backup og meta

ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

    ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။ အဲဒါကတော့ခါးနာခြင်းပါပဲ။ ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ လရင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာခြင်း၊ ပြောင်းလဲလာတဲ့ ဟော်မုန်းများကြောင့် တင်ပဆုံအရိုးအရွတ်တွေ အားပျော့လာခြင်းစတာတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတဲ့ အချက် ၆ချက်ကို ရေးသားဖော်ပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ ခု ကို ပြောပြပေးမယ်နော်။

    ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

    ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း တွေကတော့ –

    (၁) ကိုယ်ဟန်အနေအထားမှန်မှန်နေထိုင်ခြင်း

    ကိုယ်ဝန်လရင့်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့အလေးချိန်ဟာ ရှေ့မှာပုံလာပါတယ်။ Centre of Gravityက ခန္ဓာကိုယ်ရှေ့ကိုရွေ့လာတာပါ။  ရှေ့ကိုယိုင်သွားတာကို ထိန်းဖို့ ခန္ဓာကိုယ်က နောက်ကိုလန်လာတတ်ပါတယ်။ အဲ့ဒီလိုနောက်ကိုလန်နေခြင်းဟာ ခါးအောက်ပိုင်းကကြွက်သားတွေကို ဆွဲညှစ်သလိုဖြစ်ပြီး ခါးနာခြင်းကို ပိုခံရစေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့အတွက်

    -ဖြောင့်ဖြောင့်မတ်မတ်ရပ်ပါ။

    -ရင်ဖွင့်ပြီးနေပါ။

    ​-ပခုံးကိုလည်း အသာလျှော့ပြီးနေပါ။ ရှေ့ကိုကိုင်းတာမျိုး၊ နောက်ကိုလန်တာမျိုးမဖြစ်အောင်ဂရုစိုက်ပါ။

    -ဒူးချိတ်ထိုင်တာကိုရှောင်ပါ။

    မတ်တတ်အကြာကြီးရပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ထိုင်နေရတဲ့အခါမှာလည်း ကျောကို ပုံစံတကျနဲ့ သက်တောင့်သက်သာဖြစ်စေသော ကုလားထိုင်ကို ရွေးချယ်သင့်ပါတယ်။ ခါးနောက်မှာ ခေါင်းအုံးအသေးလေးတစ်ခုကို support အဖြစ် ခုပြီးထိုင်သင့်ပါတယ်။

    (၂) ဖိနပ်ရွေးပါ

    ဖိနပ်စီးတဲ့အခါ High Heel ဒေါက်ချွန်အမြင့်တွေကို ရှောင်ပါ။ ရှေ့ကိုငိုက်ပြီး ချော်လဲတတ်ပါတယ်။ အလွန်ပါးလှပ်သောဖိနပ်မျိုးထက်စာရင် ခြေဖဝါးရဲ့ arch အကွေးအတိုင်းသွားတဲ့ အထူအနေတော်ရှိတဲ့ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ခုခေတ်မှာ ဗိုက်ထိန်းဗိုက်စီးတွေလည်း ပေါ်နေပါတယ်။ ကြီးထွားလာတဲ့ ဗိုက်ကို ပင့်ထိန်းပေးတဲ့ ဗိုက်စီးများဟာ မိခင်လောင်းတွေအတွက် သက်သာစေတယ်လို့ အသုံးပြုသူမိခင်လောင်းအတော်များများကဆိုကြပါတယ်။

    (၃)ပစ္စည်းမခြင်း

    ပစ္စည်းတချို့ကို ကောက်ယူတဲ့အခါ ထိုင်ချပြီး (မုဆိုးထိုင်ထိုင်ခြင်း)ပြုပြီးမှ ခြေထောက်ပေါ်မှေးတင်ပြီး မ ယူပါ။ ခါးကိုကွေးပြီး မယူခြင်း လုံးဝမလုပ်သင့်ပါ။ ပစ္စည်းမတဲ့နည်းရှိတယ်ဆိုပေမဲ့လည်း ကိုယ့်ရဲ့ limit နဲ့ လုပ်နိုင်စွမ်းအားကို သိသင့်ပါတယ်။ မနိုင်နိုင်တဲ့ဝန်ကို လုံးဝမထမ်းပါနဲ့။

    (၄) ဘေးစောင်းအိပ်ခြင်း

    ပက်လက်အိပ်ခြင်းကို ကိုယ်ဝန်လေးလ သို့မဟုတ် ငါးလ ကျော်တာနဲ့ မပြုလုပ်ပါနဲ့တော့။ ဘေးစောင်းအိပ်ပါ။ ဒူးတစ်ချောင်း သို့မဟုတ် နှစ်ချောင်းလုံးကွေးပြီးအိပ်ပါ။ ကိုယ်ဝန်ဆောင်များအတွက် သီးသန့်ထုတ်တဲ့ မွေ့ရာ၊ ဖက်ခေါင်းအုံး စသည်တို့ကို အသုံးပြုပြီး သက်တောင့်သက်သာအိပ်စက်ပေးပါ။ ခါးနောက်နဲ့ ဗိုက်အောက်မှာ ပျော့ပျောင်းတဲ့ အထောက်အကူခေါင်းအုံးလေးတွေ ခံထားနိုင်ပါတယ်။

    (၅) ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ်ကပ်ခြင်း

    ခါးနာတဲ့အခါ ရေနွေးအိတ်လေးကပ်ပေးတာ၊ ရေခဲအိတ်လေးကပ်ပေးတာတွေကလည်း စစ်တမ်းတိတိကျကျနဲ့ ဘယ်လောက်အကျိုးရှိသလဲဆိုတာကို ပြောလို့မရပေမယ့် မိခင်လောင်းတွေအတွက် နေသာထိုင်သာရှိစေပါတယ်။

    (၆) လေ့ကျင့်ခန်းပြုလုပ်ခြင်း

    သားဖွားမီးယပ်ဆရာဝန်ရဲ့ ခွင့်ပြုမှုနဲ့အတူ ကိုယ်ဝန်ဆောင်စဉ်မှာ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ခါးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာလည်း ခါးနာခြင်းကိုသက်သာစေပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ရမလဲ

    ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ အဖြစ်များတယ် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမဲ့ နှစ်ပတ်ထက်ပိုပြီး ဆက်နာနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ မိမိသဘောနဲ့မိမိ သောက်ဆေး၊ လိမ်းဆေးများ မသုံးပါနဲ့။  နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ လမစေ့ဘဲ ကလေးမွေးခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ခါးနာခြင်းနဲ့အတူ ရေဆင်းသွေးဆင်းခြင်း၊ ဖျားခြင်း၊ ဆီးသွားလျှင် ဆီးပူ ဆီးကျင် ဆီးအောင့်ခြင်းများပါ တွဲရက်ခံစားရရင်တော့ မပေါ့ဆသင့်ပါဘူး။ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

    အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

    ရေးသားသူ – မောင်(ဆေး-၁)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement