သားဥအိမ်ဆိုတာဘာလဲ ။ ။
သားဥအိမ်ဆိုတာ သန္ဓေသားတစ်ခု ဖြစ်တည်လာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သားဥတွေကိုထုတ်ပေးနေတဲ့ နေရာတစ်ခုပါ။ သားဥအိမ်ကနေ ထုတ်လိုက်တဲ့ သားဥနဲ့ သုက်ကောင်လေးတို့တွေ့မှ ကိုယ်ဝန်တစ်ခုဖြစ်တည်လာရတာပါ။ ဒါတင်မကသေးပါဘူး။ ဓမ္မတာ စက်ဝန်း ကိုထိန်းချုပ်တဲ့ ဟော်မုန်းတွေကိုလည်း ဒီသားဥအိမ်ကနေပဲ ထုတ်တဲ့အတွက် သားဥအိမ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ သားဥအိမ်မရှိတော့ရင် ဘာတွေဖြစ်သွားမလဲ ။ကိုယ်ဝန်ရောရနိုင်သေးလား ။ ။
သားဥအိမ်ကို ထုတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ။ ။
သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ခေါ်ပါတယ်။ သားအိမ်တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကိုဖြစ်စေ၊ နှစ်ခုလုံးကိုဖြစ်စေ မေ့ဆေး၊ ( ဒါမှမဟုတ်) ထုံဆေးပေးပြီး ခွဲထုတ်တဲ့ အကြီးစားခွဲစိတ်မှုတစ်ခုပါ။
သားဥအိမ်ထုတ်ရတဲ့ အကြောင်းအရင်းတွေကတော့
- သားဥအိမ်နဲ့ သားဥပြွှန်မှာ ပြည်တည်တာ
- သားဥအိမ်ကင်ဆာ
- Endometriosis( သားအိမ်တွင်း ဆဲလ်များနေရာလွဲခြင်း)
- ကင်ဆာ မဟုတ်တဲ့ သားအိမ်မှာအလုံးတည်ခြင်း ( သားဥအိမ် အရည်အိတ်တည်ခြင်း)
- Ovarian torsion( သားဥအိမ် လိမ်နေခြင်း) နဲ့
- သားအိမ်ကင်ဆာဖြစ်ပြီး သားဥအိမ်ကိုပြန့်သွားတဲ့အခါ
- သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ မြင့်မားနေတဲ့အခါ မျိုးတွေမှာ သားဥအိမ်ကိုထုတ်လိုက်ကြလေ့ရှိပါတယ်။ ။
သားဥအိမ်ကို ထုတ်တော့မယ်ဆိုပါတော့။ လူနာရှင်ဘက်က ဘာတွေ သိထားသင့်လဲ ။ ။
သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ၊ ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။
ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သားဥအိမ်ကိုထုတ်လိုက်တဲ့အခါ
သားဥအိမ် ၂ ဘက်လုံးထုတ်တဲအခါ
- ကလေးမရနိုင်တော့ခြင်း – သားဥအိမ် နှစ်ဘက်လုံးထုတ်လိုက်ရတဲ့ အမျိုးသမီးတွေဟာ သဘာဝအတိုင်း ကလေးမရနိုင်တော့ပါဘူး။ ကလေးလိုချင်ရင်ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ယူမှရတော့မှာပါ။
- သွေးဆုံးလက္ခဏာများခံစားရခြင်း – ရာသီစက်ဝန်းထိန်းချုပ်တဲ့ ဟော်မုန်းတွေထုတ်ပေးတဲ့ သားဥအိမ်မရှိတော့တဲ့အခါ သွေးဆုံးခြင်းလက္ခဏာတွေကိုခံစားရမှာပါ။
သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း
- သားဥအိမ် ၁ ဘက်တည်းထုတ်ထားရင်တော့ ကလေးရနိုင်သေးသလို အရွယ်မတိုင်ခင် သွေးဆုံးတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် သားဥအိမ်ကို တစ်လုံးတော့ချန်ခဲ့စေချင်ပါတယ်။
ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ်ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နိုင်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက်တစ်လုံးချန်ခဲ့ပါ။
အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက် သားဥအိမ် ၂ ခုလုံးထုတ်လိုက်တာ ပိုကောင်းပါတယ်။
သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်ရပြီးနောက်ကိုယ်ဝန် ရချင်ရင် ဘယ်လိုလုပ်ရမလဲ ။ ။
သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နိုင်ပေမယ့် သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်တဲ့အခါ သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူလို့ရပါသေးတယ်။
သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတွေခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။ ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။