backup og meta

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ


Ye Myo Myat မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

    မျိုးရိုးဗီဇနဲ့ တချို့သော ရောဂါတွေ၊ ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းအဖြစ်များသလိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာစဉ်နဲ့ သွေးဆုံးနေချိန်တွေ၊ သန္ဓေတားဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။

    ပုံမှန်ခေါင်းကိုက်ခြင်းများကဲ့သို့ သိပ်ပြီးစိုးရိမ်စရာ မရှိပေမဲ့လည်း ခေါင်းကိုက်ခြင်းဝေဒနာကြောင့် ကိုယ့်ရဲ့ တစ်နေ့လာ လုပ်ငန်းဆောင်တာတွေ ထိခိုက်တဲ့အထိ၊ ဘာမှလုပ်ချင်စိတ် ကိုင်ချင်စိတ်မရှိတော့တဲ့အထိ ဆိုးရွားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

    ဟော်မုန်းအပြောင်းအလဲနှင့် ခေါင်းကိုက်ခြင်းအကြောင်းရင်း

    အမျိုးသမီးတွေမှာ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းရဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းများ မျှခြေပျက်ယွင်းမှုကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီမဟော်မုန်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ရှိသင့်တဲ့ ပမာဏထက် နည်းသွားတဲ့အခါ (သို့မဟုတ်) များသွားတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။

    ၁။ ရာသီစက်ဝန်းကြောင့် ခေါင်းကိုက်ခြင်း

    အမျိုးသမီးများ လစဉ် ဓမ္မတာလာစဉ်မှာ မအကျိုးပြု ဟော်မုန်းတွေဖြစ်တဲ့ အက်စထရိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စထရုန်း (Progesterone) တို့ဟာ အောက်ဆုံးအဆင့်ကို ထိုးကျသွားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ ကမောက်ကမဖြစ်သွားတတ်ပါတယ်။

    ၂။ ကိုယ်ဝန်ရှိနေစဉ် ခေါင်းကိုက်ခြင်း

    ပုံမှန်အားဖြင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်​နေစဉ် အက်စရိုဂျင်ဟော်မုန်းတွေကို ခန္ဓာကိုယ်က ပိုမိုထုတ်လုပ်ပေးပါတယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ အမျိုးသမီးအများစုသည် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတတ်ပြီး ကလေးမွေးပြီးနောက်ပိုင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

    တချို့သောအမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ပထမ ၃လပတ်ကာလမှာ စောစီးစွာ ခေါင်းကိုက်တတ်ပြီး နောက်ဆုံး ၃လပတ်မှာ သက်သာသွားတာမျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ အက်စရိုဂျင်ဟော်မုန်းများသည် အဆမတန် ထိုးကျသွားပါတယ်။

    ၃။ သွေးမဆုံးခင်ကာလနှင့် သွေးဆုံးပြီးနောက် ခေါင်းကိုက်ခြင်း

    သွေးဆုံးခြင်းမတိုင်မီ နှစ်အနည်းငယ်အလိုမှာ ခန္ဓာကိုယ်ရဲ့ အက်စရိုဂျင်ဟော်မုန်းထုတ်လုပ်နှုန်းဟာ ထိုးကျသွားသကဲ့သို့ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ရာသီလာစဉ် ကိုက်ခဲမှုတွေဟာ ပိုပြင်းထန်လာတတ်ပါတယ်။

    သွေးမဆုံးခင်ကာလကနေ သွေးဆုံးပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာတဲ့အထိ မဟော်မုန်းသည် အောက်ဆုံးအဆင့်ကို ကျသွားပြီး ပြန်မတက်လာတော့တဲ့အတွက် ခေါင်းကိုက်ခြင်းတွေဟာ ပိုဆိုးလာတတ်ပြီး ဆေးဝါးကုသမှု၊ ဟော်မုန်းအစားထိုးကုသမှုမျိုး ခံယူဖို့ လိုအပ်နိုင်ပါတယ်။

    ၄။ သန္ဓေတားဆေးကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း

    အမျိုးသမီးတိုင်းအတွက်တော့ မဟုတ်ပေမဲ့ သန္ဓေတားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခေါင်းကိုက်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ တားဆေးတွေဟာ အမျိုးသမီးများရဲ့ မဟော်မုန်းများသည် ပုံမှန်သတ်မှတ်ထားတဲ့ ပမာဏထက် များသွားတာလည်း ရှိသလို နည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် တားဆေးဖြတ်လိုက်ရင်တော့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ခေါင်းကိုက်ခြင်း ဝေဒနာ သက်သာသွားနိုင်ပါတယ်။

    တခြား ဟော်မုန်းမျှခြေကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းများ

    အပေါ်မှာ ပြောထားခဲ့တဲ့ အကြောင်းရင်း (၄) ခုဟာ အမျိုးသမီးတွေမှာ ဟော်မုန်းမျှခြေပျက်ယွင်းစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ခုပြောမယ့် အကြောင်းရင်းတွေကတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာပါ ဟော်မုန်းမျှခြေ ပျက်ယွင်းစေတဲ့ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘာတွေ ဖြစ်မလဲဆိုရင်

    • အာဟာရပြည့်အောင် မစားခြင်း
    • အိပ်ချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်း
    • အလင်းစူးစူးတွေကို စိုက်ကြည့်ခြင်း
    • ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲခြင်းမျိုး
    • အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်း
    • ကော်ဖီ အလွန်အကျွံ သောက်ခြင်း၊ ကဖင်းဖြတ်ကာစ ကာလ
    • စိတ်ဖိစီးမှု
    • ပြင်ဆင်ထားတဲ့ တာရှည်ခံအစားအစာများ
    • အချိုဓာတ်လွန်ကဲတဲ့ အစားအစာများ စားသုံးခြင်းတွေပဲ ဖြစ်ပါတယ်။

    ခေါင်းကိုက်ခြင်းအပြင် တခြားဘာလက္ခဏာတွေ ကြုံရတတ်လဲ။

    အဓိကလက္ခဏာဖြစ်တဲ့ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းတွေအပြင်

    • ခံတွင်းပျက်ခြင်း
    • မောပန်းလွယ်ခြင်း
    • ဝက်ခြံထွက်ခြင်း
    • အဆစ်အမြစ် ကိုက်ခဲခြင်း
    • ဆီးသွားနည်းခြင်း
    • စိတ်အာရုံ စုစည်းမရခြင်း
    • ဝမ်းချုပ်ခြင်းနဲ့
    • အရက်၊ ဆား၊ အချိုစားချင်စိတ် ပိုများလာခြင်း စတဲ့ လက္ခဏာတွေပဲ တွေ့ရတတ်ပါတယ်။

    အိမ်တွင်းကုထုံးများ

    ကံကောင်းစွာနဲ့ပဲ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေဟာ သိပ်ပြီး ပြင်းထန်လေ့မရှိတဲ့အတွက် အိမ်မှာပဲ အလွယ်တကူ ကုသနိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့

  • ရေများများသောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေဖို့ သေချာဂရုစိုက်ပါ
  • မှောင်ပြီး တိတ်ဆိတ်တဲ့ အခန်းထဲမှာ အိပ်စက်အနားယူပါ
  • နဖူးပေါ်ကို ရေခဲဝတ် သို့မဟုတ် ရေအေးထဲ အဝတ်သန့်သန့်တစ်ထည် စိမ်ပြီး ကပ်ပေးပါ
  • ကိုက်ခဲနာကျင်မှု ရှိသော ဦးခေါင်းဘက်ခြမ်းကို လက်ချောင်းလေးများဖြင့် ဖြည်းဖြည်းချင်း ပွတ်ပြီးနှိပ်ပေးပါ
  • အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ
  • ခေါင်းကိုက်ပျောက်ဆေးကို နီးစပ်ရာဆေးဆိုင်တွေမှာ ဝယ်သောက်ပါ
  • အပေါ်မှာ ပြောထားတဲ့ အချက်တွေနဲ့ သက်သာအောင် လုပ်လို့မရတဲ့အထိ ပြင်းထန်တာမျိုး၊ အထူးသဖြင့် သွေးဆုံးကာနီးနဲ့ သွေးဆုံးနေစဉ် ကာလမှာ ရောက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ပြကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မဟော်မုန်းပမာဏ ဘယ်လောက်ထိ နည်းနေလဲ၊ ရောဂါလက္ခဏာများ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာတွေပေါ် မူတည်ပြီး ဟော်မုန်းအစားထိုးကုသမှုတွေ ကုသမှုခံယူဖို့ ဆရာဝန်အနေနဲ့ အကြံပေးပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်နေစဉ်မှာ ခေါင်းကိုက်တယ်ဆိုရင်တော့ တွေ့ရာဆေး ဝယ်သောက်တာထက် ကိုယ်ပုံမှန်ပြနေကျ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တော်တဲ့ ခေါင်းကိုက်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို ညွှန်းပေးဖို့ အကြံတောင်းပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement