လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လူတော်တော်များများရင်ထဲမှာ သဘောကျပေမဲ့ မျိုသိပ်ထားတဲ့ အရာလေးတွေ ရှိမှာပါ။ တင်ပါးလှလှလေး၊ မျက်နှာချောချောလေး မြင်ရင် သဘောကျတယ်ဆိုတာကတော့ ပုံမှန်လူတိုင်းမှာ ရှိတဲ့ လိင်စိတ်စွဲလမ်းမှု ပါပဲ။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းခြင်း (Fetish) ဆိုတာကတော့ လိင်မှုကိစ္စနဲ့ မသက်ဆိုင်တဲ့အရာတွေ ဥပမာ ခြေထောက်၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေ မြင်ရင်၊ မလျှော်ထားတဲ့ ခြေအိတ်၊ စွပ်ကျယ်၊ အတွင်းခံ အစရှိတဲ့ အဝတ်အစားတွေကို မြင်နေရတဲ့အခါ၊ နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွခြင်းမျိုးကို ဆိုလိုပါတယ်။
ဒီလိုအပြုအမူတွေဟာ ကျား၊ မ အသက်အရွယ်မရွေး ရှိနေပြီး အမျိုးသားတွေမှာ ပိုပြီး အတွေ့များပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ လူမှုရေးကိစ္စတွေမှာ ပြဿနာနဲ့ ကြုံလာရပြီဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူ၊ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါပြီ။
ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းမှု တွေကို ဘာတွေက ဖြစ်စေတာလဲ။
အကြောင်းအရင်း တိတိကျကျမရှိပါဘူး။ တချို့တွေမှာ လူပျို၊ အပျိုမဖြစ်ခင် ကလေးဘဝမှာကတည်းက ခံစားမိတဲ့ လိင်စိတ်စွဲလမ်းမှု တွေ ရှိနိုင်ပါတယ်။
တချို့သော အခြေအနေတွေမှာ ငယ်ငယ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားမိတာ၊ တခြားသူတွေရဲ့ မသင့်လျော်တဲ့ လိင်ဆက်ဆံခြင်း အပြုအမူတွေကို မြင်မိတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေကြောင့် ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းခြင်း အပြုအမူတွေဟာ ကြီးလာတဲ့အချိန်မှာ ပေါ်လာတတ်ကြပါတယ်။
မူမမှန် လိင်စိတ်စွဲလမ်းမှု ဘယ်နှမျိုးလောက်ရှိလဲ။
လူတစ်ယောက်ရဲ့ လိင်နဲ့ မသက်ဆိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပေါ် လိင်စိတ်ဖြစ်ခြင်းဟာ အတွေ့အများဆုံးပါပဲ။ သူ့ကို Partialism – ကိုယ်လက်အင်္ဂါပေါ် လိင်စိတ်ဖြစ်ပေါ်ခြင်းလို့လည်း ခေါ်ပါတယ်။
အဓိကအားဖြင့် လက်၊ ခြေထောက်၊ အမွေးအမျှင်၊ မျက်လုံး၊ တင်ပါး၊ ရင်သား၊ ရင်အုပ်၊ နှာခေါင်း၊ ချက်၊ ဝမ်းဗိုက်၊ နားရွက်၊ လည်ပင်း၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေကို မြင်တဲ့အခါ၊ အတွေးအာရုံထဲ ပေါ်လာတဲ့အခါ၊ ထိတွေ့နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွလာပါတယ်။
တက်တူးတွေ၊ နားနဲ့ ကိုယ်ခန္ဓာပေါ်မှာ အပေါက်ဖောက်တာ၊ ကိုယ်ခန္ဓာအရွယ်အစား၊ ထွက်လာတဲ့ အရည် (သုက်ရည်၊ တံတွေး၊ ဆီး) တွေနဲ့ ပတ်သက်ပြီး လိင်စွဲလမ်းမှု ဖြစ်ပေါ်လာတာတွေလည်း ရှိပါတယ်။ တခြားတစ်ယောက် ဝတ်ထားပြီးသား အဝတ်အစားတွေ (အထူးသဖြင့် အနံ့နံနေတဲ့ ခြေအိတ်၊ အသားကပ်ဘောင်းဘီ၊ စွပ်ကျယ်၊ အတွင်းခံဘောင်းဘီ၊ ဘရာစီယာ) တွေကို နမ်းရှုံ့ရတာ၊ ကိုင်ထားနေချိန်မှာ လိင်စိတ်ဖြစ်တာမျိုးတွေလည်း အတွေ့များပါတယ်။
ပုံမှန်မဟုတ်တဲ့ နေရာမှာ လိင်ဆက်ဆံခြင်း၊ လူတွေအများကြီး ရှိတဲ့ နေရာ (ကား၊ ဘတ်စ်ကား၊ အိမ်သာ၊ ဆိုင်၊ ကျောင်း) မှာ၊ လူမြင်ကွင်းမှာ၊ တစ်ယောက်ထက် ပိုပြီး လူအများကြီးနဲ့ လိင်ဆက်ဆံရတာကို သဘောကျတာတွေဟာလည်း ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းစိတ် (Fetish) ထဲမှာ ပါဝင်ပါတယ်။
နာကျင်မှု၊ နှိပ်စက်ခံရမှုအပေါ် ပြုသူအနေနဲ့၊ အပြုခံရသူအနေနဲ့ သာယာခြင်း (BDSM)၊ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ အသုံးပြုပြီး လိင်မှုကိစ္စ ပြုလုပ်ရတာကို သာယာခြင်း၊ အမွေးပွပွ အဝတ်အစားတွေ၊ တိရစ္ဆာန်လို ဝတ်စားဆင်ယင်ပြီး လိင်ဆက်ဆံရတာကို သဘာကျတာတွေကတော့ အပေါ်မှာ ပြောထားတဲ့ Fetish တွေလောက် အတွေ့မများပါဘူး။
ဒီလိုအခြေအနေဟာ စိုးရိမ်စရာ ရှိလား။
ပုံမှန်မဟုတ်တဲ့၊ ပုံမှန်ထက် အနည်းငယ် လွန်ကဲတဲ့ လိင်စိတ်စွဲလမ်းမှု လို့ ဆိုလို့ ရပေမယ့် များသောအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်၊ လိင်ဆက်ဆံဖော်နဲ့ သေချာညှိနှိုင်းကြည့်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်၊ လိင်မှုကိစ္စမှာလည်း ပြဿနာမရှိဘူးဆိုရင် ရပါပြီ။
ဒီလိုစိတ်စွဲလမ်းမှုတွေ များလာတာ၊ ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ ဒီအကြောင်းကိုပဲ အမြဲစိတ်ရောက်နေတာ၊ ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်မရတာကြောင့် ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်မှာ ပြဿနာတွေ၊ အရှက်ရစရာတွေ ဖြစ်လာမယ်။ တခြားသူအပေါ် ဒီစိတ်ကြောင့်ပဲ ထိခိုက်မှုတွေ ဖြစ်စေတဲ့အခါ၊ လိင်မှုကိစ္စ ဆောင်ရွက်နေချိန်မှာလည်း သာယာမှုကို အပြည့်အဝမရတော့ဘူးဆိုရင်တော့ ထိန်းချုပ်ကြည့်သင့်တယ်လို့ ယူဆနိုင်ပါတယ်။
ထိန်းချုပ်တယ်ဆိုတာကလည်း လုံးဝဖျောက်ဖျက်ပစ်လိုက်ခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိင်စိတ်ကို စိတ်နဲ့ ရအောင် ထိန်းချုပ်တာကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။
လိုအပ်လာရင်တော့ စိတ်ရောဂါကုထုံးပညာရှင်၊ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူတစ်ဦးဦးနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ လိင်စိတ်ကို စိတ်ကုထုံးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။
များသောအားဖြင့် လူတွေက ဒါမျိုးလိင်စိတ်စွဲလမ်းခြင်းကို ရှက်ရွံ့စရာ၊ မှားယွင်းတဲ့ ကိစ္စလို့ လက်ခံယူဆထားကြပေမယ့် တကယ်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေထဲက တစ်ခုပါပဲ။ ကိုယ်က လူတိုင်းနဲ့ လိုက်ပြီးတော့ တူစရာတော့မလိုပါဘူး။ ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်းပဲ ဘဝကိုရော၊ လိင်မှုကိစ္စကိုပါ အကောင်းဆုံးကျော်ဖြတ်သွားဖို့တော့ အရေးကြီးတာပါ။
[embed-health-tool-ovulation]