စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက အိပ်ရေးပျက်တာကစလို့ နေ့စဉ်ဘဝမှာပါ အများကြီး သက်ရောက်နေပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးအပေါ် ထိခိုက်မှု များတယ်ဆိုတဲ့ အချက်တွေထဲမှာမှ ဆီးချိုရှိသူတွေနဲ့ ဆီးချိုဖြစ်မှာ စိုးရိမ်နေသူတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေ ရှိနေနိုင်ပါတယ်။ ဒါကတော့ စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား ….. စိတ်ဖိစီးရင် ဆီးချိုရောဂါ ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားတာမို့ ဖတ်ကြည့်လိုက်နော်။
ဆီးချိုရောဂါ
ဆီးချိုရောဂါ ဆိုတာ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲမှု ဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ကျန်းမာရေးပြဿနာပါ။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပြီး သွေးကြောတွေထဲကို ပို့ဆောင်ပေးပါတယ်။ သွေးကြောတွေထဲကို ဖြိုခွဲထားတဲ့ အချိုဓာတ်တွေ ရောက်ရှိသွားတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ပန်ခရိယက အင်ဆူလင်ကို ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် အဓိကပြောင်းလဲပေးတဲ့အရာပါ။
ဆီးချိုရှိသူတွေမှာတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မထုတ်လုပ်နိုင်သလို ထိထိရောက်ရောက်လည်း အသုံးမချနိုင်တော့ပါဘူး။ ဆီးချို ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ ဆီးချိုရောဂါကို အချိန်ကြာမြင့်စွာ ခံစားရတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အနေနဲ့ နှလုံးရောဂါ၊ အမြင်အာရုံ ထိခိုက်တာ၊ ကျောက်ကပ်ရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။