backup og meta

ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား

    ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား …… သေချာသိရှိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား

    သန္ဓေတား နည်းလမ်းတွေထဲမှာ သောက်ဆေး ထိုးဆေးသားအိမ်ထဲ ပစ္စည်းထည့်တာ၊ လက်မောင်းအောက် ပစ္စည်းထည့်တာ စသဖြင့် အမျိုးစုံရှိပေမယ့် ကိုယ့်ဟာကိုယ် လုပ်နိုင်တာဆိုရင် သောက်ဆေး သောက်တာတစ်မျိုးပဲ ရှိပါတယ်။ ကျန်တာတွေက ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေး ဝန်ထမ်းရဲ့ အကူအညီရဲ့ လုပ်ရတာတွေပါပဲ။ ခုဆိုရင်တော့ နောက်ထပ် ကိုယ့်ဟာကိုယ် လုပ်လို့ရပြီး အလွယ်တကူသန္ဓေတားနိုင်တဲ့ နည်းလမ်းတစ်ခုပေါ်လာပါပြီ။ ဒါကို DMPA-SC လို့ ခေါ်ပါတယ်။

    DMPA-SC ဆိုတာ

    DMPA-SCဆိုတာ depot medroxyprogesterone acetate – subcutaneous injectionပါ။ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ တားဆေးပါ။ အများသိထားကြတဲ့ သုံးလခံထိုးဆေး depoနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဆေးပမာဏရယ်၊ ထိုးရတဲ့ နည်းလမ်းရယ်ပဲ ကွာတာပါ။

    DMPA-SC ဆိုတာ မြင်အောင် ပြောရရင် ဆေးအရည်အိတ် သေးသေးလေး ဖြစ်ပြီး ထိပ်မှာ အပ်ပါပြီးသားပါ။ ဆေးပမာဏက ၀.၆၅ မီလီလီတာမှာ ၁၀၄ မီလီဂရမ် ပါပါတယ်။ အဆီပြင်ထဲကို ထိုးရတဲ့ ဆေးပါ။ တစ်ခါသုံးဆေး အမျိုးအစားပါ။ ကိုယ့်ဟာကိုယ် ထိုးနိုင်ပါတယ်။

    Depoကတော့ အသားဆေးဖြစ်ပြီး ၅ မီလီလီတာကို ဆေး ၁၅၀ မီလီဂရမ်ပါပါတယ်။

    နှစ်ခုလုံးက ၃လခံဆေး အမျိုးအစားပါ။ ၁၃ ပတ် (အတိုးအလျော့ ၁ပတ်)လောက်ထိ ကာကွယ်ပေးနိုင်ပါတယ်။ ၁၃ပတ်ပြည့်တိုင်း ပြန်ထိုးပေးရပါတယ်။

    ဘယ်လိုထိုးမလဲ။

    ဆေးက ပုံမှာပြထားတဲ့အတိုင်း ဒုံးကျည်လိုမျိုး အရည်အိတ်လေးပါ။ ထိုးနိုင်တဲ့နေရာကတော့ ဗိုက်၊ ပေါင်၊ လက်မောင်းဘေး (ကာကွယ်ဆေးထိုးတဲ့နေရာ)ပဲ ဖြစ်ပါတယ်။ လက်မောင်းဆိုရင်တော့ တစ်ယောက်ယောက်က ကူပြီး ထိုးပေးရမှာပါ။ ဗိုက်တို့၊ ပေါင်တို့ဆိုရင်တော့ ကိုယ့်ကိုယ်ကို ထိုးနိုင်ပါတယ်။ ဆေးထိုးမယ်ဆိုရင်

    -အရင်ဆုံး ဆေးကို စက္ကန့် ၃၀လောက် အားပြင်းပြင်း လှုပ်ခါပါ။

    -ဆေးထိုးအပ်ရှိတဲ့ဘက်ကို အပေါ်ထောင်ထားပါ။ ဆေးထိုးအပ်ရှိတဲ့ အဖုံးလေးကို ကိုင်ပြီး အောက်ကို ဖိချပါ။

    -ပြီးရင် ဆေးထိုးအပ်အဖုံးကို ချွတ်လိုက်ပါ။

    -ထိုးမယ့်အရေပြားကို နည်းနည်း ဆွဲညှစ်ပြီး အပ်ကို ထောင်လိုက် တည့်တည့်ထိုးချပါ။

    -ဆေးကို ဖြည်းဖြည်းချင်း ညှစ်ထည့်ပါ။ (၅စက္ကန့်ကနေ ၇စက္ကန့်လောက်ထိ ကြာပါစေ။)

    -ချေစရာ မလိုပါ။

    -အပ်ကို စနစ်တကျ စွန့်ပစ်ပါ။

    သတိထားရမယ့်အချက်

    -မထိုးခင်မှာ ဆေးကို သေချာစစ်ပါ။ ဆေးက အဖြုရောင် ဖြစ်နေရပါမယ်။ အရောင်ပြောင်းနေရင်၊ ရက်လွန်နေရင်၊ ဆေးတွေ အပြင်ကို စိမ့်ထွက်နေရင် မသုံးပါနဲ့။

    -အခန်းတွင်း အပူချိန်မှာ သိမ်းထားတဲ့ ဆေးမျိုးပဲ ဖြစ်ရပါမယ်။ နေရောင်တိုက်ရိုက်ကျတဲ့ နေရာမျာ သိမ်းထားရင်၊ ပူလွန်းတဲ့ နေရာမှာ သိမ်းထားရင် မသုံးပါနဲ့။

    ဘယ်အချိန်မှာ ထိုးမလဲ။

    ခုမှ စထိုးမယ်ဆိုရင် ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း ထိုးနိုင်ပါတယ်။ အပိုဆောင်း သန္ဓေတားနည်း မလိုပါ။ ၁၃ပတ်တစ်ခါ ပြန်ထိုးရပါမယ်။ ကိုယ့်ဟာကိုယ်ထိုးမှာ ဖြစ်တဲ့အတွက် သေသေချာချာ ရက်တွက်ဖို့ လိုပါတယ်။ ထိုးရမယ့်ရက်ထက် တစ်ပတ်နောက်ကျခဲ့ရင် ကိုယ်ဝန်စစ်ပြီး မရှိမှ ထိုးပါ။

    DMPA-SC ရဲ့ အဓိက အားသာချက်

    DMPA-SCက တကယ်တော့ depoနဲ့ အတူတူပါပဲ။ သူ့ရဲ့ အဓိကအားသာချက်ကတော့ ကိုယ်ကိုယ်တိုင် ထိုးနိုင်တာပါပဲ။ ဒီဆေးကို ထုတ်ရတဲ့ အဓိက အကြောင်းရင်းကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းနဲ့ အဆက်အသွယ်မရှိတဲ့ အရပ်တွေမှာ ကိုယ်ကိုယ်တိုင် သားဆက်ခြားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

    တစ်ခါထိုးရင် ၃လခံတဲ့အတွက် ရေရှည်သားဆက်ခြားနည်းတွေထဲမှာဆိုရင် ကိုယ်ကိုယ်တိုင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ပြင် စျေးလည်း သက်သာပါတယ်။ မြန်မာနိုင်ငံမှာ Sayana pressဆိုတဲ့ နာမည်နဲ့ ဝယ်ယူနိုင်ပြီး ထောင်ဂဏန်းလောက်ပဲ ကျသင့်ပါတယ်။

    အခန်းအပူချိန်မှာပဲ သိမ်းနိုင်တဲ့အတွက် အိမ်မှာ အလွယ်တကူသိမ်းနိုင်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း ယူသွားနိုင်ပြီး ရောက်တဲ့နေရာမှ ထိုးနိုင်ပါတယ်။

    ကျန်တဲ့ အလုပ်လုပ်ပုံတွေ၊ ဘေးထွက်တိုးကျိုးတွေကတော့ depoနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

    DMPA-SCကို စစချင်း သုံးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ သားဆက်ခြားနည်းလမ်းတွေ အများကြီး ရှိတဲ့ထဲကမှ ဘယ်ဟာကို ရွေးသင့်လဲဆိုတာ အကြံဉာဏ်တောင်းခံရမှာ ဖြစ်ပါတယ်။ DMPA-SCထိုးလို့ အဆင်ပြေတယ်ဆိုရင် ပထမတစ်ခေါက်ကိုတော့ ဆရာဝန်ဆီမှာ စနစ်တကျ ထိုးနည်းကို သင်ယူလိုက်ပါ။ ဒါမှ နောက်လတွေမှာ အဆင်ပြေပြေထိုးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement