home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးအစား(၂) ဆီးချို

အမျိုးအစား(၂) ဆီးချို

အမျိုးအစား (၂) ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်ရဲ့ သ​ကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။

အမျိုးအစား (၂) ဆီးချိုခံစားရတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲ သကြားဓာတ်ရောက်ရှိစေဖို့ ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို မတုံ့ပြန်တာကြောင့် ဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အခြေအနေမှာ ထိန်းနိုင်စေဖို့အတွက် အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုကို အရွယ်ရောက်မှ ဖြစ်တဲ့ ဆီးချိုလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ကလးအရွယ်ကတည်းက အဝလွန်တာ၊ နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တာတွေကြောင့် သတ်လတ်ပိုင်းမတိုင်ခင်မှာတင် အမျိုးအစား (၂) ဆီးချိုကို ခံစားရတာတွေရှိနေပါတယ်။
အမျိုးအစား (၂) ဆီးချို ခံစားရပြီဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချတာကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာ၊ လေ့ကျင့်ခန်း လုပ်တာတွေက အမျိုးအစား (၂) ဆီးချိုကို ထိန်းသိမ်းရာမှာ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း ကူဖို့ လိုတာပေါ့။

အမျိုးအစား (၂) ဆီးချို လက္ခဏာများ

အမျိုးအစား(၂) ဆီးချို လက္ခဏာတွေက အချိန်အတော်ကြာမှ မြင်တွေ့ရတာမျိုးလည်း ရှိပါတယ်။ နှစ်အတော်ကြာတဲ့အထိ အမျိုးအစား (၂) ဆီးချိုရှိနေတာကို မသိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချို ခံစားရတဲ့အခါ

  • ရေတအားငတ်တာ
  • မကြာခဏ ဆီးသွားတာ
  • ခဏခဏ ဆာတာ
  • အကြောင်းအရင်း မရှိဘဲ ဝိတ်ကျသွားတာ
  • ပင်ပန်းနွမ်းနယ်တာ
  • အမြင်အာရုံ ဝေဝါးတာ
  • အနာကျက် နှေးတာ
  • မကြာခဏ ပိုးဝင်ကူးစက်တာ
  • လက်မောင်း၊ ဂုတ် စတဲ့နေရာက အရေပြားတွေ မည်းလာတာ ဒါမှမဟုတ် အရောင်ရင့်လာတာတွေ ခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် အမျိုးအစား(၂) ဆီးချိုရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။

အမျိုးအစား (၂) ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ

အမျိုးအစား (၂) ဆီးချိုက အင်ဆူလင်ကို မတုံ့ပြန်နိုင်ရာကနေ စဖြစ်လာတာပါ။ ပန်ကရိယ (မုန့်ချိုအိတ်) က အင်ဆူလင်ကို လုံလောက်စွာ မထုတ်နိုင်တဲ့ အခြေအနေပါ။

ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ မျိုးဗီဇ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ၊ အဝလွန်နေတာ၊ လှုပ်ရှားမှု နည်းနေတာတွေကလည်း အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်တဲ့ အခြားအချက်တွေကတော့

အမျိုးအစား (၂) ဆီးချို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ

အမျိုးအစား (၂) ဆီးချိုရောဂါက အစောပိုင်းမှာ လက္ခဏာ လုံးဝ မပြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချို ခံစားရတဲ့အခါ နှလုံး၊ သွေးကြော၊ အာရုံကြော၊ မျက်လုံး၊ ကျောက်ကပ်စတာတွေ ထိခိုက်စေနိုင်ပါတယ်။

ရေရှည်မှာ အမျိုးအစား (၂) ဆီးချိုက တဖြည်းဖြည်းနဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်ပါတယ်။ မသန်စွမ်းတာကို ဖြစ်စေနိုင်သလို အသက်အန္တရာယ်ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက

  • နှလုံး နဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ
  • အာရုံကြော ထိခိုက်ပျက်စီးတာ
  • ကျောက်ကပ် ထိခိုက်တာ
  • မျက်လုံး ထိခိုက်တာ
  • အနာကျက်နှေးတာ
  • အရေပြား ပြဿနာ
  • အိပ်ရင်း အသက်ရှူရပ်တာ
  • အယ်လ်ဇိုင်းမားရောဂါတွေ ဖြစ်နိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချို ဘယ်လို ကာကွယ်နည်း

ကျန်းမာတဲ့နေထိုင်မှုပုံစံက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မျိုးရိုးမှာ ဆီးချိုဖြစ်တဲ့သူ ရှိမယ်ဆိုရင် ပုံမှန် စစ်ဆေးတာ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်သလို အမျိုးအစား (၂) ဆီးချိုကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် အမျိုးအစား (၂) ဆီးချိုကို ကာကွယ်မယ်ဆိုရင်

  • ကျန်းမာတဲ့ အစားအစာတွေကို စားပါ။ အဆီနဲ့ ကယ်လ်လိုရီ နည်းပြီး အမျှင်ဓာတ် ကြွယ်ဝတာတွေကို စားပါ။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားပေးပါ။
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ တစ်နေ့ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းဆိုရင် မိနစ် ၃၀ ကနေ ၁ နာရီ ဝန်းကျင်၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းဆိုရင် ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ လေ့ကျင့်ခန်း လုပ်ပါ။
  • ကိုယ်အလေးချိန် လျှော့ပါ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ရရှိစေဖို့ ကိုယ်အလေးချိန်ကို ထိန်းဖို့ လိုပါမယ်။ အဝလွန်နေတာမျိုး မဖြစ်ရပါဘူး။
  • အထိုင်များတဲ့ နေထိုင်မှုကို ပြောင်းပါ။ အချိန်ကြာမြင့်စွာ ထိုင်နေတာမျိုး မဖြစ်စေဖို့ ဂရုပြုပါ။ မိနစ် ၃၀ ထိုင်ပြီးတိုင်း ခဏလောက် လမ်း ထလျှောက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What is type 2 diabetes? https://www.nhs.uk/conditions/type-2-diabetes/ Accessed Date 20 October 2020

Type 2 Diabetes https://www.diabetes.org/diabetes/type-2 Accessed Date 20 October 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။