12 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
12 ပတ် မြောက်မှာတော့ ကလေးလေးက သံပရာသီးအရွယ်လောက်ရှိပြီး ၅ စင်တီမီတာလောက်ရှိလာပါပြီ။ ဒီအပတ်မှာတော့ အင်္ဂါတိုင်းလိုလို ဖွံ့ဖြိုးပြီဆိုပေမယ့် အပြည့်အဝဖွံ့ဖြိုးပြီးချိန်ရောက်ဖို့တော့ အဝေးကြီးလိုပါသေးတယ်။
ဒီဖွံ့ဖြိုးပြီးသားအင်္ဂါတွေထဲမှာဆို အစာခြေအင်္ဂါ ပါပါတယ်။ ကလေးလေးက အစာခြေစနစ်အတွက် လှုပ်ရှားမှုတွေကို လေ့ကျင့်နေပါပြီ။ ဖမ်းဆုပ်တာ၊ စုပ်ယူတာအပြင် ကြို့ထိုးတာတွေပါ လေ့ကျင့်နေပါပြီ။ ခုချိန်မှာတော့ မေမေတို့ မသိနိုင်သေးပေမယ့် နောက်အပတ် နည်းနည်းလောက်ကြာလာရင် လုံးဝသိသာလာမှာပါ။
ကလေးလေးရဲ့အရိုးထဲက ရိုးတွင်းခြင်ဆီကနေ သွေးဖြူဥ (ရောဂါတိုက်ထုတ်ဖို့)တွေ ထုတ်နေပါပြီ။ ကိုယ်ခံအားကောင်းလာအောင် တည်ဆောက်နေခြင်းနဲ့အတူ ပစ်ကျူထရီဂလန်း (Pituitary gland) ကနေလည်း သန္ဓေသားကနေ ကလေးလေးအဖြစ်မွေးလာဖို့အရေးပါတဲ့ ဟော်မုန်းတွေကို စထုတ်နေပါပြီ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
မေမေတို့ သွေးလည်ပတ်မှုအားကောင်းလို့ အသွေးအသားတွေ လှလာပေမယ် ခေါင်းမူးတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတုန်းက သွေးကြောတွေကို ဖြေလျှော့ပြီး ကျယ်လာအောင်လုပ်ပေးနိုင်ပါတယ်၊၊
သွေးလည်ပတ်မှုပိုကောင်းလာတာက ကလေးဆီကိုအာဟာရ ပိုရောက်စေပါတယ်။ ဒါပေမယ့် မိခင်သွေးဖိအားနည်းစေပြီး ဦးနှောက်ကို သွေးရောက်တာနည်းလာတဲ့အတွက် ခေါင်းကိုက်တာပါ။ ရုတ်တရက်ထရပ်လိုက်တာ၊ လှုပ်ရှားလိုက်တာမျိုးက ပိုမူးဝေစေပါတယ်။ ဒါကြောင့် ဆရာဝန်က ဖြည်းဖြည်းလှုပ်ရှားဖို့မှာပါလိမ့်မယ်။
သွေးထဲက သကြားဓာတ်နည်းတာကလည်း ခေါင်းမူးစေပါတယ်။ အစား ပုံမှန်မစားဘူးဆိုရင်လည်း ဖြစ်တတ်ပါတယ်။ အလုပ်စားပွဲမှာဖြစ်ဖြစ် ပိုက်ဆံအိတ်ထဲမှာဖြစ်ဖြစ် အာဟာရဖြစ်စေတဲ့ မုန့်တွေထည့်ထားပါ။ ဘယ်အချိန်ဖြစ်မယ်မှန်း မသိနိုင်ဘူးဆိုတော့လေ။ မူးလာရင်လှဲချလိုက်တာ၊ ဒူးကြားကို ခေါင်းထည့်ပြီး အသက်ပြင်းပြင်းရှူတာမျိုး လုပ်ပေးပါ။ ရေလေးသောက်လိုက်တာ၊ အသီးဖျော်ရည်သောက်လိုက်တာလည်း အဆင်ပြေပါတယ်။
သိသင့်သိထိုက်တာလေးတွေ
ဒီအချိန်မှာ မေမေ ကိုယ်အလေးချိန်မတက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒုတိယသုံးလကို ဝင်လာပြီဆို အလေးချိန်ပြန်တက်လာမှာပါ။ ဘာလို့ဆို ဖွံ့ဖြိုးနေတဲ့ကလေးကို အထောက်အပံ့ပိုပေးဖို့ ပိုလိုအပ်လာလို့ပါ။
ကိုယ်ဝန်ဆောင်စဆို အလေးချိန်တက်တာ အရမ်းမြန်ပါတယ်။ နောက်ပိုင်းမှ နည်းနည်းတန့်သွားတာပါ၊၊ ၂ ယောက်စာစားနေရလို့ ဆိုပြီးပြောတတ်ကြပေမယ့် သန္ဓေသားအတွက်အာဟာရ အဲဒီလောက်ထိမလိုပါဘူး။ ကယ်လိုရီ၊ အဆီ၊ သကြားအရမ်းများတဲ့ အစာတွေစားချင်လာပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအစာတိုင်းက မိခင်အတွက် စားလို့ကောင်းနေတတ်လို့ သတိထားသင့်ပါတယ်၊၊
အလေးချိန်သိပ်မတက်အောင် အစားအသောက်အတွက် အစီစဉ်ချထားလို့ရပါတယ်။ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်တွေဆီက ကယ်လိုရီနည်းပြီး အာဟာရကောင်းကောင်းပေးနိုင်မယ့် အစားအစာအတွက် အကြံဉာဏ်တောင်းနိုင်ပါတယ်။ များသောအားဖြင့် အသီးအရွက်၊ အခွံမာစေ့နဲ့ ပဲတွေလိုမျိုး ကျန်းမာစေတဲ့အစာတွေကို စားရမှာပါ။
ဆရာဝန်ဆီသွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး စိတ်ပူနေတုန်းပဲဆို ဆရာဝန်နဲ့ တိုင်ပင်လို့ရပါတယ်။ စိုးရိမ်စရာတွေရှိနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အလေးချိန်ထိန်းဖို့ ဆရာဝန်က နည်းလမ်းတွေပြောပေးမှာပါ။
ကိုယ်အလေးချိန်သတ်မှတ်ချက်အောက် ရောက်နေရင်လည်း ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ကလေး ပုံမှန်အာဟာရရပြီး ကြီးထွားလာဖို့အလေးချိန်က ပုံမှန်လေးတက်လာဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်သလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ၊၊
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်
ပြီးခဲ့တဲ့အပတ်က သွေးစစ်တာ၊ ခရိုမိုဇုမ်းအခြေအနေစစ်ဆေးဖို့ အာထရာဆောင်းရိုက်တာတွေ လုပ်ပြီးလောက်ရောပေါ့နော်။ ခရိုမိုဇုမ်းကြောင့်ဆို အဖြစ်အများဆုံးက မျက်နှာပြား၊ မျက်လုံးမှေး၊ ဉာဏ်ရည်မပြည့်တဲ့ မွေးရာပါရောဂါ ဒေါင်းဆင်ဒရုန်းပါ။ အာထရာဆောင်းက သန္ဓေသားလည်ပင်းအထူကို သိအောင်စစ်တာပါ။ ဒီအပတ်မှာစစ်ထားတဲ့ အဖြေရလောက်ပါပြီ။
ဒီစစ်ဆေးမှုက ဖြစ်နိုင်ချေကိုပဲ တွက်ပြတယ်ဆိုတာ စိတ်ထဲသွင်းထားပါ။ ဆေးစစ်ချက်ရလဒ်က ဖြစ်နိုင်ခြေများတယ်လို့ပြောရင် အတည်ပြုစစ်ဆေးတာကို သေချာအောင်လုပ်ကြည့်ဖို့မမေ့ပါနဲ့။ ဒီစမ်းသပ်မှု လုပ်မလုပ်ကို ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်လို့ရပါတယ်။ စစ်ဆေးမှုကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရာခိုင်နှုန်းအနည်းငယ်ရှိနေလို့ပါ။ ဒီစမ်းသပ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့ သေချာဆွေးနွေး သင့်ပါတယ်။
ကျန်းမာဘေးကင်းအောင် နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
ကလေးရောမေမေပါ ကျန်းမာဖို့ကအရမ်းအရေးပါပါတယ်၊၊ သိသင့်သိထိုက်တာလေးတွေကတော့-
- ဗိုက်ကားလာခြင်း
ဒုတိယ ၃ လ ကို စဝင်လာပြီဆို ဗိုက်က ပိုသိသာလာပါပြီ။ဒါက ကလေး ကြီးပြင်းလာတာကို ပြတာပါ၊၊ ခါးအောက်ပိုင်းတွေကလည်း ပိုနာလာလာမှာပါ။ ဗိုက်ကကြီးလာတဲ့အခါကျတော့ ခန္ဓာကိုယ်ကိုဆွဲထားတဲ့ ကမ္ဘာ့ဆွဲအား ဗဟိုချက်နေရာပြောင်းသွားပါလိမ့်မယ်။ ခါးနာတာကို ကြိုတင်ကာကွယ်ဖို့ ခန္ဓာကိုယ်အနေအထားကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင် ယောဂအတန်းတွေသွားတာ ဒါမှမဟုတ် မနက်နိုးချိန်နဲ့ ညအိပ်ခါနီး အကြောဆန့်လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်တာ ပြောင်းလဲသွားတဲ့ ဗဟိုချက်ကို ခန္ဓာကိုယ်က လိုက်လျောညီထွေရှိလာအောင် ကူညီပေးပါတယ်။ ရုတ်တရက်လှုပ်ရှားကိုက်တာမျိုး၊ အလုပ်အရမ်းလုပ်တာမျိုးတွေ ရှောင်ရပါမယ်။
ဗိုက်ကြီးလာတာက သားအိမ်ပါကြီးလာတာကို ပြနေပါတယ်။ တင်ပါးအောက်ကနေပြီး ခြေသလုံး၊ ခြေချင်းဝတ်၊ ခြေထောက်အထိကို အနောက်ဘက်ကနေ ဖြတ်သွားတဲ့ ခန္ဓာကိုယ်ရဲ့အကြီးဆုံး အာရုံကြောမကြီးကို ဖိအားသွားပေးနေသလို ဖြစ်စေပါတယ်။ တင်ပါးကို တစ်ဆစ်ဆစ်ကိုက်စေပါတယ်။ ဖြစ်ပြီး မကြာမီ ပျောက်သွားရင်တော့ ဒါပုံမှန်ပါ။
လူတိုင်းမှာဖြစ်တာတော့ မဟုတ်ပေမယ့် မွေးခါနည်း၃လမှာ ပိုအဖြစ်များပါတယ်။ တချိူ့ကျ အခုကတည်းက စဖြစ်နေပါပြီ။ သက်သာလာအောင် နားတာကစပြီးလုပ်တာပေါ့နော်။ နောက်လုပ်ရမှာကတော့ အလေးချိန် အရမ်းမတက်အောင်ထိန်းပါ။ တင်ပါးဆုံလေ့ကျင့်ခန်း၊ ကီဂယ်လေ့ကျင့်ခန်းနဲ့ ရေကူးတာတွေ လုပ်တာက အာရုံကြောမကြီးအပေါ် ဖိအားပေးတာကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အရေးကြီးဆုံးထဲက တစ်ခုက ကလေးကို လုံလောက်တဲ့ အာဟာရပေးနိုင်ဖို့ပါပဲ။ လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်တွေက ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီဝမ်းနဲ့ သံဓာတ်တွေဖြစ်ပြီး ဒါတွေအားလုံးက သွေးနီဥထုတ်လုပ်မှုမှာ လိုအပ်တာတွေချည်းပါပဲ။
သတ်သက်လွတ်သမားဆိုရင်တော့ ဒီဗီတာမင်တွေကို ဖြည့်သောက်ပေးဖို့မမေ့ကြပါနဲ့။ ဒီဗီတာမင်တွေထဲက တစ်ခုခုနည်းသွားတာနဲ့ သွေးအားနည်းလာပါလိမ့်မယ်။ သွေးအားနည်းတဲ့ လက္ခဏာတွေမှာ မောပန်းလွယ်တာ၊ အားနည်းတာ၊ အသားတွေဖြူဖျော့လာတာတွေ ပါပါတယ်။ ကိုယ့်မှာ ဒီလိုဟာတွေထဲက တစ်ခုခုဖြစ်နေပြီဆို ဆရာဝန်နဲ့တိုင်ပင်ကြပါနော်။
နောက်တစ်ပတ်မှာ ဆက်တွေကြမယ်နော်။
[embed-health-tool-due-date]