
ရင်သားကင်ဆာ မဖြစ်စေဖို့ ဆိုရင် အရင်ဆုံး –
အစားအသောက်ကြောင့် ဒီရောဂါကို ဘယ်လို သက်ရောက်မှု ရှိနေလဲ ဆိုတာကို သုတေသန ပညာရှင်တွေက လေ့လာနေဆဲ ဖြစ်ပေမယ့် အစားအသောက်ကို ချင့်ချိန်ဆင်ခြင်မယ်ဆို ဖြစ်နိုင်ခြေ နည်းစေမှာတော့ အမှန်ပါပဲ။ အသီးအရွက်၊ သစ်သီးတွေ၊ ပဲနဲ့ ပြောင်းနှံတွေကို အဓိကထား စားသုံးဖို့ လိုပါတယ်။ အသား သို့မဟုတ် ငါးလည်း ထိုက်သင့်သလောက်ပါရမယ်ဆိုပေမယ့် အသီးအရွက်တွေ၊ သစ်သီးတွေနဲ့ တစ်နေ့တာကို ဝန်းရံဖို့လိုပါတယ်။ ပြင်ပ အစားအစာတွေ၊ အသင့် အမြန်စားတွေကို တတ်နိုင်သလောက် လျှော့ပါ။
လေ့လာမှုတွေ အရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက် တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီး တစ်ယောက်ဟာ အယ်လ်ကိုဟော မသောက်တဲ့သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ လုံးဝ မရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေက သတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါလိမ့်မယ်။
ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ သိပ်အကြမ်းမဟုတ်တဲ့ တော်တန်ရုံကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေကို တစ်နေ့ ၁၀ မိနစ်၊ မိနစ်၂၀ လောက်နဲ့ လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေဆို ဒီရောဂါဖြစ်နိုင်ခြေပိုများပါတယ်။
ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေ ဒါမှမဟုတ် အဝလွန်သူတွေမှာ ဖြစ်နိုင်တဲ့အန္တရာယ်ပိုများပါတယ်။ သွေးဆုံးထားတဲ့အမျိုးသမီးတွေအတွက် ဒီအချက်ကပိုအရေးကြီးပါလိမ့်မယ်။
အမျှင်ဓာတ်က ဂျုံကြမ်း၊ အသီးအရွက်၊ အသီးအနှံနဲ့ ပဲအမျိုးမျိုး မှာပါဝင်တတ်ပါတယ်။ အမျှင်ဓာတ်များများစားတဲ့မိန်းကလေးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုနည်းတယ်လို့ သုတေသနအများကြီးရှိပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေကြောင့် ဆီးချိုနဲ့နှလုံးရောတွေကိုတောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။