backup og meta

ကိုဗစ်ကာလမှာ ဘေဘီလေးတို့ရဲ့ ခံစားချက်ကို အလေးဂရုပြုပါ

ကိုဗစ် ဒုတိယတကျော့က ပထမတကျော့ထက် တော်တော်လေး ပြင်းတယ်နော်။ ကူးစက်မှုနှုန်း မြန်သလို ကူးစက်ခံရတဲ့ အရေအတွက်ကလည်း မနည်းပါဘူး။ သေဆုံးသူအရေအတွက်ကလည်း အတော်လေးကို များနေတယ်။

ကိုဗစ်ကာလမှာ ဘေဘီလေးတို့ရဲ့ ခံစားချက်ကို အလေးဂရုပြုပါ

ဒီကာလမှာ နေအိမ်ကနေ အပြင်မထွက်ဘဲ Stay at Home နေတာက အကောင်းဆုံးသော ကာကွယ်နည်းတွေထဲက တစ်ခုပေါ့။ ဒါပေမယ့် တစ်နေ့ကို မိုးလင်းတယ်။ အိမ်ထဲမှာ နေတယ်။ တစ်နေကုန်နေရတယ်။ မိုးချုပ်တယ်။ အိပ်ရာဝင်တယ်ပေါ့။ ဒီလိုနဲ့ လည်ပတ်နေရတာကို ကိုယ်တွေက လူကြီးမို့ ငြီးငွေ့တယ်။ ကလေးတွေကတော့ ကောင်းသားနော်။ ဘာမှ မသိဘူးလို့ မထင်လိုက်ပါနဲ့။

ဘေဘီလေးတွေလည်း စိတ်ညစ်တတ်သလို စိတ်ဖိစီးတတ်တယ်။ စိတ်ညစ်ညူးခံစားတတ်ပါတယ်။ လူ​ကြီးတွေလောက် အပူအပင် မရှိပေမယ့် သူတို့လေးတွေမှာလည်း သူတို့လေးတွေအတိုင်းအတာနဲ့ သူတို့ပါ။

Stay at Home ကာလမှာ ဘေဘီလေးတွေ စိတ်ညစ်သလား။

ဘယ်လိုမေးတာပါလိမ့်။ စိတ်ညစ်တာပေါ့။ အရင်က ပန်းခြံ သွားတယ်။ ကစားကွင်းသွားတယ်။ ဈေးဝယ်စင်တာ ပတ်တယ်။ ဘာသာစကားသင်တန်းတက်တယ်။ ဖိုးဖိုးဖွားဖွား အိမ်သွားလည်မယ်။ တီတီရေ၊ လေးလေးရေဆို တီတီတာတာပြောလို့ စားချင်တာကို တူတူသွားဝယ်တယ်။ ဆော့တယ်လေ။

ခုကျ အိမ်ထဲပဲနေရတယ်။ မနက်လည်း ဒီအဖေအမေ မျက်နှာ မိုးချုပ်တဲ့အထိ၊ ကြံဖန် ကစားရတာကလည်း ကုန်နေပြီ။ တံခါးဝကနေ အပြင်မထွက်နဲ့ ဗစ်ဗစ်ကိုက်မယ်ဆိုလို့ကလည်း ကြောက်ရသေး။ စိတ်ဖိစီးတာပေါ့။ မုန့်စားတော့လည်း အရင်လို စားချင်တိုင်း မကျွေး မေမေက ခုနေ ဆေးရုံဆေးခန်းပြေးဖို့ မလွယ်လို့ဆိုပြီးလေ။

သူတို့က လူကြီးတွေလို မညည်းညူပေမယ့် ကိုဗစ်ကြောင့် စိတ်ညစ်ပြီး စိတ်ဖိစီးနေတဲ့အထဲ ပါတယ်ဆိုတာ မေမေဖေဖေတို့ သတိချပ်စေချင်ပါတယ်။

Stay at Home မှာ ဂရုစိုက်သင့်တဲ့ ဘေဘီလေးရဲ့ ခံစားချက်

Stay at Home မှာ ဘေဘီလေးရဲ့ ခံစားချက်ကို ဂရုစိုက်ပေးပါ။ ဒီလိုပြောရတာက ဘေဘီလေးတွေက သူတို့ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဘေးကင်းလုံခြုံရေးအားလုံးကို မိဘတွေအပေါ်မှာ မှီခိုနေရလို့ပါ။ ဒါကြောင့် ကလေးတွေကို စိတ်ပိုင်းရုပ်ပိုင်း အစစအရာရာ ဂရုစိုက်ဖို့ မမေ့ပါနဲ့။

ကြောက်စရာ သတင်းစကားတွေကို ဘေဘီလေးနားလည်လွယ်အောင် အဖြေထုတ်ပေးပါ

သတင်းတွေထဲကနေ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ လူကြီးတွေ ပြောနေတဲ့ စကားတွေကနေဖြစ်ဖြစ် ရောဂါအကြောင်း ကြောက်စရာ သတင်းတစ်ခုခုကို ကြားမိလို့ ကလေးက ဘာဖြစ်လို့လဲ မေမေလို့ သိချင်စိတ်နဲ့ မေးလာတဲ့အခါ ကလေးကို ကလေးနဲ့မဆိုင်ဘူးလို့ ပြောလိုက်တာမျိုး၊ ကြောက်စရာကောင်းတယ်လေလို့ မပြောလိုက်ပါနဲ့။

အဲ့ဒီလို ပြောတာထက် အခု အပြင်မှာ လူတွေ ဖျားနေကြတယ်။ နေမကောင်းတွေ ဖြစ်ကြတယ်လေ။ အဲ့ဒါက ကိုဗစ်လို့ခေါ်တဲ့ ပိုးကောင်ကြောင့်ပေါ့။  သားသားလိုက်လိုက်ဆိုနေတဲ့ သီချင်းထဲကလို လက်ကို ခဏခဏဆေးမယ်။ အိမ်ထဲမှာပဲနေမယ်။ မန်းမန်းလည်း စားမယ်။ အိပ်လည်း အိပ်မယ်ဆိုရင် သားသားရော မေမေတို့ပါ မဖျားတော့ဘူး။ ကျန်းကျန်းမာမာနေလို့ ရပြီဆိုတာမျိုး ရှင်းပြပါ။

ကလေးရဲ့ ခံစားချက်ကို အသိအမှတ် ပြုပေးပါ

ကလေးက ဆော့ရင်း ပျင်းလို့ ထိုင်နေတယ်ဆိုရင် သမီးရေ ပျင်းနေပြီလား။ ခုချိန်က အပြင်ကလည်း သွားလို့ မရဘူးဆိုတော့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါလား။ ဒါမှမဟုတ် ဗီဒီယိုကော ပြောမလားစသဖြင့်ပေါ့။ သူတို့လေးတွေကို လွတ်လပ်စွာ ပြောဆိုရယ်မောခွင့်ပေးလိုက်ပါ။ ကလေးဆိုတာ သူငယ်ချင်း မင်တဲ့ အမျိုးလေ။

ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းစေပါ

ဘေဘီလေးတွေက ကလေးမို့ မသိဘူး မထင်ပါနဲ့။ သူတို့လေးတွေက အသက်အရွယ်ကြီးရင့်နေတဲ့ ဖိုးဖိုးဖွားဖွားတွေ၊ တစ်ယောက်တည်းနေနေရတဲ့ တီတီ၊ တစ်ကိုယ်တည်း နေနေတဲ့ လေးလေးတို့ကို ဖေဖေမေမေတို့ထက် ပိုစိတ်ပူတတ်ပါတယ်။

ဒီတော့ ကလေးကို သူချစ်ရသူတွေ ကျန်းမာစွာ ရှိနေကြောင်း သိစေဖို့ ဗီဒီယိုကော ခေါ်ပေးရင်း စကားစမြည်ပြောလို့ အချိန်ဖြုန်းခွင့်ပေးပါ။ သူတို့လေးတွေရဲ့ စိုးရိမ်စိတ်လည်း သက်သာတာပေါ့။

ကိုယ်တိုင်က စံပြဖြစ်နေပါ

ကလေးကို ကိုယ်တိုင်းက အခုကာလကို ဘယ်လို အကောင်းဆုံး ကျော်ဖြတ်နေလဲဆိုတာကို ပြောပြပါ။ မိဘက သားသမီးအတွက် ရှေ့ဆောင်လမ်းပြကောင်းပါ။ မေမေလည်း ဖိုးဖိုးဖွားဖွားတို့ကို စိတ်ပူတာပေါ့။ ဒါပေမယ့် အပြင်ကသွားလို့ မရဘူးလေ။ ဒီတော့ ဖုန်းပဲပြောရတာပေါ့။ ပြီးတော့ လေ့ကျင့်ခန်းလေးတွေ လုပ်တယ်လေ။ သားသားရော လုပ်ပါလား၊ မီးမီးရောလုပ်ပါလား။ မေမေနဲ့အတူလေဆိုပြီး ကလေးကို စည်းရုံးပါ။

သတင်းကောင်းလေးတွေ ပြောပြပါ

ကလေးကို ဒီနေ့တော့ ရောဂါ သက်သာလို့ ဆေးရုံကနေ ဘယ်နှယောက်ဆင်းပြီ။ ဘယ်သူတော့ နေကောင်းလာပြီ။ ကာကွယ်ဆေးထုတ်နေတာ ဘယ်အခြေအနေကို ရောက်နေပြီ စသဖြင့် သတင်းကောင်းလေးတွေ ပြောပြပေးပါ။ ဒါကလည်း ကလေးကို စိတ်သက်သာရာ ရစေပါတယ်။

ကလေးနဲ့အတူ ကစားပါ

ကလေးက ဆော့ဖို့ခေါ်တဲ့အခါ မဆော့ချင်ဘူးလို့ မငြင်းလိုက်ပါနဲ့။ သူနဲ့အတူတူ ပုံဆွဲတာ၊ စာအုပ်ဖတ်တာ၊ အရုပ်ဆက်တာကစလို့ အတူတူဆော့လို့ ရနိုင်သမျှကို ဆော့ပေးပါ။

ကလေးရဲ့ အသံကို နားထောင်ပေးပါ

ကလေးက သူ့အတွေ့အကြုံကိုပဲဖြစ်ဖြစ် သူသိလာတာကိုပဲဖြစ်ဖြစ် ပြောပြတဲ့အခါ အချိန်ပေးပြီး သေချာ နားထောင်ပေးပါ။ အမှားတွေရှိရင် ပြင်ပေးပါ။

ကလေးကို ချစ်ကြောင်းပြသပေးပါ

ကလေးကို တစ်နေ့ကိုတစ်ခေါက်လောက် ပွေ့ဖက်ပေးတာ ချစ်တယ်နော်လို့ ပြောပေးတာမျိုး လုပ်ပေးပါ။

ဒီလို လုပ်ပေးတာက ကလေးကို Stay at Home ကာလမှာ စိတ်ပျော်ရွှင်စွာနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်စေမှာပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 ways parents can support their kids through the COVID-19 outbreak https://www.unicef.org/coronavirus/6-ways-parents-can-support-their-kids-through-coronavirus-covid-19 Accessed Date 1 October 2020

Parenting in a Pandemic: Tips to Keep the Calm at Home https://www.healthychildren.org/English/health-issues/conditions/COVID-19/Pages/Parenting-in-a-Pandemic.aspx Accessed Date 1 October 2020

ယခုပုံစံ

08/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်နဲ့ စီဗစ်

ကိုဗစ်က လေထဲကနေ ကူးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ