backup og meta

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့

    မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးတွေ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့ မိဘတွေဘက်က သေချာထိန်းကျောင်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း ၄ချက်ကို ဝေမျှပေးလိုက်ပါတယ်။

    ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့ 

    ၁။ ကျန်းကျန်းမာမာနဲ့ ကြီးထွား စေဖို့ စားသောက်မှုပုံစံကို ဂရုစိုက်ပေးပါ။

    အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာကောင်းတွေကို ကလေးတွေ နေ့စဉ်စားပေးမှသာ တစ်နေ့တာအတွက် လုံလောက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို ရရှိမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။

    မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ကိုယ်ခံအားကောင်းလို့ ရောဂါတွေ လွယ်လွယ်နဲ့မဖြစ်လာအောင် ခန္ဓာကိုယ်က ခုခံတားဆီးပေးနိုင်တယ်။ ကိုယ်ခန္ဓာ ကြီးထွားသန်မာစေတယ်။ ဉာဏ်ရည် ထက်မြက်စေတယ်။ အသားအရေ စိုပြည်လှပစေတယ်။

    ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်၊ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစွာ ရရှိဖို့အတွက် ကိုယ့်ရဲ့ ကလေး တစ်နေ့တာ စားသောက်မယ့် အစားအစာကို သေချာပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးပါတယ်။ ထောပတ်အစား ဆီကောင်းဆီသန့်ကို နည်းနည်းသာ သုံးပြီး အစားအစာကို သေချာချက်ပြုတ်ပေးပါ။ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ဂျုံ၊ အသား၊ ဥ အစရှိတာတွေကို နေ့စဉ် မပါမဖြစ် ပါအောင် ချက်ပြုတ်ပေးရပါမယ်။ ဟင်းချက်တဲ့အခါမှာလည်း ဆီနဲ့ ဆားကို လျှော့ထည့်ဖို့ အရေးကြီးပါတယ်။

    ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့ အကူအညီပေးမယ့် နည်းလမ်း (၄)ခု

    ထမင်းစားပြီးတဲ့အခါမှာ မုန့်ပဲသရေစာတွေ အနေနဲ့ သစ်သီးဝလံမျိုးစုံကို သေချာပြင်ဆင်ပြီး ကျွေးပေးပါ။ စတိုးဆိုင်က ဝယ်လို့ရတဲ့ ဖျော်ရည်၊ အချိုရည်တွေ အစား အဆီထုတ်ထားတဲ့ နွားနို့ကိုပဲ တိုက်ပေးပါ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ မစားဘဲ ဆီ၊ ဆား၊ သကြား ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားတဲ့ ကလေးတွေဟာ အရွယ်မတိုင်ခင် အဝလွန်ရောဂါ ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။

    အဝလွန်တဲ့ ကလေးတွေဟာ တခြားသော ကလေးတွေထက် ရောဂါကူးစက်နှုန်းမြင့်မားနိုင်သလို၊ စိတ်ကျရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆီနဲ့ ကယ်လ်လိုရီဓာတ် ပါဝင်မှုများတဲ့ အသင့်စား Fast food တွေကို ကလေးဘဝထဲက လျှော့စားဖို့ တိုက်တွန်းပေးပါ။

    ၂။ အားကစား လုပ်ခိုင်းပါ။

    မိဘတွေကို ကလေးတွေကို ထိခိုက်မိမှာ စိုးရိမ်စိတ်နဲ့ အပြင်ကို မထွက်ခိုင်းဘူး။ ကလေးတွေကိုယ်တိုင်ကလည်း အပြင်ထွက် ကစားမယ့်အစား အိမ်ထဲမှာပဲ နေပြီး ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ ကြည့်နေတယ်။ အိမ်စာတွေ လုပ်နေရတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတဲ့အခါမှာ ကလေးက ထိုင်းမှိုင်းလာတယ်။ အရင်ကလို မသွက်လက်တော့ဘူး။ ကိုယ်အလေးချိန်လည်း တိုးလာတယ်။

    ဒါကြောင့် ကလေးတွေရဲ့ ဖုန်းသုံးတဲ့အချိန်ကို လျှော့ချပြီး အားကစား လုပ်ခိုင်းပါ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ကစားဖို့ ခွင့်တောင်းလာရင်လည်း ပေးထွက်လိုက်ပါ။ မနက်ခင်းအချိန်၊ အားလပ်ရက်တွေမှာ မိသားစုဝင်တွေ အတူတကွ ပျော်ပျော်ပါးပါး လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး ပြုလုပ်ပေးပါ။

    ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့ အကူအညီပေးမယ့် နည်းလမ်း (၄)ခု

    အမြဲနိုးကြားတက်ကြွနေတဲ့ ကလေးတွေဟာ စာသင်တဲ့ နေရာမှာ ပိုပြီး အာရုံစူးစိုက်နိုင်တယ်။ အမြဲလန်းဆန်းပြီး ရွှင်လန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ သွက်လက်ထက်မြက်စေတယ်။

    မနက်ခင်းမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရသလို ကိုယ့်ကလေး ဝါသနာပါတဲ့ အားကစားကို ပုံမှန်လုပ်ခိုင်းခြင်းဟာ ကလေးတွေကို နိုးကြားတက်ကြွစွာနဲ့ ကြီးပြင်းလာစေဖို့ အထောက်အကူပေးနိုင်ပါတယ်။

    ၃။ ကလေးတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးပါ။

    မိဘတွေ သတိမထားမိတာ တစ်ခုက ကိုယ်ပြောလိုက်တဲ့စကားတွေဟာ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှုကို ဖျက်ဆီးနေမိတတ်ပါတယ်။ မိဘတွေဟာ ကိုယ့်ရဲ့ ကလေးနဲ့ ပတ်သက်လာရင်တော့ မျှော်လင့်ချက်ကြီးတယ်၊ ရည်မှန်းချက်ကြီးတယ်၊ ကိုယ့်ရဲ့ ကလေးက ကိုယ်မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့အခါ အပြစ်တင်ဆူပူမိတတ်ကြတယ်။ ဒါဟာ ကလေးရဲ့ လုပ်ဆောင်နိုင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။

    ကိုယ့်ရဲ့ ကလေးဟာ စာမှာဖြစ်စေ၊ အားကစားမှာ ဖြစ်စေ တခြားကလေးတွေလောက် မထူးချွန်တဲ့အခါမှာ အပြစ်တင်မယ့်အစား အကောင်းဆုံးကို လုပ်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးစကား ပြောပေးပါ။ ကိုယ့်ရဲ့ မိဘက ကိုယ့်အပေါ် အမြဲယုံကြည်တယ်။

    ကိုယ်လိုအပ်တဲ့အချိန်တိုင်းမှာ ဘေးကနေ ဖေးမကူညီပေးတဲ့အခါမှာ ကလေးတွေဟာ အရင်ကထက် ပိုပြီး ကြိုးစားချင်စိတ် ဖြစ်လာတယ်။ အဖက်ဖက်မှာလည်း တိုးတက်လာပါလိမ့်မယ်။ ကိုယ့်ကလေးရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့အတွက် မိဘတွေကလည်း ကိုယ့်ရဲ့ ကလေးကို ယုံကြည်ပေးနေဖို့ အရေးကြီးပါတယ်။

    ၄။ ကလေးတွေရဲ့ စံနမူနာ ဖြစ်ပါစေ။

    ကလေးတွေဟာ အတုမြင်၊ အတတ်သင်တဲ့ အရွယ်တွေ ဖြစ်တဲ့အတွက် သူတို့ကို တစ်ခုခု မလုပ်ခိုင်းခင်မှာ ကိုယ်က အရင် လုပ်ပြဖို့ လိုပါတယ်။ ဥပမာ – အားကစားလုပ်တာ၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားခိုင်းတဲ့အခါမျိုးမှာ ကိုယ်က အရင် သူတို့မြင်အောင် စားပြ၊ လုပ်ပြပါ။

    ကိုယ်တိုင်က ရှေ့ကနေဦးဆောင်လမ်းပြပေးမှ ကလေးတွေအတွက်လည်း နောက်က လိုက်လုပ်ရတာ ပိုလွယ်မှာပါ။ ဒါကြောင့် ကလေးတွေကို ဘာပဲလုပ်ခိုင်း၊ လုပ်ခိုင်း လူကြီးတွေအနေနဲ့ အရင်လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement