backup og meta

ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

    ဆီးအိမ် ဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အိတ်လိုပါပဲ။ ဆီးတွေကို စုစည်းပြီး တင်းတာတဲ့အခါ အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒီဆီးအိမ်လေးမှာ ရောဂါများစွာ များနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဆီးအိမ်မှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကို တစ်ချက်လေ့လာကြည့်ရအောင်လား။

    ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါများ

  • ဆီးအိမ် ရောင်ခြင်း
  • ဆီးအိမ်ရောင်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ ဆီးပိုးဝင်တာ၊ ဆီးပိုက်ကို မလဲဘဲ အကြာကြီး တပ်ထားတာ၊ ဓာတ်ရောင်ခြည်သင့်တာ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး၊ မိန်းမကိုယ်ကို ထိခိုက်စေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို အလွန်အကျွံ သုံးစွဲတာ စတာတွေပဲ ဖြစ်ပါတယ်။

    လက္ခဏာတွေကတော့ ဆီးခဏခဏ သွားချင်တာ၊ ဆီးသွားမဝတာ၊ ဆီးနောက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးအနံ့ပြင်းတာ၊ ဆီးစပ်ကိုက်တာ စတာတွေ  ခံစားရနိုင်ပါတယ်။

  • ဆီးမထိန်းနိုင်ခြင်း
  • ဆီးမထိန်းနိုင်တဲ့ပြဿနာက အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ဆပိုဖြစ်နိုင်ပါတယ်။ သာမန်မထိန်းနိုင်ရုံကနေ လုံးဝမအောင့်နိုင်ဘဲ ထွက်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ဆိးမထိန်းနိုင်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဆီးအိမ်ကြွက်သားတွေ အားနည်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဝမ်းဗိုက်ဖိအားများလာတဲ့အခါ (ဥပမာ နှာချောတာ၊ ချောင်းဆိုးတာ၊ အလေးအပင်မတဲ့အခါ) ဆီးအိမ်ကြွက်သားက တင်းထားတဲ့အတွက် ဆီးမထွက်ကျပါဘူး။ Stress incontinence လို့ခေါ်တဲ့ ဆီးအိမ်ကြွက်သား အားနည်းတဲ့ ရောဂါမှာတော့ ဒါတွေလုပ်တဲ့အခါ ဆိးမထိန်းနိုင်ဘဲ ထွက်ကျတတ်ပါတယ်။

    Urge incontinenceလို့ ခေါ်တဲ့ အမျိုးအစားမှာတော့ ဆီးအိမ်က ဆီးနည်းနည်းလောက် ဝင်လာတာနဲ့ မထိန်းနိုင်ဘဲ ဆီးသွားချင်နေတာဖြစ်ပါတယ်။ ဒါ့ပြင် ဆီးကျိတ်ပြဿနာ၊ အာရုံကြောပြဿနာတွေကြောင့် ဆီးမထိန်းနိုင်တာတွေလည်း ရှိပါတယ်။

    ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

    ဆီးကျိတ်ကြီးတာ ဒါမှမဟုတ် အာရုံကြောအားနည်းတာကြောင့် ဆီးကောင်းကောင်းမသွားနိုင်ဘဲ ဆီးတွေကျန်လာတာ၊ ခဏခဏ ဆီးအိမ်ရောင်တာ၊ ဆီးကျောက်တည်တာ စတာတွေကြောင့် ဆီးအိမ်မှာ ကျောက်တည်တတ်ပါတယ်။

    လက္ခဏာတွေ အနေနဲ့ ဆီးသွားရင် နာတာ၊ ဆီးစပ်ကိုက်တာ၊ ဆီးခဏခဏ သွားချင်တာ၊ ဆီးသွားရခက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးအရောင်နောက်တာ စတာတွေ ခံစားရနိုင်ပါတယ်။

    ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်ရဲ့ နံရံမှာ ကင်ဆာဆဲလ်တွေ  ပွားလာတာကို ပြောတာပါ။ ဆေးလိပ်သောက်တဲ့သူတွေ၊ လုပ်ငန်းခွင်မှာ ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့များတဲ့သူတွေ၊ ကင်ဆာမျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ခါးနာတာ၊ ဆီးသွားရင် နာတာ၊ ဆီးထဲမှာ သွေးပါတာ၊ ခဏခဏ ဆီးသွားချင်တာ စတာတွေပဲ ဖြစ်ပါတယ်။

    ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

    ဆီးအိမ် ရောဂါတွေကို ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    အကြမ်းအားဖြင့်တော့ အသက်ကြီးလာလေလေ ဆီးအိမ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေပါ။ ဒါ့ပြင် အမျိုးသမီးတွေက ဆီးလမ်းကြောင်း ပိုတိုပြီး စအိုနဲ့ ပိုနီးတဲ့အတွက် အမျိုးသားတွေထက်စာရင် ပိုးဝင်လွယ်ပြီး ဆီးလမ်းကြောင်းရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါ့ပြင်

  • အိပ်ရာထဲမှာ အကြာကြီး လဲနေတဲ့သူတွေ
  • ရေသောက်နည်းတဲ့သူတွေ
  • ဆီးလမ်းကြောင်း ခွဲစိတ်ထားတဲ့သူတွေ
  • ဆီးပိုက်ကို မလဲဘဲ အကြာကြီး တပ်ထားတဲ့သူတွေ
  • မွေးရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်တဲ့သူတွေ
  • ဆီးကျိတ်ကြီးတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်တွေ
  • ဆီးချိုရောဂါသည်တွေက ဆီးအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။
  • ဆီးအိမ်ရောဂါတွေကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။

    လူနာခံစားနေရတဲ့ ရောဂါဝေဒနာနဲ့ ပတ်သက်ပြီး ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာ လုပ်ပါတယ်။ ပြီးရင် ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်မှာပါ။ ဥပမာ

    • ဆီးစစ်တာ၊ ဆီးပိုးမွေးတာ
    • ဆီးသွားပြီးရင် ဆီးအိမ်ထဲမှာ ဆီးဘယ်လောက်ကျန်သလဲဆိုတာ စစ်ဆေးတာ
    • ဆေးထိုးပြီး ဆီးလမ်းကြောင်းတစ်လျှောက် (ကျောက်ကပ်အပါအဝင်) ဓာတ်မှန်ရိုက် စစ်ဆေးတာ
    • ဆီးအိမ်မှန်ပြောင်းကြည့်တာ
    • အာထွာဆောင်းရိုက်တာ
    • သံလိုက်ဓာတ်မှန်ရိုက်တာ စသဖြင့် လိုသလို စစ်ဆေးလို့ ရပါတယ်။

    ဆီးအိမ်ရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။

    ဆီးအိမ်ရောဂါတွေကို ကုသတဲ့ နေရာမှာ လူနာအခြေအနေ၊ ရောဂါအခြေအနေ၊ ဖြစ်ရတဲ့အကြောင်းအရင်း စတာတွေကို ချိန်ညှိပြီး ကုသပေးရပါတယ်။ ရောဂါချင်းတူရင်တောင် ကုသတဲ့ နည်းတူချင်မှ တူမှာပါ။ ဆေးဝါးတွေနဲ့ ကုသလို့ ရသလို၊ ခွဲစိတ်နည်းတွေနဲ့လည်း ကုသလို့ ရပါတယ်. ခွဲစိတ်ရာမျာလည်း အရင်လို သမားရိုးကျ ခွဲကောင်းကြီးကြီးနဲ့ ခွဲရတဲ့အခါရှိသလို စက်ရုပ်လက်တံနဲ့ အသေးစား ခွဲစိတ်မှုတွေလည်း ရှိပါတယ်။ ကင်ဆာဆိုရင်တော့ ရောင်ခြည်ပြတာ၊ ဆေးသွင်းတာတွေပါ ပါဝင်နိုင်ပါတယ်။

    Takeaways

    ဆီးအိမ်ဟာ အညစ်အကြေး (ဆီး)တွေ စုထားတာဖြစ်တဲ့အတွက် ရောဂါဖြစ်လွယ်ပါတယ်။ ဆီးအိမ်ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာကတော့ ဆီးအပြောင်းအလဲဖြစ်တာပါပဲ။ ဒါကြောင့် မိမိဆီးမှာ အရင်ကနဲ့ မတူဘဲ တစ်ခုခု ပြောင်းလဲနေပြီဆိုရင် ဆီးအိမ်အပါအဝင် ဆီးလမ်းကြောင်း ပြဿနာတစ်ခုခုလို့ ယူဆပြီး ကုသမှု ခံယူသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement