backup og meta

အသက် ၄၅ နှစ်အထက်တွေမှာ လိင်ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေပိုများ


Ye Zon Aung မှ ရေးသားသည်။ · 09/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၄၅ နှစ်အထက်တွေမှာ လိင်ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေပိုများ

    လူရယ်လိုဖြစ်လာရင် ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို လိင်မှုကိစ္စတွေနဲ့ ကင်းကွာဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေပါ။ လိင်ကိစ္စဟာ လူ့သက်တမ်းတစ်လျှောက်လုံးမှာ အချိန်တော်တော်များများ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။

    ဒီလိုပါဝင်ပတ်သက်နေရတဲ့အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံခြင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ရောဂါကူးစက်ခံရမှုအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေတတ်ပါတယ်။

    ဒါကိုတော့ လိင်မှတဆင့် ရောဂါပိုးကူးစက်ခြင်း (Sexually-transmitted Infections – STIs) ဒါမှမဟုတ် လိင်မှတင်ဆင့်ကူးစက်တတ်သောရောဂါတွေ (Sexually-transmitted Diseases – STDs) လို့ ခေါ်ပါတယ်။

    လူတိုင်းဟာ လိင်မှုကိစ္စအကြောင်းကို သိနားလည်ထားဖို့ လိုအပ်သလို ဒီရောဂါတွေအကြောင်းကိုလည်း မဖြစ်မနေ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ STDs ရောဂါတွေဟာ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ရောဂါတွေဖြစ်ကြပြီး ကူးစက်နိုင်ခြေလည်း မြင့်မားလွန်းတဲ့ ရောဂါတွေဖြစ်နေတာကြောင့်ပါပဲ။

    STDs ဆိုတာက လိင်ဆက်ဆံခြင်းကနေတဆင့် အများဆုံးကူးစက်နိုင်တဲ့ ကူးစက်ရောဂါအမျိုးအစားတွေကို ဆိုလိုတာပါ။ STDs အမျိုးအစား ၂၀ ကျော်ရှိပြီးတော့ အဖြစ်များတာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    STDs ရောဂါတွေဟာ အဖြစ်များတဲ့ရောဂါတွေဖြစ်ပြီးတော့ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီး ပြင်းထန်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ STDs ကူးစက်ခံရရင် ရင်သွေးကိုပါ ထိခိုက်စေတတ်တယ်လို့ ဆိုပါတယ်။

    အသက်ကြီးလာလေလေ STDs ဖြစ်နိုင်ခြေ မြင့်မားလေလေပဲလား

    ယခုနှစ်အတွင်း လေ့လာမှုတွေအရဆိုရင် အသက် ၄၅ နှစ်အထက် လူပုဂ္ဂိုလ်တွေမှာ STIs ကူးစက်မှုတွေ ဖြစ်နိုင်ခြေက တခြားအသက်အရွယ်တွေထက် ပိုမိုမြင့်မားနေတယ်လို့ University of Chichester က သိပ္ပံပညာရှင်တွေက လေ့လာချက်တွေ့ရှိခဲ့ပါတယ်။

    ဒီလေ့လာချက်ကို ဗြိတိန်၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၄၅ နှစ်နဲ့ ၅၄ နှစ်အကြား အသက်အရွယ်အုပ်စုမှာ STDs ရောဂါတွေ ကူးစက်နိုင်ခြေအများဆုံးဖြစ်တယ်ဆိုတဲ့ Harvard တက္ကသိုလ်ရဲ့ ၂၀၁၇ ခုနှစ်က လေ့လာချက်ကို ထပ်ဆောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

    ဘာကြောင့် ဒီအသက်အရွယ်မှာ STDs ရောဂါတွေ အဖြစ်များရလဲဆိုဆဲ့ အဓိကအကြောင်းအရင်းကိုတော့ သုတေသနမှာ ပါဝင်ကူညီသူ ၆၈% ရဲ့ အဖြေက ဖော်ပြနေပါတယ်။ သူတို့ရဲ့ ဖြေဆိုချက်တွေအရ လိင်ဆက်ဆံရာမှာ အကာအကွယ် မသုံးကြပါဘူးတဲ့။ အကြောင်းကတော့ သူတို့အသက်အရွယ်ဟာ ကိုယ်ဝန်မရနိုင်တဲ့အသက်အရွယ်ဖြစ်နေတာကြောင့်မို့လို့ ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။

    လေ့လာသူတွေကတော့ ဒီအချက်ဟာ STDs ရောဂါတွေ အလွယ်တကူကူးစက်စေတဲ့ အဓိကအကြောင်းအရင်းလို့ ထောက်ပြကြပါတယ်။ ဒါ့အပြင် STDs ရောဂါတွေအကြောင်းကို ကြားဖူးပေမယ့် အကာအကွယ်မဲ့ လိင်ဆက်ဆံရင် STIs တွေ ကူးစက်မှု ဖြစ်လာလိမ့်မယ်လို့ မတွေးမိဘူးလို့ ဖြေဆိုသူက လူ ၅ ဦးမှာ ၂ ဦးနှုန်းရှိတယ်လို့ ဆိုပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ခေတ်ကာလအနေအထားအရ အဆိုပါအသက်အရွယ်အပိုင်းအခြားမှာ ချစ်သူ၊ ရည်းစား၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်အသစ်တွေနဲ့ တွဲဖက်မှုတွေ ရှေးယခင်ကာလတွေက ထက် ပိုမိုများပြားလာနေတာကြောင့် ခုလို STDs ရောဂါတွေရဲ့အန္တရာယ် ပိုမိုမြင့်မားလာနေတာလို့ ထောက်ပြခဲ့ကြပါသေးတယ်။

    ဒါ့အပြင် အသက် ၄၅ နှစ်အရွယ် အပိုင်းအခြားတွေဟာ သူတို့ထက်ပိုမိုငယ်ရွယ်တဲ့ အသက်အပိုင်းအခြားတွေထက် STDs ရောဂါတွေအပေါ် သတိထားမှုပိုမိုနည်းပါးပြီး ရောဂါကို စောလျှင်စွာသိရှိနှုန်းနဲ့ အလျှင်အမြန်ကုသမှုနှုန်းလည်း ပိုမိုနောက်ကျတယ်လို့ ဆိုထားပါသေးတယ်။

    ဒါပေမယ့် ဟားဗတ်ရဲ့ လေ့လာချက်မှာဖော်ပြထားချက်အရဆိုရင်တော့ ၄၅-၅၄ အသက်အရွယ်အပိုင်းအခြားမှာ STDs ကူးစက်နိုင်ခြေမြင့်မားပေမယ့် အသက် ၅၅ နှစ်ကျော်သွားရင်တော့ ကူးစက်နိုင်ခြေက အလွန်အမင်းကျဆင်းသွားမှာဖြစ်ပါတယ်တဲ့။ အကြောင်းကတော့ ဒီလိုအသက်အရွယ်မျိုးမှာ လိင်မှုကိစ္စတွေ နည်းပါးသွားတတ်တာကြောင့်ပါပဲ။

    တကယ်လို့ ကိုယ်က ၄၅ နှစ်အထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေမယ်ဆိုရင်

    STDs ရောဂါတွေဟာ ကာကွယ်လို့ရတဲ့ ရောဂါတွေဖြစ်ပြီးတော့ တိကျစွာကာကွယ်နိုင်မယ်ဆိုရင် စိတ်ချလက်ချ လိင်မှုဘဝကို ဖြတ်သန်းနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ဘယ်အချက်တွေက STIs ကူးစက်မှုတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို သိထားဖို့နဲ့ ကာကွယ်နည်းတွေကို နားလည်ထားဖို့က အရေးအကြီးဆုံးပါပဲ။

    အောက်ဖော်ပြပါ ပုဂ္ဂိုလ်တွေဟာ STDs ရောဂါတွေ မကူးစက်နိုင်ခြေမြင့်မားတာကို သတိထားပါ။

    • လိင်ဆက်ဆံဖော်များစွာရှိသူတွေ၊
    • လိင်တူဆက်ဆံသူတွေ၊
    • အကာကွယ်မဲ့ လိင်ဆက်ဆံတွေ၊
    • လိင်လုပ်သားတွေ၊
    • မူးယစ်ဆေးအသုံးပြုသူတွေ၊
    • အရက်၊ မူးယစ်ဆေးဝါးသုံး အလွန်အကမံအသုံးပြုသူများနှင့် လိင်ဆက်ဆံလေ့ရှိသူတွေ၊
    • မူးယစ်ဆေးဝါး မျှဝေသုံးစွဲသူတွေနဲ့
    • STDs ရောဂါတစ်မျိုးမျိုး ကူးစက်ခံထားရသူတွေနဲ့ အတူနေထိုင်သူတွေပါပဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးတွေက STDs ရောဂါတွေ သင့်ထံကို ကူးစက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

    • ကျန်းမာရေးနှင့်ညီညွှတ်အောင် စားသောက်ပါ၊
    • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကျဉ်ပါ၊
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊
    • လိင်ဆက်ဆံသည့်အခါတိုင်း အကာအကွယ်သုံးပါ၊
    • ပုံမှန်ဆေးစစ်ပါ၊
    • သံသယဖြစ်ဖွယ် SITs လက္ခဏာများဖြစ်ပေါ်လာပါက အလျှင်အမြန် ကုသမှုခံယူပါ၊ စတဲ့နည်းလမ်းတွေဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 09/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement