backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prediabetes (အကြိုဆီးချို )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Prediabetes (အကြိုဆီးချို )

အဓိပ္ပာယ်ဖွင့်ဆိုချက်

Prediabetes (အကြိုဆီးချို ) က ဘာလဲ။

အကြိုဆီးချို ဆိုတာက သွေးထဲမှာ သကြားဓာတ်တွေ ပုံမှန်ထက်မြင့်တက်နေပေမယ့် အမျိုးအစား ၂ ဆီးချိုလို့ သတ်မှတ်နိုင်ရလောက်အောင် မမြင့်သေးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။။ သင့်မှာ အကြိုဆီးချိုရှိနေတာက အစာစားပြီးနောက် အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်ခြင်း ဒါမှမဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ကောင်းကောင်းမတုံ့ပြန်တာကြောင့် ဖြစ်နိုင်ပါတယ်။

ကုသမှုမလုပ်ဘူးဆိုရင် အကြိုဆီးချိုကနေ ၁၀ နှစ်အတွင်း အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ပါသည်။ အကြိုဆီးချိုက နှလုံးနဲ့ သွေးကြောစနစ်ကို အမျိုးအစား ၂ ဆီးချို မဖြစ်ခင်ကပင် ကြိုပျက်စီးထားနိုင်ပါတယ်။

Prediabetes (အကြိုဆီးချို ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားစေနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်ပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဘာတွေ လုပ်သင့်လဲဆိတာကို ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

  • လက္ခဏာများ

Prediabetes (အကြိုဆီးချို ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

အများစုမှာ အကြိုဆီးချိုက လက္ခဏာမပြတတ်ပါ။ လက္ခဏာများ ပြလာပြီးဆိုရင်တော့ အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။

  • ရေငတ်ခြင်း
  • မကြာခဏဆီးသွားခြင်း
  • မောပန်းလွယ်ခြင်း
  • အမြင်ဝေဝါးခြင်း

အကြိုဆီးချိုရှိတဲ့မှာ နောက်ထပ်အတွေ့ရများတဲ့ လက္ခဏာတစ်ခုကတော့ အသားအရေအရောင်ပြောင်းခြင်း ဖြစ်ပါသည်။ အသားရောင်က ပိုနက်လာနိုင်ပြီး အထူးသဖြင့် ခြေဆစ်လက်ဆစ်တွေမှာ ပိုသိသာပါတယ်။ Acanthosis nigricans လို့ခေါ်ပါတယ်။

ခုပြောပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

  • အဝလွန်နေရင် -ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း BMI ၂၅ အထက်ဆိုရင်
  • အထိုင်များတဲ့သူဖြစ်နေရင်
  • အသက် ၄၅နှစ်နဲ့ အထက်
  • အမျိုးအစား ၂ ဆီးချို မိသားစုရာဇဝင်ရှိရင်
  • ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ဖူးရင် ဒါမှမဟုတ် ကလေး ၉ ပေါင် (၄.၂ ကီလို) အထက် မွေးဖူးရင်
  • သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစု PCOS ရှိနေရင် -ဒီရောဂါကို ပုံမှန်ရာသီမလာခြင်း၊ အမွှေးထူခြင်း၊ အဝလွန်ခြင်းဖြင့် သိနိုင်ပါသည်။
  • သွေးတိုးရောဂါရှိရင်
  • သွေးတွင်းကိုလက်စထရောများနေရင်

အကြောင်းရင်းများ

Prediabetes (အကြိုဆီးချို ) ကို ဘာတွေက ဖြစ်စေသလဲ

အကြိုဆီးချို ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မပြောနိုင်သေးပါဘူး။ သို့သော်လည်း တချို့ကတော့ မျိုးရိုးဗီဇက ရောဂါဖြစ်နိုင်ခြေ မြင့်မားစေတဲ့ အချက်တစ်ခုဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ အင်ဆူလင် ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ ဗီဇပျက်စီးရာကနေ အင်ဆူလင်ကောင်းကောင်း မထုတ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် တက်လာစေပါတယ်။ သွေးတွင်းအဆီ များခြင်းကလည်း အကြိုဆီးချို  ဖြစ်နိုင်စေပါတယ်။

ဖြစ်နိုင်ခြေများ

Prediabetes (အကြိုဆီးချို ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အကြိုဆီးချို ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအားဖြင့်

  • ကိုယ်အလေးချိန် -ကိုယ်အလေးချိန်များခြင်းက အကြိုဆီးချိုဖြစ်စေနိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း BMI ၃၅ ထက်မြင့်လေလေ ဖြစ်နိုင်ခြေများလေလေး ဖြစ်ပါတယ်။
  • ခါးဆိုဒ် -ခါးဆိုဒ်ကြီးခြင်းကလည်း အင်ဆူလင် မတုံ့ပြန်တာကို ဖြစ်စေပါတယ်။
  • လှုပ်ရှားမှုနည်းခြင်း -လှုပ်ရှားမှုနည်းလေလေ အကြိုဆီးချိုဖြစ်နိုင်ချေ များလေလေဖြစ်ပါတယ်။
  • အသက်အရွယ် -ဆီးချိုက အသက်အရွယ်မရွေး ဖြစ်နိုင်သည်ဆိုပေမယ့် အကြိုဆီးချိုဖြစ်နိုင်ချေကတော့ အသက်ကြီးလာတာနဲ့အမျှ အထူးသဖြင့် ၄၅ အထက်မှာ ပိုမြင့်လာပါတယ်။
  • မိသားစုရာဇဝင် -မိဘ မောင်နှမတစ်ဦးဦးမှာ အမျိုးအစား ၂ ဆီးချို ဖြစ်ဖူးရင် အကြိုဆီးချို ဖြစ်နိုင်ချေ ရှိပါတယ်။
  • ကိုယ်ဝန်ဆောင်ဆီးချို -ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ဖူးပါက နောက်ပိုင်းမှာ ဆီးချိုဆက်ဖြစ်နိုင်ချေ မြင့်မားလာပါတယ်။။ ၄.၁ ကီလိုအထက် ကလေးမွေးဖူးရင်လည်း ဆီးချိုဖြစ်နိုင်ခြေ များပါတယ်။
  • သားဥအိမ်အရည်အိတ်တည်ခြင်းရောဂါစု (PCOS) -ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာလည်း ဆီးချိုဖြစ်နိုင်ချေ များပါတယ်။
  • အိပ်စက်ခြင်း -အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းက အိပ်စက်မှုအရည်အသွေးကို လျော့ကျစေပါတယ်။ နေ့ဆိုင်း ညဆိုင်း ပြောင်းလုပ်ရတဲ့ လူတွေမှာ အိပ်စက်မှုဆိုင်ရာ ပြဿနာများဖြစ်နိုင်ပြီး အကြိုဆီးချို သို့မဟုတ် အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ပိုမိုတိကျသော အချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Prediabetes (အကြိုဆီးချို ) ကို ဘယ်လိုအတည်ပြုပါသလဲ

အကြိုဆီးချိုကို အတည်ပြုရာမှာ အသုံးပြုနိုင်တဲ့ စစ်ဆေးမှုတွေ ရှိပါတယ်။

  • A1C စစ်ဆေးမှု -ဒီစစ်ဆေးမှုက သင့်သွေးအတွင်းမှ လွန်ခဲ့တဲ့ ၂-၃ လအတွင်း သကြားပမာဏရာခိုင်နှုန်းကို တိုင်းတာခြင်းဖြစ်ပါတယ်။ ပုံမှန် A1C မှာ ၅.၇ % ရှိသင့်ပါသည်။ A1C  ၅.၇-၆.၄ %ကို အကြိုဆီးချိုလို့ ယူဆပါတယ်။ နှစ်ကြိမ်ခွဲတိုင်းပြီးနောက် ၆.၅% နဲ့ အထက်ရပါက သင့်မှာ ဆီးချိုရှိနေကြောင်း သိနိုင်ပါသည်။
  • အစာရှောင်ပြီး သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း -တစ်ညတာ အစာရှောင်ခိုင်းပြီး သင့်သွေးနမူနာကို စစ်ဆေးကြည့်လို့ သွေးတွင်းသကြားဓာတ် ၁၀၀ -၁၂၅ mg/dL (5.6 – 6.9 mmol/L) ဆိုရင် အကြိုဆီးချိုလို့ သတ်မှတ်နိုင်ပါတယ်။
  • Oral glucose tolerance စစ်ခြင်း – ဒီစစ်ဆေးမှုမှာ ပထမဆုံး တစ်ညတာ အစာရှောင်ပြီးနောက် သွေးတွင်းသကြားဓာတ်ကို တိုင်းပါတယ်။ ပြီးရင် သကြားရည်တစ်ခွက် သောက်ခိုင်းပြီး အချိန်တစ်ခုကြာတဲ့အခါ နောက်တစ်ခေါက် သွေးထပ်စစ်ပါတယ်။ ထပ်စစ်လို့ သွေးတွင်းသကြားဓာတ် ၁၄၀-၁၉၉ mg/dL (7.8 – 11.0 mmol/L) ဆိုရင် အကြိုဆီးချိုလို့ ယူဆနိုင်ပါတယ်။

အထက်ပါစစ်ဆေးမှုအားလုံးမှာ ကိန်းဂဏန်းများ မြင့်လေလေ နောက်ပိုင်းတွင် အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ချေ များလေလေဖြစ်ပါတယ်။

Prediabetes (အကြိုဆီးချို ) ကို ဘယ်လိုကုသပါသလဲ

သင့်မှာ အကြိုဆီးချို ရှိနေရင် ပထမဆုံးကုသမှုက လူနေမှုပုံစံပြောင်းလဲခြင်း ဖြစ်ပါတယ်။ အစားအသောက်ပုံစံပြောင်းခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ပါဝင်ပါတယ်။ အဝလွန်သူတွေက အကြိုဆီးချို မှ ဆီးချိုအဆင့်ထိ ပြောင်းနိုင်ခြေ ပိုများပါသည်။ ဒါကြောင့် ဝိတ်ချဖို့ လိုပါတယ်။

စစ်ဆေးမှုရလဒ်တွေကက ဆီးချိုလို့ ခေါ်နိုင်တဲ့အထိ မဟုတ်ပေမယ့် သကြားဓာတ်တအားမြင့်နေမယ်ဆိုရင်တော့ ဆီးချိုဆေးတွေ စသောက်ဖို့ လိုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက အကြိုဆီးချိုကနေ  ဆီးချိုအဆင့်မပြောင်းဖို့ အများကြီးကူညီပေးနိုင်ပါတယ်။

  • ဆေးလိပ်ဖြတ်ပါ။
  • ကိုယ်အလေးချိန်ကို အန္တရာယ်ကင်းတဲ့နည်းနဲ့ ချပါ။ အလေးချိန် ၅%လောက် ချနိုင်ရင်ကို ပြောင်းလဲမှုအများကြီး ဖြစ်နေပါပြီ။
  • အာဟာရမျှတအောင် စားပါ။
  • အဆီအစိမ့်အချိုအငန် လျှော့ပါ။
  • အသီးအရွက်၊ အသီးအနှံ၊ အသား၊ ငါး မျှတအောင် စားပါ။
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
  • သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement