backup og meta

အသားအရေခြောက်သွေ့ခြင်းအတွက် အိမ်တွင်းကုထုံးများ


Dr. Thant Zin မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေခြောက်သွေ့ခြင်းအတွက် အိမ်တွင်းကုထုံးများ

    အသက်အရွယ်အရဖြစ်စေ၊ အရေပြားအခြေအနေကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် အသားအရေ ခြောက်သွေ့အက်ကွဲခြင်းဟာ နေရထိုင်ရခက်စေပါတယ်။ အသားအရေခြောက်သွေ့ခြင်းကို xerosis လို့ခေါ်ဝေါ်ပြီး အရေပြားရဲ့ အပြင်ဆုံးအလွှာမှာ စိုစွတ်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် အရေပြားများအက်ကွဲပြီး ရောဂါပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒီအတွက် ဈေးကြီးပေးဝယ်နေရတဲ့ အလှအပရေးရာ အသုံးအဆောင်တွေကလည်း ဈေးကြီးပေမယ့် ထိရောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

    တကယ်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အိမ်တွင်းကုထုံးတွေ ရှိနေပါတယ်။ ဒါကြောင့် နာမည်ကြီးပစ္စည်းတံဆိပ်တွေကို ဈေးကြီး ပေးမဝယ်ခင်မှာ အောက်မှာ ဆက်လက်ဖော်ပြသွားမယ့် နည်းလမ်းတွေကို ဦးစွာ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

    ၁။ နေကြာဆီ

    နေကြာဆီကို အရေပြားပေါ်မှာလိမ်းပေးရင် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ခြောက်သွေ့ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ သဘာဝအဆီတိုင်းကိုတော့ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းအနေနဲ့ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့် နေကြဆီကိုတော့ စိတ်ချလက်ချသုံးနိုင်တယ်လို့ သုတေသနတွေအရ သိရပါတယ်။

    ၂။ အုန်းဆီ

    ခြောက်သွေ့တဲ့ အသားအရေအတွက် အသုံးပြုနိုင်တဲ့ တခြားသဘာဝအဆီတစ်မျိုးကတော့ အုန်းဆီဖြစ်ပါတယ်။ အုန်းဆီလိမ်းလိုက်ရင် အရေပြားပေါ်က အဆီဓာတ် (lipid) များကို တိုးလာစေပြီး အရေပြားရဲ့ အစိုဓာတ်ကို ကောင်းကောင်းထိန်းသိမ်းပေးပါတယ်။

    အုန်းဆီမှာ ပြည့်ဝဆီအမျိုးအစား ဖက်တီးအက်ဆစ်ပါဝင်ပြီး နူးညံ့ပျော့ပြောင်းစေတဲ့ အာနိသင်ရှိပါတယ်။ ခြောက်သွေ့နေတဲ့ အရေပြားထဲက အက်ကွဲကြောင်းငယ်လေးများထဲ ဝင်ရောက်စိမ့်ဝင်နိုင်ပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

    ၃။ နွားနို့

    နွားနို့သောက်ပေးခြင်းဟာ အသားအရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ သုသေသနအချို့အရ နွားနို့ပါဝင်တဲ့ စားသောက်ဖွယ်ရာတိုင်းဟာ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ နွားနို့မှာ phospholipid လို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးပါဝင်ပြီး အသားအရေကို စိုပြည်စေပါတယ်။

    ၄။ ပျားရည်

    ပျားရည်ဟာ အရေပြားရောဂါမျိုးစုံအတွက် အထောက်အကူပြုပါတယ်။ အသားအရေခြောက်သွေ့ခြင်းအတွက် အိမ်သုံးဆေးဝါးအနေနဲ့ သုံးနိုင်ပါတယ်။ ပျားရည်ဟာ အသားအရေကို စိုပြည်စေရုံသာမကဘဲ အနာကျက်စေတဲ့၊ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။

    ၅။ Petroleum jelly အလှဆီ

    Petroleum jelly ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေနံတူးဖော်သူတွေဟာ မတော်တဆ ထိခိုက်ရှနာများကို ဆေးအနေနဲ့ လိမ်းခဲ့ကြပါတယ်။ အနာကျက်စေခြင်း၊ အသားအရေစိုပြည်စေခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက်အရွယ်ကြီးရင့်လာချိန်မှာ ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းအတွက်လည်း သုံးစွဲနိုင်ပါတယ်။

    ၆။ ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ဟာ အသားအရေခြောက်သွေ့အက်ကွဲခြင်းကို ကာကွယ်ပေးပါတယ်။ အရေပြားခြောက်သွေ့တဲ့ လက် ဒါမှမဟုတ် ခြေထောက်ကို ရှားစောင်းလက်ပပ်အနှစ်လိမ်းထားပြီး လက်အိတ်၊ ခြေအိတ်ဝတ်ထားပေးရင် အသားအရေပြန်လည်စိုပြည်လာတာကို တွေ့နိုင်ပါတယ်။

    ရှောင်ကြဉ်ရန်

    အထက်ပါနည်းလမ်းများကို သုံးစွဲတဲ့အပြင် အသားအရေခြောက်သွေ့အက်ကွဲခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

    – အရေပြားကို ကုတ်ဖဲ့ခြင်း

    – အဲယားကွန်း အလွန်အကျွံသုံးခြင်း

    – တုံးသော ဘလိတ်ဓားများဖြင့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်ခြင်း

    – မကြာခဏ ရေချိုးခြင်း

    – ရေချိုးပြီးချိန် သဘက်ဖြင့် ကြမ်းတမ်းစွာပွတ်၍ ရေသုတ်ခြင်း

    – အယ်လ်ကိုဟောပါသော အလှကုန်ပစ္စည်းများ လူးခြင်း

    – အရေပြားကို အပူဓာတ်ထိတွေ့ခြင်း (ဥပမာ မီးလှုံခြင်း) စတာတွေကို ရှောင်ကြဉ်ရပါမယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement