backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချို နဲ့ စိတ်ဖိစီးခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချို နဲ့ စိတ်ဖိစီးခြင်း

စိတ်ဖိစီးတာက အခြေအနေအမျိုးမျိုးနဲ့ မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။ ကလေးကစလို့ လူကြီးအထိ စိတ်ဖိစီးမှု မရှိသူဆိုတာ မရှိပါဘူး။ စိတ်ဖိစီးတာက အရမ်းများလာမယ်။ အချိန်အားဖြင့် ကြာမြင့်လာမယ်ဆိုရင် စိတ်ရောကိုယ်ပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချို ရောဂါရှိသူတွေမှာ ဖြစ်တဲ့စိတ်ဖိစီးမှုအကြောင်းလေး ပြောပြပေးချင်ပါတယ်။

စိတ်ဖိစီးမှုက ဆီးချိုရောဂါကို တိုက်ရိုက်မဖြစ်စေနိုင်ဘူးဆိုပေမယ့် သွေးတွင်းသကြားဓာတ်ပမာဏအပေါ်မှာတော့ သက်ရောက်မှုရှိနေပါတယ်။ ဒီတော့ ဆီးချို ရှိသူတွေအနေနဲ့ စိတ်ဖိစီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဂရုစိုက်ကာကွယ်နည်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဆီးချို နဲ့ စိတ်ဖိစီးခြင်း

ဆီးချို ရောဂါခံစားနေရသူ တစ်ဦးဟာ သွေးချိုပမာဏအတိုင်းအတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နိုင်ပါတယ်။ ဆီးချို နဲ့ စိတ်ဖိစီးခြင်း က ဒွန်တွဲနေပါတယ်။ ဆီးချိုကြောင့် စိတ်ဖိစီးမှုတွေက ပုံမှန်ထက် ပိုဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို ကောင်းစွာ မဖြေရှင်းနိုင်ဘူးဆိုရင် နေ့စဉ်ဘဝတွေမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အလွယ်တကူ ကျော်ဖြတ်နိုင်စေဖို့ လုပ်ဆောင်လို့ရတဲ့အချက်လေးတွေတော့ ရှိပါတယ်။ ဒီအချက်လေးတွေက စိတ်ဖိစီးမှုဖြစ်တာတွေကို လျှော့ချပေးပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ စိတ်ဖိစီးမှုဆိုတာ ဘာလဲ။ ဆီးချို နဲ့ စိတ်ဖိစီးမှု အကြောင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

စိတ်ဖိစီးမှုဆိုတာ ဘာလဲ

စိတ်ဖိစီးမှု ဆိုတာ အသစ်အသစ်သော အခြေအနေတွေ၊ ခက်ခဲတဲ့ အခြေအနေတွေကို ကြုံတွေ့ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကပါ တုံ့ပြန်တဲ့ အနေအထားပါ။  စိုးရိမ်စိတ် တစ်မျိုးပေါ့။ ဒီလို စိတ်ဖိစီးမှုက ကာလတိုပဲ ခံစားရတာမျိုး ရှိသလို အချိန်အတော် ကြာတဲ့အထိ ခံစားရတာမျိုးလည်း ရှိပါတယ်။ အချို့သော စိတ်ဖိစီးမှုတွေက နေ့မကူးဘဲ ပျောက်သွားတတ်ပေမယ့် အချို့သော စိတ်ဖိစီးမှုတွေကတော့ ကာလရှည်ကြာ ခံစားနေမိတာမျိုး ရှိပါတယ်။

ငွေကြေး အခက်အခဲ၊ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေ နဲ့ ချစ်ခင်ရင်းနှီးရတဲ့သူ တစ်ဦးဦးကို ဆုံးရှုံးရတာကြောင့် စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက ကာလရှည်ကြာ ခံစားရတဲ့ စိတ်ဖိစီးမှုပါ။

စိတ်ဖိစီးမှုက ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေသလို စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဆီးချို နဲ့ စိတ်ဖိစီးခြင်း ကြားမှာ ဘယ်လိုဆက်စပ်မှုတွေ ရှိနေလဲ။

ဆီးချို နဲ့ စိတ်ဖိစီးခြင်း

စိတ်ဖိစီးမှုကို ခံစားလာရပြီဆိုရင် ခန္ဓာကိုယ်က ကော်တီစော နဲ့ အက်ဒရီနယ်လင်လိုမျိုး စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို ထုတ်လုပ်လိုက်ပါတယ်။ ဒီလို ဟော်မုန်းတွေ ထွက်ရှိလာတာက ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို အခက်အခဲဖြစ်စေပြီး insulin resistance အင်ဆူလင်မတိုးတာကို ဖြစ်စေနိုင်ပါတယ်။ စားလိုက်တဲ့ အစားအစာတွေထဲက စွမ်းအင်တွေက ဆဲလ်တွေဆီကို ရောက်မသွားဘဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေက အချိန်တော်တော်ကြာတဲ့အထိ ပျောက်မသွားဘဲ ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ခံစားမှုကို ထိခိုက်စေပြီး ကျန်းမာရေးကို ဂရုစိုက်မိတာတွေကို လျော့ကျစေပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

ဆီးချိုကလည်း တစ်ခါတလေမှာ စိတ်ဖိစီးတာကို ဖြစ်စေနိုင်ပါတယ်။ တစ်ခုခု စားလိုက်ရင်ပဲ သွေးချိုတက်တော့မလားဆိုပြီး စိတ်ဖိစီးတာမျိုး ခံစားရနိုင်သလို ကျန်းမာရေး အခြေအနေတွေကြောင့်လည်း စိတ်ဖိစီးတာကို ခံစားရနိုင်ပါတယ်။ နေ့စဉ် သွေးချိုစစ်ဆေးဖို့အတွက် သွေးဖောက်ရတာကလည်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။  သွေးချို မြင့်တက်နေတာကလည်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေကို လျော့ပါးအောင် ဘယ်လို လုပ်ရမလဲ

လူတိုင်းလူတိုင်းဟာ စိတ်ဖိစီးမှုကို မတူတဲ့ပုံစံတွေနဲ့ ခံစားရနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ထိခိုက်မှု မရှိစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အထောက်အကူပြုပေးနိုင်မှာပါ။

  • ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

စိတ်ဖိစီးချိန်မှာ မမေ့မလျော့ လုပ်ရမယ့် နည်းလမ်းက ကိုယ့်ကိုယ်ကိုယ် သေချာလေး ဂရုစိုက်တာပါ။ အစားအသောက်ကစလို့ ဆေးသောက်ရတာအထိ အစစအရာရာကို သေချာ ဂရုစိုက်ရပါမယ်။ ဒါမှ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးချိုမြင့်တက်တာမျိုး မဖြစ်မှာပါ။ ဆီးချိုရှိသူတွေအနေနဲ့ စိတ်ဖိတ်ခေါ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပုံမှန်အချိန်တွေထက်ပိုပြီး သေချာလေး ဂရုစိုက်ပေးပါ။

  • သက်သောင့်သက်သာ နေပါ
  • စိတ်ဖိစီးနေချိန်မှာ အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် နေပါ။ အေးအေးဆေးဆေး နားနေတာမျိုး၊ နှစ်သက်ပြီး စိတ်ပေါ့ပါးစေတဲ့ ရုပ်ရှင်လိုမျိုး အပန်းပြေစေတဲ့အရာလေးတွေကို ကြည့်တာမျိုး လုပ်ပေးပါ။ ဒီလို အနားပေးတာကလည်း စိတ်ဖိစီးမှုကြောင့် ထိခိုက်မှု နည်းစေမှာဖြစ်ပါတယ်။

    စိတ်ဖိစီးချိန်မှာ အစားပိုစားမိတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုပါ။ ဒီလို စားသုံးမှုက စိတ်ဖိစီးမှုကို မသက်သာစေဘဲ ဆီးချိုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေချိန်မှာ အစားတွေ စားချင်လာတယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တာကို စားပေးပါ။

  • အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ
  • စိတ်ဖိစီးမှုကြောင့် အိပ်ပျော်ဖို့ ခက်ပေမယ့် အိပ်ရေးပျက်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေပြီး ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အိပ်ချိန်မှန်အောင် ဂရုစိုက်ပေးပါ။

    • ရင်ဖွင့်တိုင်ပင်ပါ

    စိတ်ဖိစီးမှု ဖြစ်လာတဲ့အခါ ချစ်ခင်ရင်းနှီးရသူတွေကို ရင်ဖွင့်တိုင်ပင်လိုက်တာက စိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ စိတ်ဖိစီးတဲ့အခါ တစ်ယောက်တည်းနေတာက ခဏတာလောက်ပဲ ကောင်းပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာပြီဆိုရင် ရင်ဖွင့်တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement