backup og meta

အမျိုးသမီး များ အိမ်မှာ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီး များ အိမ်မှာ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ရောဂါများ

    အမျိုးသမီး တွေအနေနဲ့ မနက်မိုးလင်းရင် မျက်နှာကို မှန်ထဲမှာ ကြည့်ပြီး အရေးကြောင်းတွေ ထွက်နေပြီလား။ မျက်ကွင်းတွေ ညိုနေပြီလား စသဖြင့် စစ်ဆေးတတ်တာက သဘာဝပါ။ ဒီအလှအပကိစ္စတွေလိုပဲ အမျိုးသမီးတွေအနေနဲ့ အဖြစ်များတဲ့ ရောဂါတွေကိုလည်း ကိုယ်တိုင် မကြာခဏ စစ်ဆေးသင့်ပါတယ်။ အိမ်မှာတင် အလွယ်တကူ စစ်ဆေးလိုက်ရုံသိနိုင်တာကြောင့် မပျင်းမရိဘဲ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

    အမျိုးသမီး တွေ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ရောဂါများ

  • ရင်သား
  • ရင်သားကင်ဆာ အပါအဝင် တခြားသော အဖုအကျိတ်တွေကို စစ်ဆေးတာပါ။ တစ်လ တစ်ကြိမ်လောက် စစ်ဆေးပေးသင့်ပါတယ်။ စမ်းနည်းကတော့

    မှန်ရှေ့မှာစမ်းနည်း

    -ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင်ကောင်းကောင်းရပါစေ။ ရင်ဘတ်ကိုကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ အပေါ်ယံအရေပြားကို ကြည့်ပါ။ အရေပြားချိုင့်တာ၊ လိမ္မော်ခွံလိုဖြစ်နေတာ၊ အနာဖြစ်တာ၊ အရောင်ပြောင်းတာရှိမရှိကြည့်ပါ။

    -နို့သီးခေါင်းကိုစစ်ကြည့်ပါ။ အနာတွေ၊ အရေပြားကွာတာတွေ၊ နို့သီးခေါင်း စောင်းနေတာတွေရှိမရှိကြည့်ပါ။

    -ခါးတင်းတင်းထောက်ပြီးရင်ကော့ထားပါ။ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်စောင်းပြီး ချိုင်းအောက်ကို သေချာကြည့်ပါ။

    -ခန္ဓာကိုယ်ကို ရှေ့နည်းနည်းကိုင်းပါ။ ရင်သားနှစ်ဖက်ရှေ့ကို ငိုက်ကျလာပါလိမ့်မယ်။ ထူးခြားတဲ့ပြောင်းလဲမှုရှိမရှိကြည့်ပါ။

    -လက်ချင်းယှက်ပြီးခေါင်းပေါ်တင်ထားပါ။ အားနဲ့ ခေါင်းကိုဖိပါ။ ရင်ဘတ်ကြွက်သားတွေတင်းလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်စောင်းပြီး ချိုင်းအောက်ကို နောက်တစ်ခါထပ်ကြည့်ပါ။ ရင်သားက အိကျနေရင် အောက်ခြေကိုမမြင်ရနိုင်လို့ ရင်သားကို မတင်ပါ။

    -နို့သီးခေါင်းကို ညှစ်ကြည့်ပြီး အရည်ထွက်မထွက်စစ်ဆေးပါ။

    ရေချိုးနေစဉ်စမ်းနည်း

    -ရေချိုးနေစဉ် လက်ညိုး၊လက်ခလယ်နဲ့ လက်သူကြွယ်ရဲ့ လက်ချောင်းထိပ်ကိုသုံးပြီး ရင်သားနှစ်ဖက်ကို စမ်းပါ။ ရေနဲ့ဆပ်ပြာရောနေတဲ့အတွက် စမ်းရတာပိုလွယ်ပါတယ်။ ရင်ဘတ်နဲ့ ချိုင်းအောက်မှာ အကြိတ်ရှိမရှိစမ်းပါ။ လက်တစ်ဖက်က ခါးထောက်ပြီး ကျန်တဲ့တစ်ဖက်နဲ့စမ်းပါ။

    -ညှပ်ရိုးရဲ့ အပေါ်နဲ့အောက်မှာလည်း အကြိတ်ရှိမရှိစမ်းပါ။

    -လက်တစ်ဖက်ကို ခေါင်းပေါ်ကကျော်ပြီး တောင့်ထားပါ။ ကျန်တဲ့တစ်ဖက်နဲ့ ရင်သားတစ်ခုလုံးကို စမ်းပါ။ ညှပ်ရိုးရောက်တဲ့အထိစမ်းပါ။ နောက်ရင်သားတစ်ဖက်ကိုလည်း ဒီတိုင်းစမ်းပေးပါ။

    လှဲပြီးစမ်းနည်း

    -လှဲပြီး ခေါင်းအုံး ဒါမှမဟုတ် အဝတ်ထူထူကိုခေါက်ပြီး ဂုတ်အောက်မှာထားပါ။ ညာဖက်လက်ကို ခေါင်းအောက်မှာခုထားပါ။ ဘက်ဖက်လက်နဲ့ ညာဖက်ရင်သားကို စမ်းပါမယ်။ လိုးရှင်းတစ်ခုခုလိမ်းထားရင် ပိုပြီးစမ်းရလွယ်ပါတယ်။

    -လက်ကို စက်ဝိုင်းပုံစံလှည့်ပြီး ရင်သားတစ်ခုလုံးကို နှံ့နှံ့စပ်စပ်စမ်းပါ။ ချိုင်းထဲထိရောက်အောင်စမ်းပါ။

    -နောက်ဆုံးနို့သီးခေါင်းကို ဖိကြည့်ပါ။ အောက်မှာအလုံးတစ်ခုခုခံနေလား။ နို့သီးခေါင်းအလွယ်တကူနစ်ဝင်သွားလားဆိုတာကို စမ်းကြည့်ပါ။

    ရင်သားကို ရာသီစလာပြီး ၁ပတ် ၁၀ရက်လောက်နေမှ စစ်တာ ကောင်းပါတယ်။ ရာသီလာခါနီးရင် ရင်သားတင်းပြီး နာနေတာကြောင့် သေချာမစမ်းမိဘဲ လွတ်သွားနိုင်ပါတယ်။ ရင်သားဓာတ်မှတ်ရိုက်တာက အကျိတ်သေးသေးလေးတွေကို တွေ့နိုင်တယ်ဆိုပေမယ့် ဒီလို မရိုက်နိုင်ဘူးဆိုရင်တောင် တစ်လတစ်ခါလောက်တော့ ကိုယ်တိုင်စစ်ဆေးသင့်ပါတယ်။

    • မှဲ့

    မှဲ့ကလည်း အခန့်မသင့်ရင် ကင်ဆာပြောင်းနိုင်ပါတယ်။ မှဲ့တွေက အရေပြားပေါ်မှာ ထင်းနေပြီး သိသာတဲ့အတွက် ပုံမှန်ဂရုတစိုက် စစ်ဆေးပေးမယ်ဆိုရင် မှဲ့ကင်ဆာကို စောစောစီးစီး သတိထားမိမှာပါ။ နဂိုမှဲ့က ပုံစံပြောင်းလာတာလား။ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ မှဲ့အသစ်ထွက်လာတာဆိုတာ စစ်ဆေးဖို့ လိုပါတယ်။ အနည်းဆုံး တစ်လ တစ်ခါလောက် စစ်ပေးပါ။

    မှဲ့တစ်ခု ပုံမှန် ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို အောက်က လက္ခဏာတွေနဲ့ တိုက်စစ်လို့ရပါတယ်။ အလွယ် ABCDEလို့ မှတ်ထားပါ။ တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ လက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ သွားပြပါ။

    • A (asymmetrical shape) – မှဲ့က ပုံစံမမှန်ဘူး။ ဥပမာ နှစ်ခြမ်းကွဲနေပြီး တစ်ခြမ်းနဲ့ တစ်ခြမ်း မတူတာ
    • B ( irregular border) – အနားသတ်တွေ မညီဘူး။ အဖုတွေ ထနေတယ်။ ချိုင့်နေတယ် စသဖြင့်။
    • C (changes in color) – မှဲ့က အရောင်မညီဘူး။
    • D (diameter) –  မှဲ့ရဲ့ အရွယ်က ၆မီလီမီတာ (ခဲတံနောက်က ခဲဖျက်ဆိုဒ်) ထက် ပိုကြီးတယ်။
    • E (evolving) – မှဲ့က အရင်ကနဲ့ မတူတော့ဘူး။ အရွယ်တွေ ပြောင်းတာတယ်။ အရောင်တွေ ပြောင်းလာတယ်။ ယားလာတယ်။ သွေးထွက်လာတယ် စတဲ့ လက္ခဏာ အသစ်တွေ ပေါ်လာရင် သတိထားရပါမယ်။
    • မိန်းမကိုယ်

    မိန်းမကိုယ်မှာ အနာတွေ၊ အကျိတ်တွေ ဖြစ်နေလားဆိုတာကို စစ်ဖို့ လိုပါတယ်။အထူးသဖြင့် မိန်းမကိုယ်မှာ ကြွက်နို့ဖြစ်နေလားဆိုတာ စစ်ဖို့ လိုပါတယ်။ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်တွေက သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPVနဲ့ တူနေတာကြောင့်ပါ။

    ဒါကြောင့် တစ်ပတ်တစ်ခါလောက် ဆောင့်ကြောင့်ထိုင်ပြီး ဆီးစပ်ကနေ စအိုတစ်လျှောက် တောက်လျှောက်စမ်းသွားရပါမယ်။ မိန်းမကိုယ်နှုတ်ခမ်းကိုလည်း သေချာ စစ်ဆေးရပါမယ်။ အတွင်းထဲထိ နှိုက်ပြီး စစ်ဆေးစရာတော့ မလိုပါဘူး။ လက်မသန့်ရင် ပိုးဝင်နိုင်လို့ပါ။

    • မိန်းမကိုယ်က ထွက်တဲ့ အရည်

    အဖြူဆင်းတာအပါအဝင် တခြားအရည်တွေလည်း ပါပါတယ်။ ဒါကတော့ တစ်လ ဘယ်နှကြိမ်ရယ် မဟုတ်ဘဲ ဆင်းတိုင်းမှာ သတိထားရပါမယ်။ အရည်တွေ ဆင်းလာတဲ့အခါ

    -ဘာအရောင်လဲ။

    -မိန်းမကိုယ်ယားသလား။

    -အနံ့နံသလား။

    -သွေးစလေးတွေ ပါသလား။

    -ဆီးပူဆီးကျင်တာတွေနဲ့ တွဲဖြစ်သလား။

    -ဆီးစပ်ကိုက်သလား စတာတွေကိုပါ မှတ်ထားရပါမယ်။

    ဒီအချက်တွေ ရှိနေရင်တော့ မိန်းမကိုယ် ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    ရာသီရက်ကတော့ တတ်နိုင်ရင် စာအုပ် ဒါမှမဟုတ် ဖုန်းမှာ သတ်သတ်မှတ်မှတ် ချရေးထားပါ။ ရာသီရက်ကို အတိအကျသိတာက ကိုယ်ဝန်ယူဖို့၊ ရက်ရှောင်ဖို့ နောက်ဆုံး ကိုယ်ဝန်ရခဲ့ရင် ဂျူးဒိတ်တွက်ဖို့အထိ အရေးကြီးပါတယ်။

    ရာသီရက်က မှန်ရဲ့လား။ တစ်လတစ်ခါ ပုံမှန်လာရဲ့လား။ ရာသီချိန်မဟုတ်ဘဲ ကြားဖောက်လာသလားအပြင် ရာသီရက်က ဘယ်လောက်ကြာလဲ။ သွေးဆင်းများသလား။ သွေးတုံးသွေးခဲတွေ အများကြီးပါသလား။ မခံနိုင်အောင် ကိုက်ခဲတာမျိုး ရှိသလားဆိုတာကိုပါ မှတ်ထားဖို့ လိုပါတယ်။ ဒါကြောင့် ရာသီလာပြီဆိုရင် မပေါ့ဆဘဲ ဒီအချက်တွေကို သတိထားစောင့်ကြည့်ပါ။

    အမျိုးသမီးရောဂါ အများစုက ရာသီလာတဲ့အခါ ကြုံရတဲ့ ပြဿနာတွေကနေ သိကြတာများပါတယ်။

    အမျိုးသမီးတွေနဲ့ မိမိကိုယ်ခန္ဓာနဲ့ ပတ်သတ်ပြီး အမြဲမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ဒါမှ ရောဂါလက္ခဏာတစ်ခုခု ခံစားရတဲ့အခါ ချက်ချင်းသတိထားမိပြီး ဆေးကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement