင်းရောဂါ သံသရာဆိုတာ

    လိပ်ခေါင်းရောဂါကို အဖြစ်များစေတဲ့အကြောင်းရင်းကတော့ ဝမ်းချုပ်တာပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တယ်၊ ဝမ်းချုပ်တာ ရက်ကြာလာတဲ့အခါ စမြင်းခံလာတယ်။ စမြင်းခံလာတော့ ဝမ်းကိုညှစ်ပြီး သွားတယ်။ ညှစ်ရတော့ သွေးကြောတွေထဲမှာ ဖိအားများလာပြီး သွေးကြောတွေ ဖောင်းလာပြီး လိပ်ခေါင်းဖြစ်လာတယ်။ စမြင်းတုံးက သွေးကြောတွေ  ပွတ်ဆွဲပြီး သွေးထွက်မယ်။

    သွေးထွက်တော့ ဝမ်းသွားရမှာ ကြောက်လာတယ်။ ကြောက်တော့ ဝမ်းသွားချင်လည်း အောင့်ထားတယ်။ အောင့်ထားတော့ ဝမ်းချုပ်တယ်။ ဝမ်းချုပ်တော့ စမြင်းပြန်ခံတယ်။ ဒီလိုနဲ့ ဝမ်းချုပ်လိုက်၊ လိပ်ခေါင်းဖြစ်လိုက်နဲ့ ဂျာအေးသူ့အမေရိုက်နေမှာပါ။

    ဒီသံသရာက လွတ်မြောက်ဖို့ဆိုရင်

    • ဝမ်းမချုပ်စေနဲ့
    • အချိန်အကြာကြီး မထိုင်ပါနဲ့
    • အမျှင်ဓာတ်များများစားပါ
    • ရေများများသောက်ပါ
    • ဝမ်းသွားရင် အရမ်းမညှစ်ပါနဲ့
    • ဖြစ်နိုင်ရင် ဝမ်းသွားချင်နေချိန်မှာ အောင့်မထားပါနဲ့
    • ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ
    • အလေးအပင် မ ရင် သတိထားပါ
    • ဖြစ်နိုင်ရင်ဘိုထိုင်အိမ်သာ ပြောင်းအသုံးပြုပါ

    ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် လိပ်ခေါင်းရောဂါကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

    တကယ်လို့ ကိုယ့်မှာရောဂါဖြစ်နေတယ်ဆိုရင်လည်း အလွန်အမင်းစိုးရိမ်ထိတ်လန့်နေစရာမလိုအပ်ပါဘူး။ ခွဲစိတ်တာတင်မကဘဲ ဆေးထိုးတာ၊ ရာဘာသားရေကွင်းချည်ပြီးကုသတာတွေလိုမျိုး နည်းလမ်းတွေလည်းရှိနေတာကြောင့်ပါပဲ။

    လိပ်ခေါင်းဝေဒနာကို ကာကွယ်နိုင်ဖို့ကြိုးစားပါ။ ရှက်နေကြောက်နေခြင်းက ဝေဒနာကို ပိုဆိုးစေနိုင်တယ်ဆိုတာကို သိနားလည်ထားမယ်ဆိုရင် လိပ်ခေါင်းဝေဒနာရဲ့ အဆိုးကျော့သံသရာကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement