backup og meta

မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ

    မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အမြဲလိုလို စိုစွတ်နေတဲ့အတွက် မှိုစွဲခြင်း ဖြစ်လွယ်လို့ သေချာဂရုစိုက်ရပါတယ်။ ဒါဆိုရင် မှိုမစွဲဘဲ ယားယံတာမျိုးရော မဖြစ်နိုင်ဘူးလား… ဖြစ်နိုင်တာပေါ့။ တစ်ခါတလေ မှိုစွဲတာ တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းတွေကြောင့်လည်း မိန်းမကိုယ်က ယားယံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    မိန်းမကိုယ်က မှိုမစွဲဘဲ ဘာလို့ ယားယံနေတာလဲ

    ၁။ အရေပြား ဓာတ်မတည့်မှု

    မိန်းမကိုယ် ဆိုတာ အရမ်း ထိခိုက်လွယ်၊ ဓာတ်မတည့်ဖြစ်လွယ်တဲ့ နူးညံ့တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်သုံးနေကျ မဟုတ်တဲ့ ရေချိုးဆပ်ပြာတွေ၊ အိပ်ရာခင်းအသစ်တွေ၊ ချောဆီ၊ Latex ရာဘာသားနဲ့ လုပ်ထားတဲ့ ကွန်ဒုံးများ၊ အမျိုးသမီးသုံး ကွန်ဒုံးတွေ၊ အဝတ်လျှော်ဆပ်ပြာ၊ အတွင်းခံ ဘောင်းဘီ အကျပ်တွေ ဝတ်တာ၊ အမွှေးရနံ့ ပါတဲ့ တစ်သျှူးတွေ၊ ရာသီလာစဉ် အသုံးပြုတဲ့ tampon တွေ၊ ဂွမ်းကပ်တွေနဲ့ အရေပြား ဓာတ်မတည့်တာကြောင့် ယားယံနိုင်ပါတယ်။ တစ်ခါတလေ မသန့်ရှင်းတဲ့ အတွင်းခံတွေကို အချိန်အကြာကြီး ဝတ်မိတာကြောင့်လည်း ဓာတ်မတည့် ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။

    များသောအားဖြင့် ကုသမှု မလိုအပ်ဘဲ သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။ ယားယံခြင်း ဝေဒနာ သက်သာစေဖို့ ရေနွေးနဲ့ ရေချိုးပေးတာ၊ မုန့်ဖုတ်ဆိုဒါနဲ့ ရောထားတဲ့ ရေနွေးထဲ စိမ်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၂။ မိန်းမကိုယ် ဘက်တီးရီးယားပိုး ဝင်ခြင်း

    ဒါကတော့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဝမ်းသွားပြီး အနောက်မှ အရှေ့ဘက်သို့ သန့်ရှင်းရေးလုပ်တဲ့ အခါ မစင်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ်ထဲ ဝင်ရောက်ပြီး ရောဂါဖြစ်စေပါတယ်။

    တစ်ကိုယ်ရေ သန့်ရှင်းမှု၊ မှိုစွဲခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ မကောင်းတဲ့ ဘက်တီးရီးယားပိုး တစ်မျိုး ကူးစက်ခံရပြီး ဒီပိုးကောင်ရေက ပွားလာတဲ့အခါမှာလည်း အလွန်အမင်း ယားယံစေနိုင်ပါတယ်။

    အဖြစ်များတဲ့ လက္ခဏာကတော့ မိန်းမကိုယ် ယားယံခြင်း၊ အဖြူဆင်းခြင်း၊ မိန်းမကိုယ်ကနေ အဖြူရောင်၊ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင် အရည်များ စိမ့်ထွက်ခြင်း၊ ငါးညှီနံ့ နံနေခြင်း၊ ဆီးသွားစဉ် ပူစပ်ပူလောင် ဖြစ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ ဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်သလို မိန်းမကိုယ် ပိုးသတ်ဆေး လိမ်းဆေး၊ ခရင်မ် တစ်မျိုးမျိုး လိမ်းပေးမှ ပျောက်မှာဖြစ်ပါတယ်။ ဆေးဆိုင်ကနေ တွေ့ရာ ပိုးသတ်ဆေး ဝယ်သောက်၊ လိမ်းတာမျိုးနဲ့ မရပါဘူး။ ဆရာဝန်ရဲ့ ဆေးစာအညွှန်းပါတဲ့ ဆေးလိမ်းမှ ပျောက်တာ ပိုမြန်နိုင်ပါတယ်။

    ၃။ Lichen Sclerosus

    မိန်းမကိုယ် ယားယံခြင်းသာမက ပတ်လည်မှာ အဖြူရောင်အကွက်တွေ ဖြစ်နေတာဆိုရင် Lichen Sclerosus လို့ ခေါ်တဲ့ အရေပြားရောဂါ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်း အတိအကျကိုတော့ ရှာမတွေ့သေးပါဘူး။

    ကုသခြင်း မပြုဘဲ ပစ်ထားလိုက်မယ်ဆိုရင် မိန်းမကိုယ် အရေပြား အမာရွတ် ဖြစ်ခြင်း၊ အရည်ကြည်ဖုတွေ ပေါက်တာ၊ လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်တာ၊ မိန်းမကိုယ် နှုတ်ခမ်းသား ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ ဆရာဝန်ဆီမှာ ဆေးတွေနဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    ၄။ ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း

    အသက်ကြီးလာတာနဲ့ အမျှ အမျိုးသမီးတွေရဲ့ မဟော်မုန်း (Estrogen – အက်စထရိုဂျင် ဟော်မုန်း) တွေက ကျဆင်းလာပါတယ်။ မဟော်မုန်း နည်းလာခြင်းဟာ မိန်းမကိုယ် လမ်းကြောင်းကို ကျဉ်းစေပြီး ယားယံစေပြီး နေရထိုင်ရခက်စေပါတယ်။

    အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်၊ မိခင်နို့တိုက်နေချိန်၊ သွေးဆုံးချိန်မှာလည်း ဟော်မုန်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကြောင့် ဖြစ်တဲ့ ယားယံခြင်းတွေ သက်သာစေဖို့ အမျိုးသမီးရောဂါ အထူးကု OG ဆရာဝန်တွေနဲ့ သေချာ ပြသကြည့်သင့်ပါတယ်။

    ၅။ ဆီးခုံမွေးပေါ်က သန်းတွေ

    သန်းတွေဆိုတာ အမွေးအမျှင်ရှိတဲ့ နေရာတိုင်းမှာ ကပ်တွယ်နေနိုင်တဲ့အတွက် ဦးရေပြားပေါ်က ဆံပင်တွေမှ မဟုတ်ဘဲ မိန်းမကိုယ်မှာရှိတဲ့ ဆီးခုံမွေးပေါ်မှာလည်း သန်းတွယ်နိုင်ပါတယ်။

    တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိတာ၊ တခြားသူရဲ့ အဝတ်အစားတွေ ယူဝတ်တာကနေ သန်းတွယ်ပြီး မိန်းမကိုယ်ပေါ်က ဖြတ်လျှောက်တဲ့အခါ အလွန်အမင်း ယားယံစေနိုင်ပါတယ်။ ဒီအတွက် ဆေးဆိုင်ကနေ သန်း သတ်ပေးတဲ့ လိမ်းဆေးမျိုးတွေ ဝယ်လိမ်းလို့ ရသလို ဆရာဝန်နဲ့ ပြကြည့်ပြီး ဆေးညွှန်းခိုင်းလို့လည်း အဆင်ပြေပါတယ်။

    မိန်းမကိုယ် ယားယံခြင်းဟာ မှိုစွဲတာ တစ်ခုတည်း မဟုတ်ဘဲ တခြားအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အမြဲတမ်း ဂရုစိုက်ဖို့ လိုအပ်သလို ပုံမှန်မဟုတ်တဲ့ ယားယံခြင်းမျိုး ကြုံလာရပြီ ဆိုရင်လည်း အရေပြားဆရာဝန် သို့မဟုတ် အမျိုးသမီး ရောဂါကု ဆရာဝန်တွေနဲ့ အမြန်ဆုံးပြဖို့ အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement