backup og meta

ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

    ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား ၊ လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

    ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။

    ၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။

    ၂။ ရောဂါရှိနေသူက အမျိုးသမီးဆိုရင် မိန်းမကိုယ်အတွင်းသို့ မည်သည့်ပစ္စည်းမဆို (အမျိုးသားရဲ့လိင်တံ၊ အရုပ်၊ လက်ချောင်း) ထိုးသွင်းခြင်းက ဆီးလမ်းကြောင်းရောင်နေတဲ့အခြေအနေကို ပိုဆိုးသွားစေနိုင်ပြီး တခြားရောဂါပိုးတွေပါ ဝင်စေနိုင်ပါတယ်။

    ၃။ ဆီးသွားနေစဉ်မှာသာ နာကျင်ခြင်းမဟုတ်ဘဲ ထိုးသွင်းဆက်ဆံခံရတဲ့အခါ ပုံမှန်ထက်ပိုပြီး နာကျင်စေနိုင်ပြီး အတွင်းနံရံမှလည်း ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ၄။ ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူရဲ့ လိင်အင်္ဂါကို ပါးစပ်ဖြင့် စုပ်ယူခြင်း၊ လျှာဖြင့် လျက်ခြင်းဟာ ရောဂါပိုးတွေကို လည်ချောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခြင်း ဖြစ်စေနိုင်ပြီး ရှိနေတဲ့ရောဂါက ပျောက်ကင်းသက်သာဖို့ အချိန်ပိုကြာသွားနိုင်တဲ့အပြင် တခြားဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေပါ ဝင်လာစေနိုင်ပါတယ်။

    ၅။ ထိုးသွင်းဆက်ဆံခြင်းကို ပြုတဲ့အခါ ဆီးလမ်းကြောင်းအတွင်းမှာ အောင်းနေတဲ့ ဘက်တီးရီးယားပိုးတွေကို အထဲသို့ တွန်းပို့သလို ဖြစ်စေတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို လျင်မြန်စွာ ပျံ့နှံ့သွားနိုင်ပါတယ်။

    ဒါကြောင့် အကောင်းဆုံးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဖြစ်နေတဲ့အချိန်မှာ ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်သတ်မှတ်ထားတဲ့ ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ပြီး လုံးဝပျောက်ကင်းသွားပြီဆိုမှ လိင်ဆက်ဆံတာ အကောင်းဆုံးပါပဲ။

    လိင်ဆက်ဆံမိသွားခဲ့ရင် ဘာတွေလုပ်သင့်လဲ။

    ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သိထားတယ်ဆိုရင် ဘယ်လိုအချက်တွေက ရောဂါကို တခြားသူဆီ ကူးစက်စေနိုင်လဲ၊ ဘယ်လိုအပြုအမူက ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လဲ စတာတွေကို ကြိုသိထားဖို့လိုတဲ့အပြင် ဆောင်ရန်၊ ရှောင်ရန်များကို တစ်ဆက်တည်း နားလည်ထားဖို့ လိုပါတယ်။

    ဒါကြောင့် မတော်တဆ လိင်ဆက်ဆံမိသွားတယ်ဆိုရင်လည်း ခုပြောပြမယ့် အချက်တွေကို သေချာလိုက်နာဖို့ အကြံပေးလိုက်ချင်ပါတယ်။

  • လိင်ဆက်ဆံခြင်း မပြုခင် ဆီးသွားပါ။
  • လိင်ဆက်ဆံပြီးသွားတဲ့အခါ ဆီးသွားပါ။
  • လိင်ဆက်ဆံနေစဉ် ဆီးသွားချင်တဲ့အခါ ခဏနားပြီး ဆီးသွားပါ။ လုံးဝဆီးမအောင့်ထားပါနဲ့။
  • လိင်ဆက်ဆံပြီးတဲ့အခါ ရေမချိုးဘူးဆိုရင်တောင် ကိုယ့်ရဲ့ လိင်အင်္ဂါကို သေချာဆေးကြောပါ။ အမျိုးသားတွေဆိုရင် လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲချပြီး ရေနဲ့ လောင်းဆေးပါ။ အမျိုးသမီးတွေဆိုရင် အရှေ့မှ အနောက်သို့ သေချာဆေးကြောပါ။ မိန်းမကိုယ်အတွင်း လက်နဲ့အတင်းကာရော နှိုက်ဆေးတာမျိုး မလုပ်ပါနဲ့။
  • ရေများများသောက်ပါ။
  • ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ပါ။
  • ထိုးသွင်းဆက်ဆံခြင်း (ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း) ပြုတော့မယ်ဆိုရင် ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပါ။
  • လိင်ဆက်ဆံပြီးနောက်ပိုင်း ဆီးထဲ သွေးပါလာခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ခါးကိုက်ခါးနာဖြစ်ခြင်း၊ လိင်တံကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာခြင်း တွေ့ရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement