backup og meta

ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ

    အလေ့အထ ဆိုတာက လူတစ်ယောက်က စဉ်ဆက်မပြတ် နေ့တိုင်းလိုလို လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေပါ။ ဒီလိုနေ့စဉ် လုပ်ဆောင်မိနေတာကြောင့်ပဲ အလေ့အထ လို့ အဓိပ္ပာယ်ဖွင့်လိုက်ကြတာပေါ့။ ဒီလို နေ့တိုင်း လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ကောင်းတဲ့ အလေ့အထတွေ ရှိသလို မကောင်းတဲ့ အလေ့အထတွေလည်း ရှိပါတယ်။

    အချို့ အလေ့အထ တွေက ကျန်းမာရေးကို ထောက်ကူပေးတာကြောင့် ဆက်လက်မွေးထားသင့်ပေမယ့် အချို့ အလေ့အထတွေ ကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ

    ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ

    ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင် ဒီအလေ့အထတွေကို စွန့်လွှတ်ဖို့ လိုပါမယ်။

    မနက်စာ မစားတာ

    မနက်စာ မစားဘဲနေလိုက်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မယ့် diet plan လို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီအယူအဆကို ပြင်ဆင်ဖို့ လိုနေပါပြီ။ ကယ်လ်လိုရီ လျှော့စားတာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်ဆိုပေမယ့် မနက်စာ မစားဘဲနေတဲ့ အလေ့အထ က  ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

    မနက်စာ မစားဘဲနေသူတွေက သွေးကြောတွေ ပိတ်ဆို့နိုင်ခြေ တော်တော်လေး များတယ်လို့ မကြာသေးခင်က ဟားဗတ်စ်ဆေးတက္ကသိုလ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။ ဒါ့အပြင် မနက်စာ မစားဘဲနေတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာ၊ အားမရှိသလို ခံစားရတာ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်း နည်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    တစ်ညလုံး အစားမစားဘဲ နေထားတာကြောင့် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အားအင်တွေကို ပြန်ဖြည့်ဖို့ မနက်စာကို မဖြစ်မနေ စားဖို့ လိုပါမယ်။ ဒါမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။

    ညဘက် နောက်ကျမှ အစားစားတာ

    ကယ်လ်လိုရီတွေ အများကြီးစားတာက ဘယ်အချိန်မှာစားစား ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ညဘက်နောက်ကျမှ စားတာက ကျန်းမာရေးကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ နေ့ခင်းဘက်မှာ ကယ်လ်လိုရီတွေ အများကြီး စားလိုက်တယ်ဆိုပေမယ့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် ဦးနှောက်နဲ့ ကြွက်သားတွေက ကယ်လ်လိုရီကို စွမ်းအင်အဖြစ် အသုံးချလိုက်ပါတယ်။ ပြီးရင်တော့ ကျန်ရှိနေသေးတဲ့ ကယ်လ်လိုရီတွေကို ခန္ဓာကိုယ်က သိမ်းဆည်းထားလိုက်ပါတယ်။

    လှုပ်ရှားမှုကြောင့် ကယ်လ်လိုရီတွေ အထိုက်အလျောက်ကတော့ ကုန်ဆုံးသွားတာပေါ့။ ညအိပ်ခါနီးမှ အစားစားတာကတော့ လှုပ်ရှားမှု မရှိတော့တာကြောင့် စားလိုက်တဲ့ အစားအစာတွေထဲက ကယ်လ်လိုရီတွေကို ခန္ဓာကိုယ်က သိမ်းထားလိုက်ပြီး ဝိတ်တက်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။

    စိတ်ဖိစီးမှုတွေကို သိမ်းထားတာ

    စိတ်ဖိစီးနေပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေကို မြန်မြန်သာ မောင်းထုတ်လိုက်ပါ။ စိတ်ဖိစီးမှုတွေကို အချိန်ကြာမြင့်စွာ သိမ်းထားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    စိတ်ဖိစီးမှုတွေကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတာက ခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာတွေ၊ အားမရှိသလို ခံစားရတာ၊ ချွေးထွက်များတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် စိတ်ဖိစီးမှုကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတာက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    ရေသောက်နည်းတာ

    ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်ဆိုမှတော့ ရေများများသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝတာက မှတ်ဉာဏ်ကောင်းစေပြီ စိတ်ခံစားမှုကို ကောင်းမွန်စေသလို တက်ကြွ လန်းဆန်းနေစေမှာပါ။

    ရေသောက်တာက ကိုယ်အပူချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးသလို အရိုးအဆစ်တွေနဲ့ ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ်။ ကျောက်ကပ်ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

    ငန်တာလေးမှ အရသာတွေ့တာဆိုတဲ့ အကျင့်ရှိနေပြီဆိုရင်တော့ အခုပဲ ပြင်ဖို့ ပြောပါရစေ။ အငန်တွေ အများကြီး စားတာက သွေးတိုးစေနိုင်သလို ဖောတာရောင်တာနဲ့ ကျောက်ကပ် ထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အငန်ကဲတာကို ရှောင်ရမယ်ဆိုတဲ့နေရာမှာ ဆားကိုတင် လျှော့စားတာကု ဆိုလိုတာ မဟုတ်ပါဘူး။

    အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေ နဲ့ အပြင်စာ တော်တော်များများကို လျှော့စားတာကို ဆိုလိုတာပါ။

    Screen Time များတာ

    တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်ပြီး Screenကို ထိုင်ကြည့်နေတာက ဘဝတိုးတက်ရာအတွက် လုပ်နေရတယ်ဆိုရင်တောင်မှ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိဘဲ တိုင်နေတာက ကြွက်သားပြဿနာ၊ နှလုံးရောဂါ၊ ဆီးချို နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    ကျန်းမာရေးကို အရေးမစိုက်တာ

    ချောင်းဆိုးနေပြီဆိုရင် ချောင်းဆိုးတာလေးပါပဲ ဆိုပြီး ဆေးလည်းမသောက် အနားလည်းမယူဘဲ လျစ်လျူရှုတတ်တဲ့ အကျင့် ရှိနေပြီလား။ မပြင်းထန်မချင်း ဆေးခန်းမပြဘဲနေတာမျိုးပေါ့။

    တစ်ခါတလေမှာ ချောင်းဆိုးတာက ရောဂါကြီးကြီးမားမားတွေရဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်နေတတ်တာကြောင့် ခန္ဓာကိုယ်မှာ အသေးစား ကျန်းမာရေး ပြဿနာလေးတွေ ခံစားနေရပြီဆိုရင်တောင်မှ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    အခုပြောတဲ့ အလေ့အထတွေ ထဲက ဘယ်နှခုလောက်ကိုများ ပိုင်ဆိုင်ထားပါသလဲ။ ပိုင်ဆိုင်ထားလားဆိုတာကို ဆန်းစစ်ပြီး ပိုင်ဆိုင်ထားရင် အခုပဲ စွန့်လွှတ်လိုက်ပါလို့ ပြောပါရစေ။

    ကျန်းမာရေးအတွက် မဖြစ်မနေ စွန့်လွှတ်ရမယ့် အလေ့အထများ

    ကျန်းမာရေးအတွက် မဖြစ်မနေ စွန့်လွှတ်ရမယ့် အလေ့အထများကတော့
    • မနက်စာ မစားတာ
    • ညဘက် နောက်ကျမှ အစားစားတာ
    • စိတ်ဖိစီးမှုတွေကို သိမ်းထားတာ
    • ရေသောက်နည်းတာ
    • အငန် အစားများတာ
    • Screen Time များတာ
    • ကျန်းမာရေးကို အရေးမစိုက်တာ တို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement