ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ရောင်ရမ်းတာပါ။ ဗိုင်းရပ်စ်ထဲမှာတော့ ခုဖြစ်နေတဲ့ ကိုဗစ်၊ ရာသီတုပ်ကွေးစတာတွေပါပါတယ်။ ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘက်တီးရီးယားပိုးဝင်ပြီး ရောင်ရမ်းတာမျိုးလည်း ရှိပါတယ်။ အစာသီးရာကနေ အဆုတ်ထဲ အစာဝင်သွားပြီး ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့သူတွေကတော့
- ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ
- ဆေးလိပ်သောက်တဲ့သူတွေ
- အဆုတ်ရောဂါအခံရှိတဲ့သူတွေ
- ကိုယ်ခံအားမကောင်းတဲ့သူ ( ဥပမာ ဆီးချို၊ HIV )
အဆုတ်ရောင်တာက တစ်ရက် နှစ်ရက်အတွင်း ဖြစ်နိုင်သလို ရက်တော်တော်ကြာမှ ဖြစ်လာတာမျိုးလည်း ရှိပါတယ်။ လက္ခဏာတွေကတော့
- ချောင်းဆိုးမယ်။ ချွဲပါတာလည်း ဖြစ်နိုင်သလို ချောင်းခြောက်လည်း ဖြစ်နိုင်ပါတယ်။ ချွဲက အရောင်ပါပါတယ်။
- အသက်ရှူမဝဖြစ်မယ်။
- အဖျားကြီးမယ်။
- ရင်တုန်မယ်။
- ချွေးစေးတွေထွက်ပြီး ချမ်းတုန်မယ်။
- အစားအသောက်ပျက်ပြီး အားမရှိသလို ဖြစ်မယ်။
- ရင်ဘတ်တွေအောင့်မယ်။ အထူးသဖြင့် ချောင်းဆိုးတဲ့အခါ၊ အသက်ပြင်းပြင်း ရှူတဲ့အခါမှာပါ။
ပန်းနာရင်ကြပ်ရောဂါ
မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံးရောဂါထဲမှာ နံပါတ် ၇ပါ။ ပန်းနာရင်ကြပ်က ကလေးတွေမှာ အတွေ့ရများပေမယ့် လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကြပ်က အမြစ်မပြတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ကြပ်စေတာတွေကို ရှောင်လိုက်ရင် လူကောင်းအတိုင်းပါပဲ။
ပန်းနာရင်ကြပ်က မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ပန်းနာရင်ကြပ်ရှိတဲ့သူတွေမှာ ဓာတ်မတည့်တာလေးတွေ သီးသန့်ရှိတတ်ပါတယ်။ တချို့က အေးရင်ကြပ်တယ်။ တချို့က ပန်းဝတ်မှုန်နဲ့တွေ့ရင် ကြပ်တယ် စသဖြင့်ပေါ့။ မတည့်တစ်ခုခု ကိုယ်ထဲကို ဝင်လာတဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်တာကြောင့် လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာပါတယ်။ အချွဲတွေလည်း ထွက်လာပါတယ်။
ဒါကြောင့် ပန်းနာရင်ကြပ်ထဖောက်ပြီဆိုရင်
- အသက်ရှူလိုက်ရင် တရွှီရွှီမြည်မယ်။
- ချောင်းတွေဆိုးမယ်။
- ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေမယ်။
- မောပြီး အသက်ရှူမဝဖြစ်မယ်။
- သိပ်ဆိုးရင် နှုတ်ခမ်းတွေပြာလာပြီး စကားတောင် ပြောနိုင်မှာ မဟုတ်ပါဘူး။
ဒီချိန်မှာ ဆရာဝန်ညွှန်ထားတဲ့ ဆေးကို ထုတ်ရှူမှပဲ သက်သာမှာပါ။ ဆေးတွေကို အရန်သင့်ဆောင်ထားဖို့ လိုအပ်တဲ့အပြင် ကိုယ်နဲ့ မတည့်တာတွေကိုလည်း သတိထားရှောင်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။