အရေပြားယားတဲ့အချိန်ဆို လူတော်တော်များများက လက်သည်းနဲ့ ကုတ်ဖဲ့တတ်ကြပါတယ်။ ပုံမှန်အရေပြားဆိုရင်တောင် ကုတ်လိုက်ရင် အရေပြားပွန်းပဲ့ပြီး ပိုးဝင်နိုင်တာ၊ သူ့ထက် ပိုပါးနေပြီး ပြုပြင်ကုသဖို့ အချိန်ယူနေရတဲ့ အရေပြားဆိုရင် ပိုပြီးတောင် မကုတ်သင့်ပါဘူး။ တက်တူးကိုလည်း ပျက်စီးစေတဲ့အပြင် အရေပြားတွင်း ပိုးဝင်သွားတဲ့အခါ ဝေဒနာက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် တက်တူးထိုး ပြီးနောက် အရေပြားယားယံလာပြီဆိုရင် အောက်မှာ ပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

၁။ အရေပြားကို ပုံမှန်အစိုဓာတ်ထိန်းပေးပါ။ ခြောက်နေတဲ့အချိန်ဆိုရင် ပိုပြီးတော့ ယားယံနိုင်တာကြောင့် ဖြစ်ပါတယ်။ တက်တူးထိုးပေးတဲ့သူကို အစိုဓာတ်ထိန်းလို့ရတဲ့ နည်းလမ်းတွေကို မေးမြန်းကြည့်ပြီး အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် အမွှေးရနံ့မရှိ၊ ယားယံခြင်းမဖြစ်စေတဲ့ lotion လိမ်းပေးလို့လည်း ရပါတယ်။
၂။ ဆေးဆိုင်ကနေ အလွယ်တကူ ဆေးဝယ်ပြီး လိမ်းတာထက် ဆရာဝန်ရဲ့ ဆေးအညွှန်းနဲ့ လိမ်းပေးတာ ပိုကောင်းပါတယ်။ သက်တမ်းနည်းနည်းကြာနေတဲ့ တက်တူးတွေအတွက်ဆိုရင် Hydrocortisone ပါတဲ့ လိမ်းဆေးတွေကို လိမ်းပေးလို့ ရပါတယ်။
၃။ တက်တူးထိုးထားတဲ့ နေရာမှာ ရေခဲဝတ်ကပ်ပေးခြင်းဖြင့် ယားယံတာ သက်သာစေသလို အရောင်ကျသွားစေနိုင်ပါတယ်။ ထိုးပြီးကာစ မင်နဲ့ အရေပြား အသားကျဖို့ ၂ပတ်လောက် အနည်းဆုံးကြာတတ်တဲ့အတွက် သည်းမခံနိုင်အောင် ယားလာပြီဆိုမှ ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းကြည့်တာ အကောင်းဆုံးပါပဲ။
၄။ တခြားသော အရေပြားပြဿနာတွေ (ဥပမာ – အရေပြားနှင်းခူ၊ ပွေး၊ ညှင်း၊ မှိုစွဲရောဂါ) ရှိရင်တော့ ဒီပြဿနာကို အရင်ဆုံးပျောက်ကင်းအောင် ကုသဖို့ လိုပါတယ်။
လုံးဝသည်းမခံနိုင်အောင် ယားစေတဲ့ အကြောင်းရင်းက တက်တူးထိုးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ မင်ကြောင့်ပါပဲ။ ဒီမင်က အရေပြားအတွင်းထဲမှာ ကျန်နေတဲ့အခါ ဓာတ်မတည့်တာ၊ ယားယံတာတွေကို ဖြစ်စေတဲ့အတွက် တော်တော်လေး သည်းမခံနိုင်တော့ဘူးဆိုရင် အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး တက်တူးဖျက်တာ အကောင်းဆုံးပါပဲ။
တက်တူးထိုး ထားတဲ့ နေရာယားယံစေဖို့ ဖြစ်နိုင်ခြေ အကြောင်းအရင်း အများကြီးရှိပေမယ့် တော်တော်များများက အလွယ်တကူ ကုသလို့ ရတဲ့ ပြဿနာဖြစ်ပါတယ်။ သတိထားဖို့လိုတာကတော့ ယားနေတဲ့ အရေပြားကို လက်နဲ့ လုံးဝသွားမကုတ်မိဖို့ပါပဲ။ အရေပြားတွင်း ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ အဖျားတက်တာ၊ ချမ်းတုန်တာ၊ နေလို့ထိုင်လို့ မကောင်းသလို ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။