backup og meta

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

    ဆီးချိုရောဂါ ရှိသူတွေမှာ ရုတ်တရက် သွေးတွင်း သကြားဓာတ် ကျဆင်းတာမျိုး ဖြစ်နိုင်သလို ရုတ်တရက် သွေးတွင်းသကြားဓာတ် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေ ၂ ခုစလုံးက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဂရုစိုက်သင့်တဲ့ အခြေအနေတွေထဲက တစ်ခု ဖြစ်တဲ့ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

    ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia)

    ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ နှစ်မျိုးလုံးမှာ ခံစားရနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်ရတဲ့ ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိပြီး ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့ သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။

    သင့်မှာ ဆီးချိုရောဂါ ရှိနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။

    ဆီးချိုကိုမာ အခြေအနေကို ရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့် မြင်ရ၊ ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့ အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင် diabetic coma က လူကိုသေစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

    Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။

    • အစာမစားခင် သွေးစစ်ချိန် သွေးတွင်းသကြားဓာတ်မြင့်နေခြင်း (Fasting hyperglycemia)

    အစာမစားဘဲ ၈ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက် ကျော်လွန်နေခြင်းဖြစ်ပါတယ်။

    • အစာစားပြီး သွေးစစ်ချိန် သွေးတွင်းသကြားဓာတ်မြင့်နေခြင်း(After-meal hyperglycemia)

    အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

    တကယ်တမ်း ဆီးချိုတက်ပြီဆိုရင် ၃-၄-၅၀၀ကနေ စက်ကမဖတ်နိုင်တော့တဲ့အထိ တက်နိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိသူတွေမှာ Ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။

    အမျိုးအစား၂ ဆီးချိုရောဂါ ရှိနေရင် ဒါမှမဟုတ် ဖြစ်နိုင်တဲ့ အလားအလာရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မထိန်းနိုင်တော့တဲ့ အန္တရာယ်အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို Hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေနောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီး ရေဓာတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။

    ဖြစ်လာစေတဲ့အကြောင်းရင်းများ

    အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါတယ်-

    • အင်ဆူလင်ထိုးဖို့ မေ့တာ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့ မေ့တာ
    • ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏ နဲ့ကိုက်ညီတဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုစားသုံးမိတာ
    • ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ
    • နာမကျန်းဖြစ်တာ
    • စိတ်ဖိစီးမှုခံစားနေရတာ
    • လှုပ်ရှားမှုနည်းတာ ဒါမှမဟုတ် ပုံမှန်လောက်လေ့ကျင့်ခန်းမလုပ်ဖြစ်တာ
    • အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ (အထူးသဖြင့် သွေးတွင်းသကြားဓာတ်မြင့်နေချိန်နဲ့ အင်ဆူလင်ပမာဏကျဆင်းနေချိန်)

    လက္ခဏာများ

    သွေးတွင်းသကြားဓာတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက

    • ရေငတ်လာခြင်း
    • ခေါင်းကိုက်ခြင်း
    • အာရုံစိုက်မရခြင်း
    • အမြင်အာရုံဝေဝါးခြင်း
    • မကြာခဏဆီးသွားခြင်း
    • မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)
    • ကိုယ်အလေးချိန်ကျဆင်းခြင်း
    • သွေးတွင်းသကြားဓာတ်က 180 mg/dL ထက်ကျော်လွန်ခြင်း

    သွေးတွင်းသကြားဓာတ် မကြာခဏ မြင့်တဲ့သူတွေက

  • မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း
  • အနာကျက်နှေးခြင်း
  • အမြင်အာရုံမကောင်းခြင်း
  • ခြေဖျားအေးစက်ခြင်း၊ ထုံကျဉ်ခြင်းဖြစ်စေတဲ့ အာရုံကြောထိခိုက်မှု၊ ခြေချောင်းလက်ချောင်းတွေမှာ အမွေးကျွတ်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း
  • ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့လို အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများ
  • မျက်စိ၊ သွေးကြောနဲ့ ကျောက်ကပ်ထိခိုက်ခြင်း
  • Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု

    ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှု လက္ခဏာတွေ ဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ် ဆေးရုံတင် ကုသရနိုင်ပါတယ်။ ကုသနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။

    • အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း

    ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့ အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေးမှာ ဖြစ်ပြီး သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။

    • ဓာတ်ဆားဖြည့်တင်းခြင်း

    ဓာတ်ဆား(electrolytes )တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက် မှန်ကန်စေဖို့ လိုအပ်တဲ့ သွေးတွင်းသတ္တုဓာတ်တွေ ဖြစ်ပါတယ်။ အင်ဆူလင် မရှိတဲ့အခါ သွေးထဲက ဓာတ်ဆားပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတဆင့် electrolytes တွေကို သွင်းရပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ် ဖြည့်တင်းရပါတယ်။

    • အင်ဆူလင်ကုထုံး

    အင်ဆူလင်က သွေးထဲမှာ ketonesတွေ များပြားစုပုံစေတဲ့ ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်း သွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။

    ဘယ်လိုကြိုတင်ကာကွယ်မလဲ

    Hyperglycaemia အခြေအနေပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။

    • အစားအသောက်ကိုချင့်ချိန်ပါ – အစာစားတဲ့အခါမှာ သတိနဲ့ချင့်ချိန်ပါ။ အချိုဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေစားရင် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။
    • ကုသမှုကို သေချာလိုက်နာပါ – အင်ဆူလင် သို့မဟုတ် တခြားဆီးချိုဆေး ကုထုံးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခံယူဖို့ မမေ့ပါနဲ့။
    • တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ –ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ဟန့်တားနိုင်ပေမယ့် ကိုယ်က ဆီးချိုထိန်းဆေးတွေ သောက်သုံးနေတာဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးစစ်ဆေးသင့်ပါတယ်။ လှုပ်ရှားမှုများလွန်းရင်လည်း ဆေးတွေကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းမှုလွန်ကဲတာတွေ ဖြစ်လာနိုင်လို့ပါ။
    • နေမကောင်းဖြစ်ရင် ပိုဂရုစိုက်ပါ –ရောဂါဝေဒနာတစ်ခုခုကြောင့် ခံစားနေရချိန်အတွင်း သွေးတွင်းသကြားဓာတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဆရာဝန်ပေးထားတဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။
    • သွေးတွင်းသကြားဓာတ်ကို အမြဲစောင့်ကြည့်စစ်ဆေးပါ – ကိုယ့်အိမ်မှာပဲ သွေးချိုတိုင်းစက်နဲ့ စစ်ဆေးတာက ဆီးချိုအတက်အကျကို စောစောသိရှိနိုင်ပြီး စောစောကုသမှန်စေနိုင်ပါတယ်။
    • အချိုမပါတဲ့ အရည်တွေများများသောက်ပါ – ဒီလိုသောက်သုံးခြင်းအားဖြင့် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement