backup og meta

ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားတို့ဘုန်း လက်ရုံး။ မိန်းမတို့ဘုန်း ဆံထုံး ဆိုတဲ့စကားကြားဖူးကြမှာပါ။ ပိတုန်းရောင် ဆံသားလေးတွေ က လေဒီလေးတွေကို စွဲဆောင်မှုတိုးစေမယ့် အလှအပလျှို့ဝှက်ချက်တစ်ရပ်ပါ။ ဆံပင်က ဒုတိယမျက်နှာဆိုတော့ ဆံသားလှပဖို့က မဖြစ်မနေ လိုအပ်ပြီပေါ့။ ဆံသား လှပဖို့ဆိုတာကလည်း ဒီအတိုင်းဖြစ်လာမယ့်အရာမဟုတ်တော့ သေချာလေးဂရုစိုက်ပေးဖို့တော့ လိုတာပေါ့။ ဘယ်လိုများ ဂရုစိုက်ရမှာလဲ ခေါင်းလျှော်တယ်။ အဆီတစ်ခုခုလူးပေးတယ်ဆိုရင် လုံလောက်ပြီမဟုတ်လားဆိုရင်တော့ ဒီဆောင်ပါးလေးကို ဖတ်ကြည့်နေဖို့ လိုပြီလို့ပြောပါရစေနော်။

    ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ဖို့ ဘာလုပ်မလဲ……

    ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ပုံမှန်လုပ်ဆောင်ပေးဖို့လိုပါမယ်။

    ခေါင်းမလျှော်ခင် ဆံပင်ဖြီးဖြစ်အောင် ဖြီးပါ

    ဆံပင်ကို နေ့စဉ်ဖြီးပေးတာက ဆံသားကျန်းမာစေပြီး ဦးရေပြားကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်ခင်မှာ ခေါင်းဖြီးတာက ဆံသားတွေကို ပြတ်စေပြီး ဆံသားကျန်းမာသန်စွမ်းမှုကိုအားနည်းစေပါတယ်။ ခေါင်းမလျှော်ခင် နာရွဝက်လောက်မှာ ဦးရေပြားကိုရော ဆံသားကိုပါ သဘာဝအဆီတွေဖြစ်တဲ့ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလူးပေးပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခေါင်းလျှော်ပြီးချိန်မှာ ဆံသားကို ချောမွေ့စေပြီး ပုံကျစေမှာပါ။

    Conditioner သုံးပါ

    ဆံပင်ရှည်မှ မဟုတ်ပါဘူး။ ဆံပင်တိုရင်လည်း ဆံသားကျန်းမာစေဖို့ Conditioner သုံးပေးပါ။ ဒီလိုလုပ်ပေးတာက ဆံသားကို တောက်ပြောင်စေပြီး လိုအပ်တဲ့အာဟာရကို ဖြည့်ပေးနိုင်ပါတယ်။ ဆံသားခြောက်သွေ့ကျိုးပျက်တာ။ ဆံပင်ဖွာတာတွေ မဖြစ်အောင် ကာကွယ်ပေးမှာပါ။ ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဦးရေပြားခြောက်သွေ့မှုကင်းစေမှာပါ။

    ဆံပင် ပေါင်းတင်ပါ

    ဆံသားကို ရေဓာတ်ပြည့်ဝပြီး ချောမွေ့နေစေဖို့အတွက် ဆံပင်ကို အနည်းဆုံးတစ်ပတ်တစ်ကြိမ် ပေါင်းတင်ပေးပါ။ ဆံပင်ကိုပေါင်းတင်တဲ့အခါမှာလည်း ခဏလေးနဲ့ ပြန်လျှော်ချလိုက်တာမျိုးမလုပ်ပါနဲ့။ သတ်မှတ်ထားတဲ့အချိန်ပြည့်အောင်ထားပါ။ ဒါမှ ဆံသားက လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာလေ။

    ဦးရေပြားကို နှိပ်နယ်ပေးပါ

    ခေါင်းလျှော်တဲ့အခါ လက်ချောင်းလေးတွေသုံးလို့ ဦးရေပြားကိုနှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခံစားမှုကောင်းစေပြီး ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းစေနိုင်ပါတယ်။ ဦးရေပြားကို ထိခိုက်ပျက်စီးစေမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အားလေးနည်းနည်းသုံးပြီး နှိပ်နယ်ပေးပါ။

    Sulfate မပါတဲ့ Shampoo ရွေးပါ

    Sulfate ပါတဲ့ Shampoo တွေက ဆံသားရဲ့ သဘာဝအစိုဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ရွေးတဲ့အခါ Sulfate မပါတဲ့ Shampooကိုရွေးပါ။ ဒါက ဆံသားအစိုဓာတ်ကို ထိန်းပြီးသားဖြစ်ပါတယ်။

    အာဟာရမျှတအောင် စားပါ

    အစားအသောက်ကလည်း ဆံသားပေါ်ထိုက်သင့်သလောက် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဆံသားကျန်းမာစေဖို့အတွက် ငါး၊ အသား၊ ဥအမျိုးမျိုး နဲ့ ပဲအမျိုးမျိုးကို စားသုံးပေးပါ။ ဒါတွေအပြင် ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ ဘယ်ရီသီးတွေ၊ ဟင်းနုနွယ် နဲ့ ထောပတ်သီးတို့ကို စားသုံးပေးပါ။

    စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပါ

    စိတ်ဖိစီးမှုက ဆံသားကျန်းမာ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ဝင်သက်ထွက်သက်မှတ်လို့ စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပြီး ဆံသားကျန်းမာရေးကို ဂရုစိုက်ပါ။

    ရေအပူချိန်ကို သတိပြုပါ

    ဆံသားကို ရေနွေးနဲ့လျှော်တာက ဆံသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့ ခေါင်းလျှော်တဲ့အခါ ရေအေးနဲ့ပဲလျှော်ပါ။ ရေအေးနဲ့ခေါင်းလျှော်တာက ဆံသားအမြစ်တွေကို ကျန်းမာစေပြီး ဆံသားကိုတောက်ပြောင်ကျန်းမာစေနိုင်ပါတယ်။

    အပူဒဏ်ကနေ ကာကွယ်ပါ

    အသားအရေကိုပဲ နေရောင်ကနေ ကာကွယ်ဖို့လိုတာမဟုတ်ပါဘူး။ ဆံသားကိုလည်း နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးဖို့လိုသလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ညစ်ညမ်းတဲ့အရာတွေကနေ ကာကွယ်ပေးဖို့လိုပါမယ်။ နောက်တစ်ခုက ဆံသားကို အပူပေးတဲ့ ပစ္စည်းတွေသုံးပြီး ပုံသွင်းတာမျိုး ခဏခဏမလုပ်စေချင်ပါဘူး။ ဆံသားကို အပူပေးပစ္စည်းတွေသုံးပြီး ပုံမသွင်းခင်မှာ ဆံသားထိန်းသိမ်းပေးတဲ့ အဆီတစ်မျိုးမျိုးလိမ်းပေးဖို့ မမေ့ပါနဲ့။

    ခေါင်းပုံမှန်လျှော်ပါ

    နေ့တိုင်းရေချိုးသလို ဆံပင်ကိုလည်း တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ခေါင်းလျှော်ပေးပါ။ ဒီလိုလုပ်ပေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပါသလိုဆံသားကျန်းမာရေးကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    Hair Coat သုံးပါ

    ခေါင်းလျှော်ပြီးချိန်တိုင်းမှာ ဆံသားအာဟာရပြည့်နေစေဖို့ဖြစ်ဖြစ် ပုံကျလှပစေဖို့ဖြစ်ဖြစ် Hair Coat သုံးဖို့လိုပါမယ်။ ဆံသားအမျိုးအစားနဲ့ လိုက်ဖက်မှာကိုရွေးချယ်ပေးပါ။

    ဆံပင်ပုံမှန် ညှပ်ပါ

    ဆံပင်ပုံစံ ခဏခဏပြောင်းဖို့မဟုတ်ပါဘူး။ ဆံပင်ကို နည်းနည်းလောက် အဖျားလေးတွေ တိပေးရင်ကို ဆံသားကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းပြီးသားဖြစ်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါလောက် ဆံသားလေးတွေ တိပေးပါ။

    ခေါင်းအုံးသတိပြုပါ

    ခေါင်းအုံးသုံးတဲ့အခါ ပိုးသားခေါင်းအုံးက ဆံသားထိခိုက်ပျက်စီးမှု နည်းစေပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ ပိုးသားခေါင်းအုံးလေးနဲ့ အိပ်ပြီး ဆံသားထိန်းသိမ်းပေးပါ။

    ကဲ …လေတိုက်တိုင်းလှလှပပလွှင့်မျောနေမယ့် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ကို ပိုင်ဆိုင်ဖို့ အသင့်ပဲလား …. လေဒီ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement