backup og meta

အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု

အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ သိထားပြီးသားပါ။ ဒါတင်ပဲလားဆိုတော့ ဆီးချိုသွေးချိုရောဂါရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းတာကိုလည်း အဖော်ခေါ်လာတတ်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ အဝလွန်တာကို ရောဂါတစ်ခုလို သတ်မှတ်လာပါပြီ။

အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု

အဝလွန်တယ်ဆိုတာ

အဝလွန်တယ် ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူအများနဲ့ လက်လှမ်းမီတာကတော့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ Body mass index (BMI) ပါ။ ကိုယ်အလေးချိန်ကို အရပ်နဲ့ စားပြီး တွက်ထားတာပါ။

အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ ၄၀နဲ့ အထက်ဆို အဆင့်၃ဆိုပြီး ထပ်ခွဲထားပါတယ်။

ပိုပြီးတော့ တိကျသေချာအောင် ခါးပတ်လည်အတိုင်းနဲ့လည်း သတ်မှတ်လို့ရပါတယ်။ အမျိုးသားတွေမှာ ၈၅ စင်တီမီတာ (၃၃လက်မ) အထက်၊ အမျိုးသမီးတွေမှာ ၇၄-၈၀ စင်တီမီတာ (၂၉-၃၁ လက်မ)အထက်ဆိုရင် အဝလွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

အဝလွန်ခြင်းကြောင့် ဆီးချိုသွေးချိုရောဂါ ပိုဖြစ်စေနိုင်သလား။

ဆီးချိုသွေးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ ရှင်းပြဖို့ ခက်နေပေမယ့်လည်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်စေတဲ့ အချက်တွေရှိပါတယ်။

ဒီထဲမှာ အဝလွန်ခြင်းက ထိပ်ဆုံးကပါပဲ။ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါမှာပါ။ BMI ၃၀နဲ့ အထက်ဖြစ်လာပြီဆိုရင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ များလာပါပြီ။ အဝလွန်ခြင်းက အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို ၈၀-၈၅ ရာခိုင်နှုန်းထိ တိုးစေပါတယ်။

လေ့လာချက်တွေအရ အဝလွန်တဲ့သူတွေက BMI ၂၂အောက် ရှိသူတွေထက် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ အဆ ၈၀ ပိုများပါတယ်တဲ့။

အရင်ကဆိုရင် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါက အသက် ၄၀အထက် လူကြီးတွေမှာပဲ ဖြစ်တာများပါတယ်။ ခုတော့ အသက်ငယ်ငယ်နဲ့လည်း ဖြစ်လာပါပြီ။ အကြောင်းရင်းကတော့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် အဝလွန်တဲ့သူတွေ များလာတာကြောင့်ပဲ ဖြစ်ပါတယ်။

အဝလွန်ရင် ဆီးချိုသွေးချိုရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။

  • ဆဲလ်တွေ ရောင်ရမ်းတာ

လေ့လာချက်တွေအရ ဝမ်းဗိုက်က အဆီတွေက ‘pro-inflammatory’ chemicals လို့ ခေါ်တဲ့ ဆဲလ်တွေ ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်ပေးပါတယ်။ ဒီဓာတုပစ္စည်းတွေက အင်ဆူလင်ကို တုံ့ပြန်တဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့အတွက် အင်ဆူလင် မတိုးတဲ့ ပြဿနာကို ဖြစ်စေပါတယ်။

အင်ဆူလင် မတိုးဘူးဆိုတာက အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရဲ့ အဓိက ပြဿနာပဲ ဖြစ်ပါတယ်။

  • အဆီတွေရဲ့ ဇီဝကမ္မဖြစ်စဉ် ပျက်စီးသွားတာ

အဝလွန်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ ပြောရရင် အဆီတစ်ရှူးတွေကနေ သွေးထဲကို အဆီမော်လီကျူးတွေကို ရောက်စေပြီး အင်ဆူလင် တုံ့ပြန်တဲ့ ဆဲလ်တွေကို ထိခိုက်စေတာကြောင့် အင်ဆူလင် မတိုးတာကို ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ချက်က ဆီးချိုသွေးချို အကြိုအဆင့်ကို ဖြစ်စေတာပါ။ အဝလွန်တာကြောင့် အကြိုအဆင့်ဖြစ်ပြီး ဒါကို မထိန်းနိုင်ဘူးဆိုရင် တကယ့် ဆီးချိုသွေးချိုရောဂါ အဆင့်ကို ရောက်သွားနိုင်ပါတယ်။

အဝလွန်တဲ့ သူတွေ ဆီးချိုသွေးချိုရောဂါ ဖြစ်လာရင် 

အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါပိုဖြစ်နိုင်သလို ဖြစ်ပြီးပြီဆိုရင်လည်း နောက်ဆက်တွဲ ပြဿနာတွေ ပိုခံစားရတတ်ပါတယ်။

  • အဝလွန်တာကြောင့် ဆီးချိုသွေးချိုရောဂါအပြင် သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းတာတွေပါ လွယ်လွယ် ဆက်ဖြစ်လာနိုင်ပါတယ်။
  • သွေးတွင်းသကြားဓာတ် ထိန်းရခက်စေပါတယ်။
  • ဒါကြောင့် ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ အာရုံကြောရောဂါတွေပါ မြန်မြန်ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှင်တွေ အဝလွန်နေရင် ဝိတ်ချခိုင်းတာပါ။

အဝမလွန်အောင် ဘယ်လို ထိန်းကြမလဲ။

အဝလွန်တာက မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျိုးဗီဇကြောင့် ဝနေရင်တောင့် သင့်တင့်လျောက်ပတ်တဲ့ စားသောက်နေထိုင်မှု ပုံစံရှိနေရင် အလွန်အကျွံ ဝမလာအောင် ထိန်းပေးနိုင်ပါတယ်။

အဝလွန်စေတဲ့ ပတ်ဝန်းကျင် အခြေအနေကို “obesogenic environment” လို့ခေါ်ပါတယ်။ အဝလွန်ခြင်းကို ထိန်းထားတဲ့ တခြားအချက်တွေဖြစ်တဲ့ ဟော်မုန်း မညီမျှမှုတွေ၊ ထိန်းမရအောင် စားတာတွေ၊ လှုပ်ရှားမှု နည်းတာတွေ စတာတွေ ပါဝင်ပါတယ်။

ဥပမာ နောက်ကျမှအိပ်တယ် ဒါမှမဟုတ် အိပ်ချိန် နည်းလွန်းတယ်ဆိုရင် ဟော်မုန်း မညီမျှမှု ဖြစ်ပြီး ghrelin ဆိုတဲ့ ဆာလောင်စေတဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီကနေမှ အမြဲလိုလို ဆာလောင်နေပြီး စားချင်နေတဲ့ ခံစားချက်မျိုး ရလာတာကြောင့် အဝလွန်လာပါလိမ့်မယ်။

ဒါကြောင့် အဝမလွန်စေဖို့ဆိုရင်

  • အိပ်ရေးဝဝ အိပ်ပါ။
  • ကယ်လိုရီနဲ့ အဆီကို လျှော့စားပါ။
  • တစ်ပတ်ကို မိနစ် ၁၅၀လောက် လေ့ကျင့်ခန်း လုပ်ပါ။
  • အထိုင်မများပါစေနဲ့။
  • လိုအပ်ရင် အာဟာရဆရာဝန်နဲ့ ပြသပြီး ကိုယ်အလေးချိန်ချဖို့ တိုင်ပင်ပါ။

အဝမလွန်အောင် ကာကွယ်တာက ဆီးချိုသွေးချိုရောဂါကို ကြိုတင်ကာကွယ်ရာ ရောက်သလို ရှိပြီးသားဆိုရင်လည်း ပိုဆိုးမလာအောင် ထိန်းသိမ်းရာ ရောက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.diabetes.co.uk/diabetes-and-obesity.html

https://www.diabeteseducator.org/docs/default-source/practice/practice-documents/practice-papers/addressing-obesity-in-diabetes.pdf

https://www.diabetes.org/extra-weight-extra-risk

ယခုပုံစံ

25/10/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုရှိသူအတွက် ဆောင်ရန် ရှောင်ရန်များ

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ