backup og meta

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

    အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့ အဆို့ရှင်ကြွက်သား ရှိပါတယ်။ အဆိုပါကြွက်သားဟာ အစာအိမ်ထွက်ပေါက်ကို အကျဉ်းအကျယ် ပြုလုပ်ပေးနိုင်ပြီး အစားအစာတွေကို သေချာစွာ မချေဖျက်ထားခင်မှာ အူထဲကို ရောက်ရှိမသွားအောင် ထိန်းထားပေးနိုင်ပါတယ်။

    တခါတရံမှာ အကြောင်းအမျိုးမျိုးကြောင့် အဆို့ရှင်ကြွက်သားဟာ ထူထဲပြီး ထွက်ပေါက်ကျဉ်းမြောင်းသွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေကို အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း Pyloric stenosis လို့ ခေါ်ဝေါ်ပါတယ်။ ကြွက်သားဟာ အရမ်းထူသွားတဲ့အခါ အစာအိမ်ကထွက်လာတဲ့ အစာများဟာ အူသိမ်ထဲကို မရောက်နိုင်ဘဲ ပိတ်ဆို့သွားစေပါတယ်။

    လက္ခဏာများ

    အဓိကကြုံတွေ့ရတဲ့ လက္ခဏာကတော့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ မွေးရာပါ အစာအိမ်ထွက်ပေါက်ကျဉ်းနေတဲ့ ကလေးငယ်များဟာ မွေးခါစမှာ သိပ်ပြီးမသိသာပါဘူး။ နောက်ပိုင်းမှာမှ လက္ခဏာဖြည်းဖြည်းချင်းပြလာနိုင်ပါတယ်။ အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းနေသူတွေမှာ အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။

    စားသောက်ပြီးနောက် ထိုးအန်ခြင်း

    အစာအိမ်နဲ့ အူသိမ်အကြားမှာ အဆို့ရှင်ကြွက်သားဟာ ထူထဲလွန်းတဲ့အတွက်ကြောင့် ပျို့အန်ခြင်းဟာ တဖြည်းဖြည်းဆိုးလာနိုင်ပါတယ်။ မကြာခဏ ထိုးအန်နိုင်ပါတယ်။ ကလေးငယ်တွေမှာတောင် အရှိန်နဲ့ ထိုးအန်နိုင်ပါတယ်။

    ရေဓာတ်ခန်းခြောက်ခြင်း

    အစာအိမ်ထွက်ပေါက် အဆို့ရှင်ကြွက်သားထူထဲပြီး ပိတ်ဆို့ခြင်းဟာ အစားအစာတွေကိုပဲ ပိတ်ဆို့စေတာ မဟုတ်ပါဘူး။ အရည်များပါ အူထဲကို မဝင်နိုင်အောင် တားဆီးထားနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်လာနိုင်ပါတယ်။

    ဆာလောင်ခြင်း

    အစာအိမ်ထွက်ပေါက်ကျဉ်းနေတဲ့ ကလေးတွေမှာ ဆာလောင်တဲ့အတွက် မကြာခဏ နို့တောင်းခြင်း၊ အစားတောင်းခြင်း၊ ဂျီကျခြင်းများ ဖြစ်နိုင်ပါတယ်။

    ဝမ်းချုပ်ခြင်း

    အူထဲကို အစာနဲ့ရေ လုံလောက်စွာ မရောက်တဲ့အတွက် ဝမ်းကောင်းကောင်းမသွားခြင်း ဖြစ်နိုင်ပါတယ်။

    ဗိုက်အောင့်ခြင်း

    အစာအိမ်နဲ့ အူသိမ်ကြားမှာ ပိတ်ဆို့နေတာကြောင့် အစာတွေကို ဖြတ်သန်းသွားနိုင်အောင် အစာအိမ်ကြွက်သားက တွန်းပို့ဖို့ အားထုတ်ပါတယ်။ တဖက်မှာလည်း ပိတ်ဆို့နေပါတယ်။ အဆိုပါ အခြေအနေမှာ ဝမ်းဗိုက်မှာ လှိုင်းထသလိုဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်နိုင်ပါတယ်။

    ဖြစ်နိုင်ခြေမြင့်သူများ

    အစာအိမ်ထွက်ပေါက်ကျဉ်းမြောင်းခြင်းကို ဖြစ်စေရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေပေါ် မူတည်မယ်လို့ အကြမ်းဖျဉ်းယူဆရပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေများနဲ့ ဆက်စပ်နေပါတယ်။

    ကျား/မ။ အမျိုးသားများမှာ ပိုဖြစ်တတ်ပါတယ်။

    မိသားစုရာဇဝင်။ မိသားစုတွင်းမှာ ဖြစ်ဖူးသူရှိရင် ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။

    လူမျိုး။ ဥရောပမြောက်ပိုင်း ကော့ကေးရှန်းများမှာ ပိုအဖြစ်များပြီး အာဖရိကန်-အမေရိကန်၊ အာရှနိုင်ငံများမှာ ပိုအဖြစ်နည်းပါတယ်။

    ဆေးလိပ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မိခင်ဟာ ဆေးလိပ်သောက်ရင် ကလေးမှာ ဖြစ်နိုင်ခြေ မြင့်ပါတယ်။

    ရောဂါရှာဖွေကုသခြင်း

    အစာအိမ်ထွက်ပေါက်ကြွက်သား ကျဉ်းမြောင်း/ပိတ်ဆို့နေတယ်လို့ ဆရာဝန်က သံသယရှိရင် ရောဂါရာဇဝင်မေးခြင်း၊ ဝမ်းဗိုက်ကို စမ်းသပ်ခြင်း စတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။ လိုအပ်ရင် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။

    အစာအိမ်ထွက်ပေါက်ကျဉ်းမြောင်းနေရင်တော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ အဆိုပါရောဂါဟာ သူ့ဖာသာ ပြန်မကောင်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ကုသမှု ခံယူရပါတယ်။ သမားရိုးကျနည်းနဲ့ ခွဲစိတ်နိုင်သလို မှန်ပြောင်းသုံးခွဲစိတ်နည်းနဲ့လည်း ကုသနိုင်ပါတယ်။

    ထူထဲနေတဲ့ အဆို့ရှင်ကြွက်သားကို ဖြတ်ထုတ်ပြီး လိုအပ်သလို ပြုပြင်ခွဲစိတ်ပါလိမ့်မယ်။ မကြာခဏပျို့အန်ခြင်းကြောင့် အရည်ဓာတ်ခန်းခြောက်နိုင်တာမို့ ခွဲစိတ်ခြင်းမပြုမီ သွေးကြောကနေ အရည်ဓာတ်တွေ ပေးသွင်းပေးရတတ်ပါတယ်။ ခွဲစိတ်မှုကတော့ တနာရီလောက်ပဲ ကြာမြင့်နိုင်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ပြီး ရလဒ်များ ကောင်းမွန်တတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement