home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

သမီးမိန်းကလေး တစ်ယောက် ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။

ရာသီရက် ဆိုတာ

တစ်လတစ်ခါ ရာသီလာတယ်၊ တချို့က ၃ရက်ကြာတယ်၊ တချို့က ၅ရက်ကြာတယ် စသဖြင့် ဒါတွေဟာ ရာသီရက်တွေပါပဲ။ ဒီရက်တွေကို လတိုင်း မှတ်ထားဖို့ လိုပါတယ်။ ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ မရှိရှိ မှတ်ထားရမှာပါ။ ရာသီရက်မှာ ပထမဆုံးလာတဲ့ရက်ရှိတယ်၊ ပြီးသွားတဲ့ရက်ရှိတယ်၊ စုစုပေါင်းလာတဲ့ရက်ရှိတယ်၊ နောက်တစ်ခါ ပြန်လာမယ့်ရက်ရှိတယ်။

ရာသီပထမဆုံးလာတဲ့ရက်ကို မှတ်ထားမှ နောက်တစ်ခါ ဘယ်တော့လာမှာလဲ။ ရက်ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။ စုစုပေါင်းလာတဲ့ ရက်ကို မှတ်ထားမှ ကိုယ့်ရာသီလာတဲ့ရက်က တိုသွားသလား၊ တဖြည်းဖြည်း ရှည်လာသလား သတိထားမိမှာပါ။ နောက်တစ်ခါပြန်လာမယ့် ရက်ကို သိမှ ကြားထဲက သားဥကြွေတဲ့ရက်တို့၊ ကိုယ်ဝန်ရနိုင်တဲ့ရက်ကို သိနိုင်မှာပါ။

ဒါက အကြမ်းဖျင်းပဲ ရှိပါသေးတယ်။ လက်တွေ့မှာ ရာသီရက်တွေက ဒီထက်မက အသုံးဝင်ပါတယ်။

ရာသီရက် သိရင် ဘာလုပ်လို့ရသလဲ။

  • ကိုယ်ဝန်ရှိမရှိ သိနိုင်တယ်။

ရာသီထိမ်လို့ဆိုပြီး လာပြရင် အရင်ဆုံး ကိုယ်ဝန်ရှိမရှိကို စစ်ရပါတယ်။ ဘယ်အရွယ်ပဲ ဖြစ်ဖြစ်ပါ။ ဒါဆို ဆရာဝန်က စမေးတာက ရာသီနောက်ဆုံးလာတာဘယ်တုန်းကလဲ။ အဲ့ဒီမှာ ပြီးခဲ့တဲ့ လက လာလား၊ မလာလားလည်း မသိ၊ ရာသီလာတုန်းက ရေကြီးနေတယ်တို့၊ ဘုရားပွဲရှိတယ်တို့ ဖြစ်ကုန်ရော။

ဆီးစစ်လိုက်ရင် သိတာပဲလို့ ဆိုပေမယ့် လတွက်ဖို့တို့၊ ဘယ်နေ့မွေးမှာလဲတို့ကျတော့ မခက်ပေဘူးလား။ အာထွာဆောင်းရိုက်မယ်လေဆိုရင်လည်း အာထွာဆောင်းက ကိုယ်ဝန်၆ပတ်လောက်မှ ရိုက်ဖို့အဆင်ပြေတာပါ။

ရာသီရက် သိတဲ့သူကျပြန်တော့လည်း စိတ်ထဲမှာ မှတ်ထားတာတို့၊ ဟိုရက် ဒီရက်တို့ ထင်တယ်တို့ ဖြစ်ကုန်ရော။ ဒီလိုဆို မှန်းပြီးတွက်ပေးရတဲ့အတွက် နောက်ပိုင်းကျရင် အာထွာဆောင်း ဂျူးဒိတ်နဲ့ ရက်ကွာနေတာဆိုတာတွေ ဖြစ်လာပါတယ်။

တချို့ကျတော့ မှားပြောတာ။ သေချာမှတ်ထားပေမယ့် ပထမဆုံး လာတဲ့ရက်နဲ့ ပြီးသွားတဲ့ရက်နဲ့ မှားပြောတာမျိုးပါ။ ရာသီပထမဆုံးလာတဲ့ရက် အတိအကျပြောရရင် နောက်ဆုံးရာသီရဲ့ ပထမဆုံးရက် (First day of last menstrual period) ကို ပြောရမှာပါ။ အတိုကောက် LMPလို့ ခေါ်ကြပါတယ်။

  • မွေးမယ့်ရက်၊ ကိုယ်ဝန်အပတ်တွက်နိုင်တယ်။

LMPသိတယ်ဆိုရင် ၉လနဲ့ ၇ရက်ပေါင်းလိုက်ရုံနဲ့ ကိုယ်မွေးမယ့် ရက်ထွက်လာပါပြီ။ သိပ်ကို လွယ်ပါတယ်။ ဥပမာ ၉လပိုင်း ၁ရက်နေ့က ရာသီစလာတယ်။ ဒီလတော့ ရာသီထိန်နေတယ်ဆိုရင် ၉လနဲ့ ၇ရက်ပေါင်းလိုက်ရင် နောက်နှစ် ၈လပိုင်း ၈ရက်နေ့က ကိုယ့်ဂျူးဒိတ်ပါ။ ဒါ့ပြင် ခုကိုယ်ဝန်ဘယ်နှလပဲပါ တွက်လို့ရပါတယ်။

(မတွက်တတ်ဘူးဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ဒီ’မွေးဖွားမယ့်ရက် တွက်ချက်ခြင်း ကျန်းမာရေး ကိရိယာ‘မှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ်။)

  • ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေ အလွယ်တကူ ရှာဖွေနိုင်တယ်။

ကိုယ်ဝန်ဆောင် တစ်ယောက် သွေးဆင်းတယ်ဆိုရင် လနုရင်တစ်မျိုး၊ လရင့်ရင် အကြောင်းရင်း တစ်မျိုးပါ။ ကိုယ်န်ပတ်အလိုက် မတူပါဘူး။ ဒါကြောင့် ကိုယ်ဝန်ပတ်သိဖိ့ လိုပါတယ်။ ကိုယ်ဝန်ပတ်သိဖို့ဆို LMPကနေ ပြန်တွက်မှ သိမှာပါ။

  • သန္ဓေတားဖို့/ ကိုယ်ဝန်ယူဖို့ ရက်တွက်နိုင်တယ်။

တချို့ကျတော့ သန္ဓေတားဆေးရယ်လို့ မသုံးဘဲနဲ့ ရက်ရှောင်နည်းနဲ့ နေကြတာ ရှိတယ်။ ပြောင်းပြန် ကိုယ်ဝန်လိုချင်တဲ့သူတွေကျတော့လည်း သားဥကြွေမယ့် ရက်ကို တွက်ချက်ပြီး အတူနေကြတာ ရှိပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ကိုယ့်LMPနဲ့ ရာသီရက်ဝန်းကြာချိန် (ဥပမာ ၂၈လား၊ ၃၀လား စသဖြင့်) သိနေမှ တွက်လို့ ရမှာပါ။ မဟုတ်ရင် မရှောင်ရင် ထိတဲ့ တွတ်ပီလေးတွေ ဖြစ်သွားပါလိမ့်မယ်။

(ဘယ်ရက်မှာ သားဥကြွေမှာလဲ။ ဘယ်ရက်က မျိုးအောင်နိုင်တဲ့နေ့တွေလဲဆိုတာ သိချင်ရင် ‘သားဥကြွေခြင်းကို တွက်ချက်တဲ့ ကျန်းမာရေး ကိရိယာ‘မှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ်။)

  • မီးယပ်နဲ့ဆိုင်တဲ့ ရောဂါတွေကို စစ်ဆေးနိုင်တယ်။

သွေးဆုံးပြီးမှ သွေးပြန်ဆင်းလို့ ဆရာဆိုရင် ဘယ်တုန်းက သွေးဆုံးတာလဲ။ နောက်ဆုံးရာသီလာတာ ဘယ်တုန်းကလဲလို့ ပြန်မေးရပါတယ်။ နောက်ဆုံး ရာသီလာပြီး တစ်နှစ်ဆက်တိုက် ပြန်မလာမှ သွေးဆုံးတယ်လို့ သတ်မှတ်တာကိုး။ ပေါ်လိုက် ပျောက်လိုက်ဆို သွေးဆုံးတာ မဟုတ်ပါဘူး။ ထိန်တာ၊ မမှန်တာပါ။ ဒီပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ရောဂါတွေ အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဒါကြောင့် ရာသီရက်ကို မှတ်ထားဖို့ အရေးကြီးပါတယ်။

  • တခြား ကျန်းမာရေး ကိစ္စတွေအတွက် သုံးနိုင်တယ်။

ဥပမာ အမျိုးသမီးဗိုက်အောင့်ပြီဆိုရင် ညာဘက်အောက်ပိုင်းနားဆိုရင် အူအတက်လား၊ နေရာမှား သန္ဓေတည်ပြီး သားဥပြွန်ပေါက်တာလား ခွဲရခက်ပါတယ်။ ဒီချိန်မှာ ရာသီထိမ်နေလားလို့ မေးလိုက်လို့ မထိမ်ဘူးဆိုရင် အူအတက်ပေါက်တာ ပိုဖြစ်နိုင်တာပေါ့။

ဆေးတွေပေးမယ်၊ ဓာတ်မှန်ရိုက်မယ်ဆိုရင်လည်း ရာသီထိန်နေလား၊ နောက်ဆုံး ရာသီလာတာ ဘယ်တုန်းကလည်းလို့ မေးရပါတယ်။ တချို့ဆေးတွေပေးမယ်။ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိခိုက်နိုင်လို့ပါ။ မထိမ်ဘူးဆိုရင် ကိုယ်ဝန်မရှိဘူးလို့ပဲ သတ်မှတ်ပါတယ်။ နေရာတကာ ဆီးစစ်ဖို့ကတော့ အဆင်မပြေပါဘူး။ သူ့မှာလည်း ကန့်သတ်ချက်တွေ ရှိပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအတွက် ရာသီရက်က အရေးကြီးပါတယ်။ လတိုင်း ရက်အတိအကျ စနစ်တကျ မှတ်ထားဖို့လိုပါတယ်။ ရက်မှတ်ထားရုံနဲ့တင် လုံလောက်နေပါပြီ။ ကျန်တဲ့ သားဥကြွေတဲ့ရက်တို့၊ နောက်တစ်ခါ ရာသီပြန်လာမယ့်ရက်တို့၊ ကိုယ်ဝန်ပတ်တို့က ကျန်းမာရေးကိရိယာလေးတွေနဲ့ အလွယ်တကူ တွက်ချက်လို့ ရနေပြီလေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 13/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။