(၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ။
လေ့ကျင့်ခန်းတွေ သေချာလုပ်မှ၊ GYM သွားမှ ၊လမ်းထွက်လျှောက်ဖြစ်မှ ကိုယ်လက်လှုပ်ရှားမှု ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ် လုပ်နေကျ အလုပ်တွေကလည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။ ဥပမာ ရုံးမှာ ကိုယ့်စားပွဲ သန့်ရှင်းရေးလုပ်တာ၊ ကော်ဖီထဖျော်တာ၊ နားနေချိန်မှာ စားပွဲတင် တင်းနစ်ကစားတာ၊ အိမ်မှာ အိမ်မှုကိစ္စ လုပ်တာ၊ ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်တာ စတဲ့ အလုပ်တွေက လေ့ကျင့်ခန်း သီးသန့်လုပ်နေစရာ မလိုအောင် အကျိုးရှိစေနိုင်ပါတယ်။
(၄) ကိုယ်ထင်ရာ အားဆေးတွေ စွတ်မသောက်ပါနဲ့။
ခုခေတ်မှာ သဘာဝဓာတ်စာ ဆိုတဲ့ ဖြည့်စွက်ဆေးဝါးတွေ၊ ဟိုဟိုဒီဒီ ရောဂါကာကွယ်နိုင်တယ် အပျောက်ကုနိုင်တယ် ဆိုတဲ့ ဆေးဝါးတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဒီမှာ အရေးကြီးတာက ကိုယ်လိုချင်တဲ့ ကောင်းကျိုးအာနိသင်ထက် အသည်းနဲ့ ကျောက်ကပ်ကို တန်းပြီး ထိခိုက်စေနိုင်တဲ့ အချက်ပါ။
တချို့ဆေးတွေက ဆရာဝန်ညွှန်ကြားချက် မလိုဘူးဆိုပေမယ့် ပါဝင်တဲ့ဓာတ်တွေရဲ့ ပမာဏနဲ့ သောက်သုံးသင့်တဲ့ အတိုင်းအတာကို သေချာစနစ်တကျသိဖို့ လိုပါတယ်။ ဆေးရဲ့အရည်အသွေး၊ ဘေးထွက်ဆိုးကျိုး နဲ့ သက်ဆိုင်ရာကျန်းမာရေးထောက်ခံချက်တွေ ပါရှိဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဟိုဆေး၊ ဒီဆေး လိုက်သောက်ရင်း အားဆေးတွေထပ်ပြီး ပါဝင်ဓာတ်ပစ္စည်းတွေကို သောက်သုံးမှု လွန်ကဲသွားရင် ဘေးဖြစ်စေနိုင်တာကို ကြောက်သင့်ပါတယ်။
(၅) ဆေးလိပ် မသောက်ပါနဲ့။
ဆေးလိပ် သောက်တာက ကြာလေ သွေးကြောတွေကို တောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။
(၆) အကိုက်အခဲပျောက်ဆေးကို ကြည့်ကျက်သောက်ပါ။
အကိုက်အခဲပျောက်ဆေး တွေကို မကြာခဏ သောက်လွန်းတာ၊ ပုံမှန် ဆက်တိုက် သောက်နေတာတွေက ကျောက်ကပ် ပျက်စီးစေမယ့် လမ်းပါ။ အစာအိမ်သွေးကြောပေါက်တာ၊ အသည်းထိခိုက်တာအပြင် ကျောက်ကပ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှ သောက်ပါ။ နာတာရှည် နာကျင်မှုတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
(၇) သွေးပေါင်ချိန်ကို အမြဲထိန်းပါ။
သွေးတိုးရောဂါ ရှိသူ ထက်ဝက်လောက်က ကိုယ့်မှာ သွေးတိုးဖြစ်နေမှန်း မသိတတ်ကြပါဘူး။ မသိတော့ မထိန်း၊ မထိန်းဘဲ၊ မဆင်ခြင်ဘဲ သွေးတိုးပိုတက်၊ ပိုတက်ရာက ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကြရတာတွေ ရှိပါတယ်။
ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ သွေးတိုးက ရှေ့ဆုံးက ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ ဆေးကို မှန်အောင်သောက်ပါ၊ အစားအသောက် အနေအထိုင် ဆင်ခြင်ထိန်းသိမ်းပါ။
(၈) အရက် မသောက်ပါနဲ့။
ခုနောက်ပိုင်းမှာတော့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေအရ အယ်လ်ကိုဟော ကင်းတဲ့သူ နည်းတယ်လို့ ဆိုရမှာပါ။ ဒီတော့ မသောက်နဲ့ ဆိုတာထက် လျှော့သောက်ပါလို့ ပြောရမလို ဖြစ်နေပါတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ထဲ ဖြစ်လာစေမယ့် အဆိပ်အတောက်တွေရဲ့ ဒဏ်ကို အသည်းနဲ့ ကျောက်ကပ် က ခါးစည်းပြီးခံရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။