backup og meta

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

    အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

    အဓမ္မပြုကျင့်မှုဆိုတာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual assault) ပုံစံတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။

    အရင်ကတော့ အဲဒီလိုအဓမ္မကျင့်ခံရသူတစ်ယောက်ကို Victim နစ်နာခံစားရသူုလို့ ပြောခဲ့ကြပါတယ်။ ခုတော့ အဲဒီအသုံးအနှုန်းအစား Survivor ရှင်သန်ကျန်ရစ်သူလို့ သုံးပါတယ်။ သဘောကတော့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ရှင်သန်နိုးထနိုင်သူအဖြစ် စိတ်ခွန်အားပေးချင်တာကြောင့် ဖြစ်ပါတယ်။

    အဲဒီလို ရှင်သန်ကျန်ရစ်သူတစ်ယောက်မှာ ရှိနေနိုင်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ တရားဥပဒေနဲ့ လုံခြုံရေးအကာအကွယ်တွေ စသဖြင့် လိုအပ်ပါတယ်။ အဲဒီထဲကမှ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအကြောင်းကို Hello Sayarwon ကတစ်ဆင့် ပြောပြလိုပါတယ်။

    (၁) ထိခိုက်ဒဏ်ရာများ ကုသပေးခြင်း

    အဓမ္မကျင့်ခံရတာ ဖြစ်တဲ့အတွက် လူခန္ဓါကိုယ်မှာ ထိခိုက်ဒဏ်ရာရနေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ကုသပေးရမယ်။ ပွန်းပဲ့တာ၊ အညိုအမဲစွဲတာတွေကတော့ သူ့အလိုအလျောက် ပျောက်ကင်းသွားတတ်ပြီး သန့်ရှင်းရေးလုပ်ပေးဖို့သာ လိုပါတယ်။ နောက်ပြီး လိုအပ်ရင် မေးခိုင်ကာကွယ်ဆေး ထိုးပေးရပါမယ်။

    (၂) ကိုယ်ဝန်တားပေးခြင်း

    အလိုမတူဘဲ လိင်ဆက်ဆံမှုရှိပြီးရင် နောက်ထပ် သတိထားသင့်တဲ့ ပြဿနာကတော့ ကိုယ်ဝန်မရသွားအောင် တားဖို့ပါပဲ။ ဒီအတွက် အရေးပေါ်ကိုယ်ဝန်တားဆေး သောက်နိုင်ပါတယ်။ အဲဒီလိုသောက်ဖို့လည်း ကျန်းမာရေးဝန်ထမ်းတစ်ယောက်ယောက်ရဲ့ အကူအညီ မလိုအပ်ပါဘူး။ ဆေးဆိုင်တွေကနေ အလွယ်တကူ ဝယ်သောက်နိုင်ပါတယ်။ ဆေးလုံး(၂)လုံး ပါတဲ့ ဆေးတွေ ရှိသလို၊ တစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိပါတယ်။ အဲဒီဆေးကို ပြုကျင့်ခံရပြီး နာရီ(၁၂၀)အတွင်း သောက်ရင် ကိုယ်ဝန်ရနိုင်ချေကို ၈၇% လောက် လျှော့ချပေးပါတယ်။ နာရီ(၁၂၀)ဆိုပေမယ့် စောစောသောက်လေ အာနိသင်ပိုကောင်းလေပါပဲ။ ဒီဆေးက ကိုယ်ဝန်ပျက်ကျစေတဲ့ဆေး မဟုတ်လို့ မတော်တဆ ကိုယ်ဝန်ရှိနှင့်နေရင်လည်း ဘာပြဿနာမှမရှိပါဘူး။

    အသုံးပြုပုံကတော့ ဆေးလုံးနှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်ပါ။ (တစ်လုံးတည်းပါတဲ့ ဆေးကတ်ဆိုလျှင်လည်း အဲဒီတစ်လုံးတည်းကို သောက်လိုက်ပါ) နှစ်နာရီအတွင်း အန်ထွက်လျှင် ထပ်သောက်စရာ လိုမှာဖြစ်ပြီး၊ ထပ်အန်တယ်ဆိုရင်တော့ အအန်ပျောက်ဆေးနဲ့ တွဲသောက်နိုင်ပါတယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်းမှာ သွေးဆင်းတတ်တာ၊ ပုံမှန်ရာသီလာရမည့်ရက်ထက် နောက်ကျပြီးမှ ပေါ်တာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ ပျို့အန်၊ ရင်သားတင်းပြီးနာတာတွေ ဖြစ်တတ်ပါတယ်။ သိစေချင်တာကတော့ ရာသီလာရက် နောက်ကျသွားတတ်တာကိုပါပဲ။ ဒါကိုသိမထားရင် ဆေးသောက်လိုက်ပြီး ပုံမှန်ပေါ်ရမယ့်ရက် မပေါ်တဲ့အခါ ကိုယ်ဝန်များရသွားပြီလားဆိုပြီး စိတ်ပူတတ်ကြလို့ပါပဲ။

    နောက်ထပ်သိစေချင်တာ နှစ်ခု ရှိပါသေးတယ်။ ပထမတစ်ခုကတော့ ရာသီမပေါ်သေးတဲ့ အရွယ်ဆိုရင်လည်း ဆေးတိုက်ဖို့လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓါကိုယ်ထဲမှာ အပျိုစဖြစ်ပြီဆိုတာနဲ့ မမျိုးဥကြွေပါတယ်၊ အဲဒီကြွေလိုက်တဲ့ မမျိုးဥလေးက သုက်ပိုးနဲ့မဆုံလိုက်ရလို့ မျိုးမအောင်ခဲ့ရင် သေသွားတယ်၊ အဲဒီမမျိုးဥလေးရယ်၊ သားအိမ်နံရံက အလွှာတွေရယ် ပေါင်းပြီး ပြင်ပကို ဆင်းလာတာကိုမှ ရာသီလာတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအခါ ဒီမိန်းကလေး အပျိုဖြစ်ပြီ သတ်မှတ်ကြတာပေါ့။ သဘောက အပျိုဖြစ်ပြီဆိုတာ သိဖို့၊ ရာသီသွေးဆင်းလာဖို့အတွက် ခန္ဓါကိုယ်ထဲမှာ မမျိုးဥလေးက အရင်ကြွေရပါတယ်။ သုက်ပိုးနဲ့ မပေါင်းဖြစ်လိုက်လို့သာ အပြင်ကို ရာသီသွေးအဖြစ်နဲ့ ဆင်းလာတာပါ။ ဒီတော့ ကံဆိုးစွာနဲ့ ပထမဆုံး မမျိုးဥကြွေတဲ့လ (သုက်ပိုးနဲ့သာ မပေါင်းလိုက်ရရင် ရာသီပေါ်ပြီး အပျိုရယ်လို့ ဖြစ်တော့မယ့်လ) မှာ တိုက်တိုက်ဆိုင်ဆိုင် အဓမ္မအကျင့်ခံလိုက်ရပြီး သုက်ပိုးနဲ့ပေါင်းသွားရင် ရာသီမပေါ်သေးဘဲ ကိုယ်ဝန်တစ်ခါတည်းရသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရာသီမပေါ်သေးတဲ့အရွယ်ဆိုလည်း ဆေးတိုက်ဖို့လိုတယ်လို့ ပြောရတာဖြစ်ပါတယ်။ သိပ်ငယ်လွန်းသေးရင်တော့ မလိုသေးပေမယ့် အသက်(၁၀)နှစ်နဲ့အထက်ဆိုရင်တော့ တိုက်သင့်ပါတယ်။

    နောက်တစ်ခုကတော့ အရေးပေါ်ကိုယ်ဝန်တားနည်းအနေနဲ့ ဒီဆေးအပြင် သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုလို့ရနိုင်တယ် ဆိုတာပါပဲ။ သူ့ကိုလည်း အဓမ္မပြုကျင့်ခံရအပြီး နာရီ(၁၂၀)အတွင်း ထည့်လို့ရတယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရှိနေတယ်၊ ကူးစက်ခံရနိုင်ချေ များတယ်ဆိုရင်တော့ မထည့်သင့်ပါဘူး။ အိမ်ထောင်သည်တွေအနေနဲ့ဆိုရင် ဒီပစ္စည်းထည့်ပြီးရင် ပုံမှန်သားဆက်ခြားပစ္စည်းအနေနဲ့ပါ ဆက်သုံးထားလို့ ရပါတယ်။ သူက ဆရာဝန်၊ ဆရာမက ထည့်ပေးမှရမယ်၊ ဆေးထက် ပိုပြီးအာနိသင်ကောင်းတယ်။ သူ့ကို မထည့်ခင်မှာ ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိမနေတာတော့ သေချာဖို့လိုတယ်။ နောက်ပြီး ထည့်ရတဲ့ပုံစံအရ အဓမ္မပြုကျင့်ခံရတဲ့အဖြစ်ကို ပြန်အမှတ်ရစေတာမို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြန်ဖြစ်မှာကိုတော့ သတိထားဖို့ လိုပါမယ်။

    (၃) လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်ပေးခြင်း

    အကြမ်းဖက်မှုပုံစံဖြစ်တဲ့အတွက် ထိခိုက်နာကျင်မှု ပိုများပြားပါတယ်။ ပြုကျင့်သူထက် ပြုကျင့်ခံရသူဆီ ရောဂါပိုးကူးစက်နိုင်ချေကလည်း ပိုများတာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။

    HIV ပိုး

    အဓမ္မကျင့်ခံရပြီးရင် HIV ပိုးကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ဆေးသောက်လို့ရပါတယ်။ Post-Exposure Prophylaxis (PEP) လို့ခေါ်ပြီး ဆေးရုံ၊ဆေးခန်းတချို့မှာ ရနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ဖြစ်ပြီး(၇၂)နာရီအတွင်းမှာ စသောက်ဖို့လိုပါတယ်။ (၇၂)နာရီကျော်သွားရင် မထိရောက်တော့ပါဘူး။ ဒီဆေးသောက်မခင် HIV ပိုးရှိနေလား မရှိနေလားကို စစ်ဆေးနိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် စစ်ပြီးမှ တိုက်ရမယ်တော့ မဟုတ်ပါဘူး၊ စစ်ရခက်နေမယ်၊ ဆေးက တိုက်ဖို့လွယ်တယ်ဆိုရင်တော့ အရင်တိုက်လိုက်သင့်ပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးနဲ့ မတူတာကတော့ ဆေးသောက်သင့်၊ မသောက်သင့်ကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်တာပါပဲ။ သောက်မယ်ဆိုရင် တစ်နေ့(၂)ကြိမ်နဲ့ ၂၈ရက်ဆက်တိုက်သောက်ရမယ်၊ ပြတ်သွားလို့မရဘူး၊ နောက် ဘေးထွက်ဆိုးကျိုးတွေလည်း များတယ်။ ဒါကြောင့်မို့ လိုအပ်တယ်၊ သောက်သင့်တယ်၊ သောက်လည်း သောက်နိုင်တယ်ဆိုမှ ပေးရပါမယ်။ မိန်းမကိုယ် သို့မဟုတ် စအိုဝနှင့် လိင်ဆက်ဆံခံလိုက်ရရင်၊ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရလာခဲ့ပြီး ပြုကျင့်သူ၏ သုတ်၊ သွေးတို့နဲ့ ထိတွေ့မှု ရှိခဲ့ရင် ဆေးသောက်ဖို့ လိုကောင်းလိုပါမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေလည်း လိုအပ်တယ်ဆို သောက်လို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ပျို့အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ အိပ်မပျော် ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း၊ ရှားရှားပါးပါးအနေဖြင့် အသည်းထိခိုက်ခြင်း၊ သွေးအားနည်းတို့ ဖြစ်တတ်ပါတယ်။ ဆေးမတိုက်ခင် ဘေးထွက်ဆိုးကျိုးတွေကို တိတျိကျကျ ရှင်းလင်းပြောဆိုလိုက်ဖို့ အရေးကြီးပြီး၊ ဖြစ်လာခဲ့ရင်လည်း ဆေးကို ရပ်မပစ်ဘ၊ လိုအပ်တဲ့ ပြုစုကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဆေးစသောက်ပြီး တစ်ပတ်အကြာမှာ ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုပါမယ်၊ ဖြစ်စဉ်အပြီး ၃လနေတဲ့အခါမှာ HIV ပိုးကူးသွားမသွား သိဖို့အတွက် သွေးစစ်ဆေးဖို့ လိုပါမယ်။

    အသားရောင်အသားဝါ B ပိုး

    HIV ပိုးထက် ကူးစက်ခံရနိုင်ချေ ပိုများပြီး ကာကွယ်ဆေးမထိုးဖူးသူ၊ ပြီးမြောက်အောင် မထိုးရသေးသူအားလုံးကို ကာကွယ်ဆေးထိုးပေးဖို့ လိုပါတယ်။ ဖြစ်ပြီး ၁၄ရက်အတွင်းမှာ ထိုးပေးနိုင်ရင် ပိုကောင်းပါတယ်။ စုစုပေါင်း ၃လုံးထိုးရမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်များ၊ ကလေးများအတွက်လည်း စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

    ကာလသားရောဂါများ

    အဖြစ်များတဲ့ရောဂါတွေအတွက် သင့်တော်တဲ့ပိုးသတ်ဆေးများ ပေးပြီး ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီး ၇၂နာရီအတွင်း သောက်နိုင်ရင် အကောင်းဆုံးပါပဲ။ ပိုးသတ်ဆေးပေးရမှာ ဖြစ်တဲ့အတွက် ဆေးမပေးခင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုပါတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်း ဆေးခန်းပြန်လာပြဖို့ လိုပါမယ်။

    ခုလောက်ဆိုရင် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်တားနိုင်ဖို့နဲ့ ရောဂါကာကွယ်နိုင်ဖို့အတွက် ဖြစ်ပြီးရက်အနည်းငယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ဖို့ဟာ ဘယ်လောက်အရေးကြီးမှန်း သိလောက်ပါပြီ။ လက်တွေ့မှာတော့ ပြုကျင့်ခံရသူအများစုဟာ အရှက်တရားနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတို့ကို ကြောက်ရွံတာတွေကြောင့် လအတော်ကြာမှ၊ ကိုယ်ဝန်ပေါ်လာမှ ထုတ်ပြောတတ်ကြပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မီရရှိနိုင်အောင် မိန်းကလေးများကိုယ်တိုင်က အသိပညာရှိနေဖို့လိုသလို မိဘအုပ်ထိန်းသူများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သမီးကိုအပြစ်တင်တာ၊ ဆူပူတာ၊ ရှက်စရာမဟုတ်ဘဲ ရှက်နေတာမျိုးတွေ လုပ်နေရင် ကာယကံရှင်က ဖွင့်ပြောလာမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း အရေးကြီးပါတယ်။ ဒီလိုမျိုးကြုံတွေ့လိုက်ရသူကို ပတ်ဝန်းကျင်က ကဲ့ရဲ့တာ၊ အပြစ်တင်တာ၊ အထင်သေးတာ၊ ယောကျာ်းများက ယိသဲ့သဲ့ပြောတာ၊ စော်ကားတာ၊ နှိမ့်ချတာလုပ်နေရင်လည်း မိန်းကလေးတွေအနေနဲ့ ထုတ်ဖော်ပြောဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အသိပညာတွေ ပေးထားဖို့လိုသလို၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ဖေးမရပ်တည်ပေးဖို့ သိပ်အရေးကြီးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement